စိုက်ပျိုးထုတ်လုပ်သည့်သီးနှံများ အထွက်နှုန်းတိုးတက်ရေး ၊ သီးနှံအရည် အသွေး မြင့်မားရေး သာမက “အစားအစာဘေးကင်းလုံခြုံစေရေးနှင့် အာဟာရပြည့်ဝဖူလုံစွာ စားသုံးနိုင်ရေး၊ ဈေးကွက်ဝင်ဈေးကောင်းရရှိစေရေး တို့အတွက် စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်လျောက်တွင် လိုက်နာရမည့် GAP နည်းစနစ်များ ကျင့်သုံးဆောင်ရွက် နိုင်ရေး” ၊ “သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး ပြည်တွင်း ပြည်ပ ဈေးကွက်များ၏ တောင်းဆိုမှု ၊ စိုက်ပျိုးထုတ်လုပ်သူ နှင့် စားသုံးသူများ၏ စိတ်ဝင်စားမှု ရှိလာသည့် အော်ဂဲနစ် စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးလာရေး” တို့အတွက် ဆောင်ရွက်ရမည့် ကျင့်စဉ်များ၊ လိုက်နာရမည့်စည်းကမ်းများရေးဆွဲအတည်ပြုပေးခြင်း၊ နည်းပညာ အကူအညီများပေးခြင်း၊ စိစစ် အတည်ပြုချက်များဖြင့် ထောက်ခံချက်လက်မှတ်များ ထုတ်ပေးခြင်း စသည်တို့ကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ စိုက်ပျိုးရေးဦးစီးဌာန က ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

စိုက်ပျိုးသူတောင်သူများ၊ စားသုံးသူပြည်သူများအား အော်ဂဲနစ်သီးနှံများ စိုက်ပျိုး ထုတ်လုပ် ရောင်းဝယ်ဖောက်ကားရာတွင် လိုက်နာဆောင်ရွက်ရမည့် မြန်မာ့အော်ဂဲနစ် စံချိန် စံညွှန်းများကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်နှင့် အော်ဂဲနစ်သီးနှံဈေးကွက်တစ်ခု ပေါ်ထွန်းလာစေရန် တို့ကို ရည်ရွယ်၍ “အော်ဂဲနစ်သီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာပေးသင်တန်း” ကို ဧပြီလ (၄)ရက်နေ့ နံနက်ပိုင်း က သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာရှိ အော်ဂဲနစ်သီးနှံစိုက်ပျိုးထုတ်လုပ်ရေးနည်းပညာဗဟိုဌာန(Vegetable and Fruit Development Centre – VFDC) ၌ ကျင်းပပြုလုပ်ရာ သင်တန်းတွင် ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့်အပင်ဇီဝနည်းပညာဌာနခွဲမှ ဦးစီးအရာရှိ ဒေါက်တာဝဏ္ဏထွန်း က အော်ဂဲနစ်သီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများကို ပို့ချပေးခဲ့ပြီး ၊ အထက်မြန်မာပြည် အော်ဂဲနစ်သိးနှံစိုက်ပျိုးထုတ်လုပ်ရေး နည်းပညာဗဟိုဌာန စီမံကိန်း တာဝန်ခံနှင့် ဝန်ထမ်းများ၊ မိတ္ထီလာ၊ သာစည် ၊ မလှိုင်မြို့နယ်များရှိ စိုက်ပျိုးရေးဦးစီးဌာန ရုံးများမှဝန်ထမ်းများ၊ အင်တိုင်းသာဥယျာဉ်ခြံ၊ ပန်းတော်ဆက်ခြံ၊ ပြင်ညောင်ဥယျာဉ်ခြံ၊ မိတ္ထီလာဥယျာဉ်ခြံ ရွှေတောင်ခြံတို့မှ ဝန်ထမ်းများ ၊ တောင်သူများ စုစုပေါင်း ၉၃ ဦးတို့ တက်ရောက်လေ့လာခဲ့ကြကြောင်း သိရှိရသည်။