စက်တင်ဘာလ(၂၃)နေ့တွင် ရခိုင်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတိုးဝေ ဦးဆောင်သော ခရိုင်(၅)ခရိုင်နှင့် မြို့နယ်(၁၇)မြို့နယ်မှ စိုက်ပျိုးရေး ဝန်ထမ်း(၁၂၀)ဦးတို့သည် စစ်တွေ ခရိုင်နှင့် မြောက်ဦးခရိုင်အတွင်း အောင်မြင်ဖြစ်ထွန်းနေသော ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြ ကျေးရွာများနှင့် မင်းပြားမြို့နယ်ရှိ ဧက(၈၀) မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်ခြံများ လေ့လာရေးခရီး သွားရောက်ခဲ့ကြရာ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အောက်မြက်လှဲကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ(၃၁၈)ဧကတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများမှ လုပ်ငန်း ဆောင်ရွက်ထားရှိမှုအား အသေးစိတ် ရှင်းလင်းပြသကြသည်။

ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြ ကျေးရွာ(အောက်မြက်လှဲ)တွင် မျိုးသန့်စံပြရွာ မျိုးစေ့ထုတ်စိုက်ခင်း၊ မျိုးစေ့ထုတ်လုပ်သူများအသင်း ဖြင့် ဆောင်ရွက်နေသော (SGA)မျိုးစေ့ထုတ်စိုက်ခင်း၊ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ (GAP)စံပြစိုက်ခင်း၊ ဘက်စုံသီးနှံကာကွယ်ရေးစနစ်(Integrated Pest Management) စံပြစိုက်ခင်း၊ စိုက်စနစ်စမ်းသပ်ကွက်၊ သီးနှံပုံစံစမ်းသပ်ကွက်နှင့် ဘောင်ပျိုးစနစ်ဖြင့် စိုက်ပျိုးထားသော တောင်သူပညာပေးစံပြစိုက်ခင်းများ စိုက်ပျိုး အောင်မြင်လျက်ရှိသည်။

အလားတူ လေ့လာရေးအဖွဲ့သည် မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် မင်းပြားမျိုးသန့်ခြံသို့ ရောက်ရှိကြပြီး မျိုးသန့်ခြံ အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ထားသည့် အောင်မြင်ဖြစ်ထွန်းနေသော မျိုးစေ့ထုတ်စိုက်ခင်း များနှင့် မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များအား လေ့လာကြရာ စိုက်ကွင်းအသီးသီး တွင် တာဝန်ယူဆောင်ရွက်နေကြသည့် ဝန်ထမ်းများက လေ့လာရေးအဖွဲ့အား ၎င်းတို့ ဆောင်ရွက်နေသည့် လုပ်ငန်းအမျိုးအစားအလိုက် အသေးစိတ် ရှင်းလင်ပြသကြသည်။

ထိုမှတဆင့် လေ့လာရေးအဖွဲ့သည် မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဘက်စုံ အဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ(၆၅၄)ဧကသို့ရောက်ရှိကြပြီး မျိုးစေ့ထုတ်စိုက်ခင်းများ၊ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့် ကောင်းများ (GAP)စံပြစိုက်ခင်း၊ ဘက်စုံသီးနှံကာကွယ်ရေးစနစ်(IPM) စံပြစိုက်ခင်း၊ ထုံးထည့်သွင်း ခြင်းစမ်းသပ်ကွက်၊ (RTOP)စမ်းသပ်ကွက်၊ (Gypsum) စမ်းသပ်ကွက်၊ သစ်စိမ်မြေသြဇာ စမ်းသပ် ကွက်နှင့် ဘောင်ပျိုးစနစ်ဖြင့် စိုက်ပျိုးထားသော တောင်သူပညာပေးစံပြစိုက်ခင်းများအား လေ့လာကြသည်။

ပြည်နယ်ဦးစီးမှူး ဦးဆောင်သောလေ့လာရေးအဖွဲ့သည် စံပြကွက်၊ စမ်းသပ်ကွက်များတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအား လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား မေးမြန်းခဲ့ပြီး ၎င်းတို့၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်ချက်များအမြင်ချင်းဖလှယ်ဆွေးနွေးကြကြောင်းသိရှိရသည်။

သတင်းအရင်းအမြစ်- ရခိုင် ပြည်နယ်စိုက်ပျိုးရေး