အဆိပ်ကင်းစင်၊ ဘေးကင်းတဲ့ အစားအစာတွေထုတ်လုပ်ဖို့ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် စိုက်ပျိုးသင့်

အဆိပ်ကင်းစင်ပြီး ဘေးကင်းတဲ့ အစားအစာတွေ စိုက်ပျိုးထုတ်လုပ်ဖို့ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် စိုက်ပျိုးကြစေလိုကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ ပြောပါတယ်။

GAP စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ဆိုသည်မှာ မြေပြုပြင် စိုက်ပျိုးထုတ်လုပ်သည်မှ စားသုံးသူ လက်ဝယ်ရောက်သည်အထိ ထုတ်လုပ်မှု ကွင်းဆက်တိုင်းမှာ စားသုံးသူအတွက် အန္တရာယ်ဖြစ်စေသည့် ကူးစက်ညစ်ညမ်းမှုများ အနည်းဆုံးဖြစ်စေရန် လိုက်နာရမည့် နည်းလမ်းများကို စုစည်းထားသည့် စံလုပ်ထုံး လုပ်နည်း လမ်းညွှန်မှုများ ဖြစ်ပါတယ်။

“အစားအစာတွေမှာ ဘေးအန္တရာယ်ကင်းရှင်းဖို့ဆိုရင် GAP နဲ့ စိုက်ပျိုးတာရယ်၊ နောက်တစ်ခုက Organic (ဓာတုကင်းလွတ်စနစ်) နဲ့ စိုက်ပျိုးတာရယ် ရှိတယ်။ သဘာဝတရားကို ချစ်မြတ်နိုးတဲ့ ဓာတုကိုမသုံးဘူး ဆိုသူတွေက အော်ဂဲနစ်စိုက်ပျိုးရေးစနစ်နဲ့ စိုက်ပျိုးလို့ရပါတယ်။ သီးနှံ ထုတ်ချင်တယ်၊ ဘေးကင်းအောင်လည်း ထုတ်ချင်တယ်၊ ဒါပေမဲ့ ထွက်နှုန်းတော့ အကျမခံနိုင်ဘူး ဆိုသူတွေအတွက် GAP နည်းစနစ်ကို သုံးနိုင်ပါတယ်။ ဒီစနစ်က အစားအစာတွေမှာ လုံး၀ အဆိပ်မပါစေပါဘူး။ ဒါ့ကြောင့် အဆိပ်ကင်းစင်၊ ဘေးကင်းတဲ့ အစားအစာတွေ ထုပ်လုပ်ဖို့ဆိုရင် စိုက်ပျိုးရေးဦးစီးဌာနက တာဝန်ယူ ဖော်ဆောင်နေတဲ့ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများနဲ့ စိုက်ပျိုးကြပါလို့ တိုက်တွန်းချင်ပါတယ်” လို့ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာ ဌာနခွဲမှ ဦးစီးအရာရှိ ဒေါက်တာဝဏ္ဏထွန်းက ပြောပါတယ်။

GAP စနစ်မှာ အစားအစာများ စားသုံးခြင်းမှ ဖြစ်ပေါ်စေတတ်သော ဘေးအန္တရာယ်များ ကင်းရှင်းပြီး စိတ်ချ ယုံကြည်မှု ရရှိစေရန်၊ သီးနှံများ၏ အရည်အသွေး ထိခိုက်ပျက်စီး ဆုံးရှုံးမှုအား ထိန်းသိမ်း ကာကွယ်နိုင်စေရန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးနည်းစနစ် ထူထောင်လာနိုင်စေရန်၊ လုပ်သားများ၏ ကျန်းမာရေး၊ လူမှုဘ၀ သာယာဝပြောရေး အလေးထား ဆောင်ရွက်နိုင်စေရန် စသည့် အဓိကရည်ရွယ်ချက် (၄) ချက် ပါဝင်တယ်လို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။

“ဓာတုပစ္စည်း၊ ပိုးသတ်ဆေး အကြွင်းအကျန်တွေ၊ ဓာတ်မြေသြဇာ တအား သုံးတာတွေကြောင့် ခူးဆွတ်ပြီး တဲ့အခါမှာ ကြာရှည်မခံတာတွေ ဖြစ်တတ်တယ်။ ကြာရှည်ခံအောင် လုပ်တဲ့ဆေးဝါးတွေ မသုံးရဘူး။ ဓာတ်မြေသြဇာသုံးတဲ့အခါ မှတ်ပုံတင်ထားတဲ့ တံဆိပ်ကိုသာ သုံးမယ်။ စနစ်တကျ သုံးမယ်ဆို ပတ်ဝန်းကျင် မပျက်စီးစေတော့ဘူး။ အဏုဇီဝပိုး (မိုက်ခရုပ်တွေ) ကြောင့် ကူးစက်တာမျိုး၊ ရေသွင်းတဲ့အခါ ဖြစ်စေ၊ သီးနှံတွေခူးပြီး ဆေးကြောတဲ့အခါ ဖြစ်စေ၊ သုံးတဲ့ရေနဲ့ အသုံးအဆောင်ပစ္စည်းတွေ အကုန်လုံး သန့်ရှင်းရမှာ ဖြစ်ပါတယ်။ ဓာတုဆေးတွေရဲ့ ညစ်ညမ်းမှုတွေကို ရှောင်ရှားနိုင်တဲ့ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးကို GAP က အဓိကဖော်ဆောင်ပေးမှာ ဖြစ်ပါတယ်”ဟု ဒေါက်တာဝဏ္ဏထွန်းက ဆက်လက်ပြောပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်သည့်အတွက် အာဆီယံ GAP သတ်မှတ်ချက်များအရ ချမှတ်ထားတဲ့ မြန်မာ GAP မှာဆိုရင် အစားအစာ အန္တရာယ်ကင်းရှင်းရေးကဏ္ဍ (Food Safety Module) ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ (Environmental Management Module) ၊ သီးနှံများ၏ အရည်အသွေး ကဏ္ဍ (Produce Quality Module) ၊ လုပ်သားများကျန်းမာရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လူမှုဘ၀ သာယာရေးကဏ္ဍ (Workers, Health, Safety and Welfare Module) စတဲ့ ကဏ္ဍတွေ ပါဝင်ပါတယ်။

