အမည် – သခွါးမွှေးသီး
သိပ္ပံအမည် – Cucumis melo
မျိုးရင်း – Cucurbitaceae
သခွါးမွေးသီးနှံ(Cucumis melo) သည် နိုင်ငံခြားသို့ တင်ပို့မှု ဒုတိယအများဆုံး သီးနှံဖြစ်သည်။ အသီးပုံသဏ္ဍန်မှာ အလုံးပုံ၊ ဘဲဥပုံ၊ လုံးရှည်ပုံဟူ၍လည်းကောင်း အသီးခွံ အရောင်မှာ အစိမ်းရင့်ရောင်၊ အဖြူရောင်၊ အဝါရောင် စသည်ဖြင့် အမျိုးမျိုးတွေ့ရပါသည်။ အသီးခွံပေါ်တွင် ပိုက်ကွက်ပေါ်လွင် ထင်ရှားသောမျိုး၊ ပိုက်ကွက်များ မထင်မရှား ပါဝင်သောမျိုးနှင့် ပိုက်ကွက်များ မပါသည့်ပြောင်ချောမျိုးဟူ၍ တွေ့ရသည်။ အသီး အတွင်းသားအရောင်မှာ အဖြူရောင်၊ ဖြူစိမ်းရောင်၊ လိမ္မော်ရောင် စသည်ဖြင့် အမျိုးမျိုး ကွဲပြားလျက်ရှိပါသည်။ သခွါးမွေးသီးနှံသည် နိုင်ငံခြားသို့ တင်ပို့မှုရှိပြီး ပြည်တွင်းစားသုံးမှု မြင့်မားသော သီးနှံတစ်မျိုးဖြစ်၍ အန္တရာယ်ကင်းရှင်းစေရန်နှင့် အရည်အသွေးကောင်းမွန် စေရန် အထူးလိုအပ်ပါသည်။ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင် အများဆုံး စိုက်ပျိုးလျက်ရှိပါသည်။
စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ ဆိုသည်မှာ မြေပြုပြင်စိုက်ပျိုး ထုတ်လုပ်သည်မှ စားသုံးသူလက်ဝယ်ရောက်သည်အထိ ထုတ်လုပ်မှုကွင်းဆက်တိုင်းတွင် စားသုံးသူအတွက် အန္တရာယ်ဖြစ်စေသည့် ကူးစက်ညစ်ညမ်းမှု အနည်းဆုံးဖြစ်စေရန် လိုက်နာရမည့်နည်းလမ်းများကို စုစည်းထားသည့် စံလုပ်ထုံးလုပ်နည်း လမ်းညွှန်မှုများ ဖြစ်ပါသည်။
ဈေးကွက် လိုအပ်ချက်နှင့် ကိုက်ညီ၍ ဒေသ ရေမြေရာသီဥတုနှင့် ကိုက်ညီသည့် သခွားမွှေးမျိုးကောင်းမျိုးသန့်များ အသုံးပြုရန်လိုအပ်ပါသည်။ စိုက်ပျိုးမည့် သခွားမွှေး မျိုးနှင့် စိုက်ပျိုးနည်းစနစ်များသည် ပိုးသတ်ဆေးအသုံးပြုမှု တတ်နိုင်သမျှ အနည်းဆုံး ဖြစ်သင့်ပြီး ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေနိုင်မည့်နည်းစနစ်များနှင့် တွဲဖက်အသုံးပြု ဆောင်ရွက်ရမည် ဖြစ်ပါသည်။
စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများနှင့် သခွါးမွှေးသီးနှံ စိုက်ပျိုးထုတ်လုပ် မည်ဆိုပါက အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရပါမည်။
စိုက်ပျိုးမည့်မြေနေရာရွေးချယ်ခြင်း
