အရည်အသွေးကောင်း သီးနှံများစိုက်ပျိုး ထုတ်လုပ်ခြင်းဖြင့် ဈေးကွက်ဝင် ဈေးကောင်းရပြီး တောင်သူများ၏ ဝင်ငွေတိုးတက်ရရှိစေရန် ၊ ဘေးအန္တရာယ်ကင်းရှင်းပြီး အဟာရ ပြည့်ဝသော သီးနှံများစားသုံးရခြင်းဖြင့် လူတိုင်း ကျန်းမာပျော်ရွှင်စွာ သက်တန်းစေ့ နေထိုင်နိုင်ရေးကို အထောက်အကူပြုရန် တို့ကိုရည်ရွယ်၍ ဂျီအေပီစိုက်ပျိုးရေး နည်းပညာပြန့်ပွားရေးစေရန် စံပြစိုက်ကွင်းများထူထောင်ပြသ နည်းပညာပေး ဆောင်ရွက်နေသကဲ့သို့ ဂျီအေပီစိုက်ခင်းထူထောင် လုပ်ကိုင်လိုသော တောင်သူများ၏ စိုက်ပျိုးစရိတ် နှင့် နည်းပညာအကူအညီ ပေးနိုင်ရေးကိုပါ စီမံ ဆောင်ရွက်လျက်ရှိရာ တောင်သူများ လက်တွေ့အသုံးချနိုင်မည့် စိုက်ပျိုးရေးဆိုင်ရာ ဗဟုသုတများ နည်းပညာ စာအုပ်စာတမ်း စာစောင်များ လက်လှမ်းတမီ အလွယ်တကူ ဖတ်ရှုလေ့လာ နိုင်ရေးကိုပါ ထည့်သွင်းစီမံဆောင်ရွက်လျက်ရှိသည်။

စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးကောင်းမွန် မှန်ကန်သည့် ဟင်းသီး ဟင်းရွက် သစ်သီးဝလံထွက်ကုန်များ စိုက်ပျိုးထုတ်လုပ်နိုင်ရန် ကမ္ဘာ့နိုင်ငံအသီးသီးမှ စိုက်ပျိုးရေး ဆိုင်ရာအလေ့အကျင့်ကောင်းများ Good Agricultural Practices (GAP)ကို နိုင်ငံအလိုက် ရေးဆွဲပြဌာန်းလာကြသကဲ့သို့ အာဆီယံနိုင်ငံများအဖွဲ့ကြီးမှ (အာဆီယံဂျီအေပီ)ကို နိုင်ငံအလိုက် အမျိုးသား အဆင့်ရေးဆွဲပြဌာန်းခဲ့ရာ မြန်မာနိုင်ငံသည်လည်း မြန်မာ့စိုက်ပျိုးရေးဆိုင်ရာ အလေ့ အကျင့်ကောင်းများ (မြန်မာဂျီအေပီကို) ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

GAP နည်းစနစ်သည် မဖြစ်မနေလုပ်ဆောင်ရန် ပြဌာန်းထားချက် မျိုးမဟုတ်သော်လည်း GAP နည်းစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သော ဟင်းသီး ဟင်းရွက် သစ်သီးဝလံ ထွက်ကုန်များမှာ စားသုံးသူအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး ယုံကြည်စိတ်ချစွာစားသုံးနိုင်သည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သကဲ့သို့ မကြာမီပြောင်းလဲကျင့်သုံးလာမည့် အာဆီယံနိုင်ငံများအကြား လွတ်လပ်သော ကုန်သွယ်ရေးစနစ်တွင် စားသုံးသီးနှံများ၌ GAP အသိအမှတ်ပြုထောက်ခံချက်များ ရရှိရန်လိုအပ် လာမည်ဖြစ်သည့်အတွက် တိုင်းရင်းသား တောင်သူများ အနေဖြင့် GAP စံချိန်စံညွှန်းမီ စိုက်ပျိုး ထုတ်လုပ်နိုင်မှသာ နိုင်ငံတကာ ဈေးကွက်တွင် ဝင်ရောက်ရောင်းချနိုင်ပြီး အကျိုးအမြတ်ပိုမို ခံစားကြရမည်ဖြစ်သည်။