မြန်မာ့ခရမ်းချဉ် GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ရေးအစီအစဉ် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

စိုက်ပျိုးရေးဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးကော်ပိုးရေးရှင်း (IFC)တို့ ပူးပေါင်းကျင်းပသည့် မြန်မာ့ခရမ်းချဉ် GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ရေးအစီအစဉ် တောင်သူထံမှဈေးကွက်ဆီသို့ GAP ပွဲတော်နှင့် အလုပ်ရုံဆွေးနွေးပွဲကို မေ ၃ ရက် နံနက် ၉ နာရီက ညောင်ရွှေမြို့နယ်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးစိုင်းလုံကျော်က အင်းလေးဒေသတွင် GAP စနစ်ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး တောင်သူ ၅၄ ဦးဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် GAP စိုက်ပျိုးသည့်တောင်သူပေါင်း ၈၁ ဦးနှင့်၂၀၁၉ ခုနှစ်တွင်GAP စိုက်ပျိုးသည့် တောင်သူပေါင်း ၃၀၆ ဦးထိ တိုးတက်လာခဲ့ပါကြောင်း၊ ယခုလို တိုးတက်မှုသည် အင်းလေးဒေသမှာ စိုက်ပျိုးနေသည့် ခရမ်းချဉ် စိုက်ပျိုးဧကအားလုံးနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ရာခိုင်နှုန်း အနည်းငယ်မျှသာရှိပြီး အင်းလေးဒေသ တစ်ခွင်၌ GAP စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် အများကြီး ကြိုးစားဖို့လိုပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးသက်ဇင်မောင်က မြန်မာ့ ခရမ်းချဉ် GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ရေး လုပ်ငန်းဆိုင်ရာများကိုရှင်းလင်းပြောကြားသည်။ ဆက်လက်၍ IFCမှ ဒေါက်တာအောင်ကျော်ဖြိုးက မြန်မာ့ GAP နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှု အစီအစဉ်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ဝါဝါလိူင်က ခရမ်းချဉ် GAP အဆင့်အတန်းတွေ့ရှိချက်၊ သုံးသပ်ချက်များကို တင်ပြခဲ့သည်။

ထို့နောက် တာဝန်ရှိသူများနှင့် တက်ရောက်လာကြသည့် ခရမ်းချဉ်စိုက်ပျိုးသည့် တောင်သူများက စိုက်ပျိုးရေးသွင်းအားစုများဖြစ်သည့် မျိုးစေ့အရည်အသွေး၊ မြေသြဇာအရည်အသွေး၊ ပိုးသတ်ဆေးအရည်အသွေး၊ စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ပစ္စည်းများဆိုင်ရာတို့ကို အပြန်အလှန် ဆွေးနွေးမေးမြန်းခဲ့ကြောင်း သိရသည်။