အထက်ပါ အခြေခံကဏ္ဍ (၄) ခုကို ခွဲခြမ်းစိတ်ဖြာ ထုတ်ပြန်ထားသည့် အချက် ၂၂၆ ချက်အတိုင်း လိုက်နာ ဆောင်ရွက်မှု ရှိမရှိ စစ်ဆေး၍ GAP အသိအမှတ်ပြု လက်မှတ်များကို ထုတ်ပေးနေခြင်း ဖြစ်တယ်လို့ သက်ဆိုင်ရာပညာရှင်များထံမှ သိရပါတယ်။

“GAP လျှောက်မယ်ဆိုရင် ဝန်ကြီးဌာနအတွက် တောင်သူတွေ ကုန်ကျစရိတ်လုံးဝမရှိပါဘူး။ ဘာတွေကုန်ကျ မလဲ ဆိုရင် ကိုယ်စိုက်ပျိုးမယ့် မြေမှာပါဝင်တဲ့ မာကျူရီ၊ ခရိုမီယမ်၊ ခဲဓာတ်၊ အာဆင်းနစ်ဓာတ် စတဲ့ (Heavy Metal) တွေ ပါနေလားကို နမူနာယူပြီး ဓာတ်ခွဲစစ်ရပါတယ်။ အဲဒိအတွက် ငွေသုံးသောင်းခန့် ကုန်ပါတယ်။ သီးနှံခူးဆွတ်ခါနီးကျရင် သီးနှံနမူနာကို ယူပြီး သီးနှံထဲမှာ ပိုးသတ်ဆေးအကြွင်းအကျန် ရှိသလားဆိုတာ ဓာတ်ခွဲ စစ်ရပါတယ်။ အဲဒါနှစ်ခုပေါင်း အလွန်ဆုံးမှ ငါးသောင်းကျပ်သာ ကုန်ကျပါတယ်။ GAP စနစ်နဲ့ ဘာသီးနှံ စိုက်စိုက် ကုန်ကျစရိတ်အတူတူပါပဲ။ မြေနမူနာ၊ ရေနမူနာ စစ်ဆေးခရယ်၊ သီးနှံထဲမှာ ပိုးသတ်ဆေး အကြွင်းအကျန် စစ်ခရယ်သာ ကုန်ကျမှာပါ” လို့ ၎င်းက ရှင်းပြပါတယ်။

GAP စနစ်ဖြင့် စိုက်ပျိုးပါက စိုက်ပျိုးမည့်မြေနေရာ ရွေးချယ်ခြင်း၊ ခြေဖျက်ရန် ခက်ခဲသည့် ဓာတ်သတ္တုများ ပါဝင်မှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ ရေ စစ်ဆေးခြင်း၊ မျိုးစေ့/ပျိုးပင်၊ မြေသြဇာနှင့် မြေဆီလွှာ ဖြည့်စွက်ပစ္စည်းများ၊ စိုက်ပျိုးရေးသုံး ဓာတုဆေးများနှင့် အခြားဓာတုပစ္စည်းများ ရွေးချယ်ခြင်း၊ အပင်ပြုစု စောင့်ရှောက်ခြင်း၊ စိုက်ပျိုးရေးနှင့် အခြားဆက်စပ်ပစ္စည်းကိရိယာများ၊ ရိတ်သိမ်းခြင်းနှင့်ထွက်ကုန်ပြုပြင်ခြင်း၊ သိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း၊ အဆောက်အဦများ ဆောက်လုပ်ထားခြင်း၊ တိရစ္ဆာန်နှင့် ဖျက်ပိုးများ ထိန်းချုပ်ခြင်း၊ အထောက်အထားနှင့် မှတ်တမ်းများကို စနစ်တကျ ထားရှိခြင်း၊ နောက်ကြောင်းပြန် စစ်ဆေးခြင်းနှင့် ပြန်လည်သိမ်းဆည်းခြင်း၊ လိုအပ်သော GAP အသိပညာရရှိစေရန် ပို့ချပေးသည့် သင်တန်းတက်ခြင်း၊ ဆောင်ရွက်ကျင့်သုံးမှုများကို ပြန်လည်သုံးသပ်ခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းခြင်းနှင့် လုပ်သားများ ဘ၀ သာယာဝပြောရေး စတဲ့ အချက်တွေကို လိုက်နာဆောင်ရွက်ရမှာ ဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး၊ ရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်းကျောင်း (ထုံးဘို) မှ သိရပါတယ်။

GAP စနစ်ကို စိတ်ပါဝင်စား၍ စိုက်ပျိုးလိုတဲ့ တောင်သူတွေအနေနဲ့ မိမိတို့ နေထိုင်ရာ မြို့နယ်အလိုက် စိုက်ပျိုးရေးဦးစီးဌာန ရုံးများတွင် GAP လျှောက်ထားရာတွင်ဖြည့်စွက်ရမည့် လျှောက်လွှာများ အလွယ်တကူ ထုတ်ယူကာ အခမဲ့ လျှောက်ထားနိုင်ကြောင်း သိရပါတယ်။