- စိုက်ပျိုးမြေနှင့် အနီးဝန်းကျင်တွင် ဓါတုနှင့်ဇီဝဆိုင်ရာ အန္တရာယ်ရှိသည့် မြေအမျိုးအစား မျိုးမဖြစ်စေရ။
- စိုက်ကွင်းမြေပုံနှင့် မှတ်တမ်းထားရှိရမည်။
- သင့်တော်သည့် ဆားမပေါက်သဲနုန်းမြေ (သို့) နုန်းမြေများတွင် စိုက်ပျိုးသင့်ပါသည်။
- (၂၆-၃၀) ဒီဂရီစင်တီဂရိတ်ခန့်တွင် စိုက်ပျိုးရန် အသင့်တော်ဆုံးဖြစ်သည်။
- နေ့နှင့်ညအပူချိန် (၁၀) ဒီဂရီစင်တီဂရိတ်ထက် ပို၍ကွာခြားသော ဒေသများတွင် အချိုဓါတ် မြင့်မားပါသည်။
- မြေချဉ်ငံဓါတ် (၆ – ၆.၅)နှင့် ပတ်ဝန်းကျင်၊ ရေစီးရေလာကောင်း၍ ရေသွင်းရေထုတ် လွယ်ကူသော သဲနှုန်းမြေများတွင် ကောင်းမွန်စွာ ဖြစ်ထွန်းသည်။
- မြေဆီလွှာတစ်ခုတည်းတွင် သခွားမွှေးပြီး သခွားမွှေးထပ်၍ မစိုက်ပျိုးရပါ။
ရေ
- စိုက်ပျိုးရာတွင်အသုံးပြုမည့် ရေအရည်အသွေးကို ဓါတ်ခွဲစစ်ဆေးရမည်။
- ရေသွင်းခြင်းနှင့်မရိတ်သိမ်းမီ ရေဖြတ်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ရာတွင် မှတ်တမ်း များထားရှိရမည်။
- မွေးမြူရေးဇုံ၊ ဆေးရုံ၊ စက်ရုံများမှ ဖြတ်သန်းလာသောရေ၊ မြူနီစပယ် စွန့်ပစ်ရေနှင့် အန္တရာယ်ဖြစ်ပေါ်နိုင်သည့်ရေများကို အသုံးမပြုရ။ (ရေဆိုးရေညစ်များကို ပြန်လည် စီရင်၍ အသုံးပြုလျှင် WHO Guide line အရ လိုက်နာ အသုံးပြုရန်)။
မျိုးစေ့/ပျိုးပင်
- ရေမြေဒေသနှင့် ကိုက်ညီပြီး ပိုးမွှားရောဂါကင်းစင်သည့် အရည်အသွေးကောင်း မျိုးများကို ရွေးချယ်စိုက်ပျိုးသင့်ပါသည်။
- စိုက်ပျိုးမည့် မျိုးစေ့၊ ပျိုးပင်နှင့် မျိုးပွားအစိတ်အပိုင်းများကို ရရှိသည့်နေရာ၊ ရရှိသည့် အရေအတွက်နှင့် ရရှိသည့်နေ့စွဲတို့ကို မှတ်တမ်းတင်ထားရမည်။
- တစ်ဧကလျှင် မျိုးစေ့နှုန်း(၂၀၀)ဂရမ်သုံး၍ ပျိုးထောင်ပါ။
- သခွားမွှေးမျိုးစေ့ကို ပျိုးထောင်၍ စိုက်ပျိုးသင့်ပါသည်။
- မျိုးစေ့များကို အညှောင့်မဖောက်မှီ နေရောင်ခြည် ကောင်းစွာရရှိသော နေရာတွင် (၃) နာရီခန့် နေလှန်းထားပေးရပါမည်။
- ထို့နောက် နေရိပ်အောက်တွင် အအေးခံထားပြီး (၅)နာရီကြာ ရေစိမ်ရပါမည်။
- (၅)နာရီပြည့်သည့်အခါ မျိုးစေ့များကို ရေစစ်၍ (၁)နာရီခန့် လေသလပ်ထားပြီး အပေါက်ကလေးများ ဖောက်ထားသည့် ပလတ်စတစ်အိတ်အဖြူတွင် ထည့်ပြီး ရေစို အဝတ်စဖြင့်ပတ်ကာ ပလတ်စတစ်အိတ် အမဲထဲသို့ ထည့်ပြီး (၂)ပေခန့်အမြင့်ရှိသော စက္ကူကတ်ပုံးထဲတွင်ထားပြီး မျိုးစေ့ထုပ်ပေါ်မှ (၁) ပေခွဲခန့်အကွာတွင် (၄၀)ဝပ် (သို့) (၆၀)ဝပ်မီးသီးဖြင့် (၂၄) နာရီ ကြာအောင် အပူပေးထားရမည်။
