ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် မျိုးစေ့ထုတ်စိုက်ခင်းများ၊ ဘက်စုံနည်းပညာသုံး စံပြကျေးရွာနှင့် စံပြကွက် စမ်းသပ်ကွက်များ ထူထောင်ဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ခုနှစ် မိုးစပါးရာသီတွင် မျိုးသန့်စံပြရွာ မျိုးစေ့ထုတ်စိုက်ခင်း(၃၀)ဧက၊ မျိုးစေ့ ထုတ်လုပ်သူများအသင်းဖြင့် ဆောင်ရွက်လျက်ရှိသော မျိုးစေ့ထုတ်စိုက်ခင်း(၁၅)ဧက၊ ဘက်စုံ အဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ(အောက်မြက်လှဲ)(၃၁၈)ဧက၊ စိုက်ပျိုးရေးဆိုင်ရာအလေ့ အကျင့်ကောင်းများ (GAP)စံပြစိုက်ခင်း(၅) ဧက၊ တိုက်ရိုက်မျိုးစေ့ချ (Seeder)စံပြစိုက်ခင်း (၆၀)ဧက၊ ပျိုးသက်နုကောက်ကွက်ကြဲ(SRI) စံပြစိုက်ခင်း(၅)ဧက၊ စိုက်စနစ်(၄)မျိုးစမ်းသပ်ကွက် (၂)ဧက၊ ဘောင်ပျိုးစနစ်စံပြစိုက်ခင်း(၂၀)ဧက၊ မိုးစပါး မျိုးသန့်အထူးဇုန်(၁၀၀)ဧကနှင့် စပါးအခြေခံ သီးနှံပုံစံ စံပြကွက် ဆောင်ရွက်ထားရှိကြောင်းသိရသည်။

ရခိုင်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတိုးဝေ သည် စစ်တွေခရိုင်ဦးစီးမှူး ဦးမျိုးမင်းထွန်း၊ ပြည်နယ်မျိုးစေ့တာဝန်ခံ ဒေါ်လှသိင်္ဂီ၊ ပြည်နယ် မြေအသုံးချတာဝန်ခံ ဒေါ်စန်းစန်းမြင့်တို့နှင့်အတူ သြဂုတ်လ ၁၄ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဆောင်ရွက်ထားရှိသော မျိုးစေ့ထုတ်စိုက်ကွင်းများ နှင့် စံပြစိုက်ကွင်းများ၊ မျိုးယှဉ်ပြိုင်စိုက်ကွင်းများ နှင့် စိုက်စနစ်ယှဉ်ပြိုင်စမ်းသပ်ကွက်များသို့ ရောက်ရှိကြပြီး ကွင်းအလိုက် တာဝန်ကျဝန်ထမ်းများနှင့် တွေ့ဆုံကာ မိမိတို့တာဝန်ယူထားကြသည့်လုပ်ငန်းတာဝန်များ အောင်မြင်မှု သိသာထင်ရှားစွာဖော်ဆောင်နိုင်ရေး အပြည့်အဝကြိုးပမ်း ဆောင်ရွက်ကြရန်၊ လုပ်ငန်းအမျိုးအစားအလိုက် လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်၏ အသေးစိတ် မှတ်တမ်းများ စနစ်တကျထားရှိရန်၊ လုပ်ငန်းမဆောင်ရွက်မီနှင့် ဆောင်ရွက်ပြီး တိုးတက်လာမှုအခြေအနေများအား တောင်သူများ အား သိသာထင်ရှားစွာ ရှင်းလင်းပြသရန်နှင့် စိုက်ကွင်းအတွင်း ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ အပေါ် လိုအပ်ချက်များကို အသေးစိတ် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။