- လျှပ်စစ်မီးမရရှိသောဒေသများတွင် လေလုံသောပုံး/ မြေအိုးတွင်ထည့်ပြီး (၁-၂) ရက်ခန့် အပူပေးကာ မျိုးညှောင့်ဖောက်ပေးသင့်ပါသည်။
- မျိုးညှောင့်ဖောက်ပြီး မျိုးစေ့များကို (၄x၅) လက္မ ပလတ်စတစ်အိတ်များ (သို့)(၃x၄) လက္မပလတ်စတစ်အိတ် (သို့) (၂) လက္မပတ်လည် ပလတ်စတစ် ပျိုးခွက်များတွင် ထည့်၍ ပျိုးထောင်သင့်ပါသည်။
ပျိုးမြေအဖြစ် မြေဆွေး(၂)ဆ၊ နွားချေး(၁)ဆ၊ စက်ဖွဲပြာ (၄)ဆ ရောစပ်အသုံးပြုသင့် ပါသည်။
မြေသြဇာနှင့်မြေဆီလွှာဖြည့်စွက် ပစ္စည်းများ
- သခွားမွှေးသီးနှံအတွက် အသုံးပြုမည့်မြေသြဇာ (သို့မဟုတ်) မြေဆီလွှာဖြည့်စွက်ပစ္စည်း များတွင် အန္တရာယ်ဖြစ်စေသော ဓါတုနှင့်ဇီဝဆိုင်ရာပစ္စည်းများပါဝင်ခြင်း မရှိစေရ။
- သဘာဝမြေသြဇာများအား ကောင်းစွာဆွေးမြေ့အောင် ဆောင်ရွက်ပြီးမှ အသုံးပြုရမည်။
- မြေသြဇာ (သို့မဟုတ်) မြေဆီလွှာ ဖြည့်စွက်ပစ္စည်းများ ရောနှောခြင်းနှင့် သိုလှောင်ခြင်း၊ အော်ဂဲနစ်ပစ္စည်းများကို ဆွေးမြေ့စေရန် ဆောင်ရွက်ခြင်းတို့ကို မြေနှင့်ရေ အရင်းအမြစ် သန့်ရှင်းမှုကို ထိခိုက်စေသော နေရာများ၌ မပြုလုပ်ရ။
- မြေသြဇာ (သို့မဟုတ်) မြေဆီလွှာ ဖြည့်စွက်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် တရားဝင် မှတ်ပုံတင်ထားသော ပစ္စည်းများဖြစ်ရမည့်အပြင် မှတ်တမ်းများထားရှိရမည်။
စိုက်ပျိုရေးသုံး ဓါတုဆေးများနှင့် အခြားဓါတုပစ္စည်းများ
- ဓာတုဆေးများအသုံးပြုမှု အနည်းဆုံးဖြစ်စေရန် ဘက်စုံပိုးမွှားကာကွယ်ရေး နည်းစနစ် များကို အသုံးပြုရပါမည်။
- ပိုးသတ်ဆေးဥပဒေ၊ မြေသြဇာဥပဒေ နည်းဥပဒေများနှင့်အညီ ပတ်ဝန်းကျင်ညစ်ညမ်း ခြင်းနှင့် လူသားတို့၏ ကျန်းမာရေးထိခိုက်မှုများ မဖြစ်စေရေး အထူးဂရုပြုရမည်။
- ဓါတုဆေးများကို အသုံးပြုရန်လိုအပ်ပါက တရားဝင်အသိအမှတ်ပြု မှတ်ပုံတင်ထားသည့် ဓါတုဆေးများကိုသာ အသုံးပြုရပါမည်။
- ဆေးဖျန်းပြီးနောက် မရိတ်သိမ်းမီစောင့်ဆိုင်းရမည့် ရက်ကာလအပိုင်းအခြားကို အတိအကျ လိုက်နာရမည်။
- ပိုးသတ်ဆေးစနစ်တကျ ကိုင်တွယ်သုံးစွဲနည်းကို သိရှိ နားလည်ထားရမည်။
- ဓါတုဆေးများ ဝယ်ယူ၊ သိုလှောင်၊ သုံးစွဲမှု၊ အသုံးချမှုနှင့် စွန့်ပစ်မှုတို့ကို စနစ်တကျ ဆောင်ရွက်၍ မှတ်တမ်းများ ထားရှိရမည်။
- လောင်စာဆီ၊ ချောဆီနှင့် အခြားသော စိုက်ပျိုးရေးသုံး မဟုတ်သည့် ဓာတုဆေးများကို သီးနှံများ ညစ်ညမ်းမှုအန္တရာယ် အနည်းဆုံးဖြစ်စေရန် ကိုင်တွယ်အသုံးပြုခြင်း၊ သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်းတို့ကို ပြုလုပ်ရပါမည်။
အပင်ပြုစု စောင့်ရှောက်ခြင်း
အရည်အသွေးကောင်း သခွားမွှေးသီးနှံ စိုက်ပျိုးရန် အောက်ဖော်ပြပါ နည်းလမ်းများကို လိုက်နာ ဆောင်ရွက်သင့်သည်။ သခွားမွှေးသီးနှံအား နည်းလမ်းမှန်ကန်စွာ ပြုစုစောင့်ရှောက် သင့်သည်။
၆-၁။ မြေပြင်ခြင်း
- စိုက်ကွင်းအား ထယ်(၁)စပ်၊ ထွန်(၂)စပ် ညက်ညက်ထွန်ပေးပြီး ပေါင်းမြက်များ ကင်းစင် အောင် ကောက်ပေးသင့်သည်။
- စိုက်ဘောင်ပြင်ချိန်တွင် မြေခံအဖြစ် တစ်ဧကလျှင် နွားချေးဆွေး(၇၂၀) တင်း (၈.၅)တန်၊ ကွန်ပေါင်းမြေသြဇာ ၅၀ကီလိုဂရမ် (၄)အိတ်၊ ဖျူရာဒန် ၅ကီလိုဂရမ် ထည့်သွင်းပေး သင့်သည်။
- သင့်တော်သော မြေချဉ်ငံဓါတ်ရရှိရန်အတွက် မြေဆီလွှာဓါတ်ခွဲ၍ လိုအပ်သလို ထုံး(သို့) ဂျစ်ပဆင်ကို ထည့်ပေးသင့်ပါသည်။
ပေါင်းမြက်၊ မြေအောင်းပိုးရောဂါများ၊ မြေဆီလွှာပြုန်းတီးခြင်းများမှ ကာကွယ်ရန်၊ မြေဆီလွှာအပူချိန်နှင့် အစိုဓါတ်ကိုထိန်းပေးနိုင်ရန် ပိုးမွှားများကို ကာကွယ်နိုင်ရန် အတွက် စိုက်ဘောင်များပြင်ဆင်ပြီးပါက ပလတ်စတစ်စရောင်ပြန်အမဲအုပ်ပေးသင့် ပါသည်။
၆-၂။ စိုက်ပျိုးခြင်း
- တန်းကြားပင်ကြားအကွာအဝေးကို (၃’x၂’) သို့ (၄’x၂’) စသည်ဖြင့် စိုက်ပျိုးနိုင်သည်။
- (၃’x၂’) အကွာအဝေးဖြင့် စိုက်ပျိုးပါက တစ်ဧကလျှင် အပင် (၇၂၆၀)ပင်နှင့် (၄’x၂’) စိုက်ပါကအပင် (၅၄၄၀)ပင် ဝင်ဆန့်ပါသည်။
၆-၃။ မြေသြဇာကျွေးခြင်း
- မြေသြဇာမကျွေးခင် အပင်ခြေရှိပေါင်းမြက်များကို ရှင်းလင်းရန်လိုအပ်ပါသည်။
- ကျွဲ၊ နွား၊ တိရစ္ဆာန် အညစ်အကြေးများကို (၃)လမှ (၄)လထိ ကောင်းစွာ ဆွေးမြေ့ပြီး မှသာလျှင် သဘာဝမြေသြဇာအဖြစ် မြေပြင်စဉ်တွင်ထည့်သွင်း အသုံးပြုသင့်ပါသည်။
- ပြောင်းရွေ့စိုက်ပြီး (၁၀-၁၅) ရက်မှစ၍ ပဲဖတ်၊ နှမ်းဖတ်ပုပ်ရည်များကို အပုပ်ရည် တစ်ဝက်နှင့် ရေဆတူရော၍ (၅)ရက်ခြားတစ်ကြိမ် အပင်တစ်ပင်လျှင် (၃၀၀)စီစီ (နို့ဆီဘူးတစ်ဘူး)နှုန်းဖြင့် ပင်ခြေတစ်ဝိုက်တွင် လောင်းပေးသင့်ပါသည်။
- အမပွင့် ပန်းမပွင့်မှီ တစ်ပင်လျှင် ပုလဲမြေသြဇာကို (၅)ဂရမ်နှုန်းဖြင့် တစ်ပတ်လျှင် တစ်ကြိမ်ထည့်သွင်းပေးသင့်ပါသည်။
- အမပွင့် ပန်းပွင့်ပြီးချိန်မှစ၍ ကွန်ပေါင်းမြေသြဇာကို တစ်ပင်လျှင် (၁၀)ဂရမ်နှုန်းဖြင့် တစ်ပတ်လျှင်တစ်ကြိမ် မရိတ်သိမ်းမှီ နှစ်ပတ်အလိုထိ ထည့်သွင်းပေးသင့်ပါသည်။
ရိတ်သိမ်းခြင်းနှင့် ထွက်ကုန်ပြုပြင်ခြင်း
၈-၁။ ခူးဆွတ်/ရိတ်သိမ်းခြင်း
- သခွားမွှေးသီးနှံများကို မှန်ကန်သော ရင့်မှည့်မှု့ရှိသည့်အချိန်ဖြစ်သည့် အမပွင့် ပန်းပွင့်ပြီး (၃၅-၅၀) ရက်ခန့်တွင် အသီးအညှာထိပ်ရှိ နှာမောင်းများခြောက်လာပါက သင့်တော်သော နည်းစနစ်ဖြင့် ခူးဆွတ်ရိတ်သိမ်းရမည်။
- ရိတ်သိမ်းပြီး သခွားမွှေးသီးများကို မြေကြီး (သို့) ကိုင်တွယ်ထုပ်ပိုးသည့်ကြမ်းပြင် (သို့) သိုလှောင်သည့်နေရာကြမ်းခင်းနှင့် တိုက်ရိုက်ထိတွေ့ခြင်းမရှိအောင် သန့်ရှင်းသော အခင်း/ပစ္စည်းပေါ်တွင် ထားရှိရမည်။
- ဆေးကြောသန့်စင်ရန်လိုအပ်သော သခွားမွှေးသီးများအတွက် အသုံးပြုသောရေသည် သန့်ရှင်းစင်ကြယ်ရမည်။
- သီးနှံအလိုက် သတ်မှတ်ထားသော စံချိန်စံညွှန်းအတိုင်း အဆင့်အတန်းခွဲခြား၍ စနစ်တကျ ထုပ်ပိုးရမည်။
- သခွားမွှေးသီးများကို ပင်စည်ပျက်စီးခြင်းမှ လျော့နည်းစေရန် ပင်စည်မှဆွဲယူ ခူးဆွတ်ခြင်း၊ လိမ်၍ခူးခြင်း မပြုလုပ်ဘဲ သီးကိုင်းမှ ဖြတ်၍ခူးဆွတ်ရမည်။
- အသီးညှာပေါ်တွင်ရှိသော ဘေးတက်ကို ရှည်ရှည်ထား၍ ဖြတ်ရမည်။
၈-၂။ ထုတ်ပိုးခြင်း
- ထုပ်ပိုးရာတွင် အသုံးပြုသည့် ထုပ်ပိုးပစ္စည်းများနှင့် ကိရိယာများ သန့်ရှင်းပြီး အရည်အသွေးကောင်းမွန်ရမည်။
- ထုပ်ပိုးထည့်သွင်းထားသော အသီးများ ညီညာမှု/တူညီမှု ရှိရမည်။
- တူညီသောဒေသ၊ မျိုးပြား၊ အရည်အသွေးနှင့် အရွယ်အစားရှိသော သခွားမွှေးသီးများ ဖြစ်ရမည်။
- သခွါးမွှေးသီးများကို ထုပ်ပိုးရာတွင် အသီးကိုကောင်းစွာ အကာအကွယ် ပေးနိုင်သည့် နည်းဖြင့်ထုပ်ပိုးခြင်း ပြုရမည်။
- ထုပ်ပိုးခွံအတွင်းပိုင်းတွင် အသုံးပြုသောပစ္စည်းမှာ သန့်ရှင်းရမည်။
- အတွင်းအပြင်ပိုင်း မည်သည့်ပျက်စီးမှုကိုမှ မဖြစ်စေသော အရည်အသွေးရှိရမည်။
- အသုံးပြုသောပစ္စည်းများ အထူးသဖြင့် စာရွက်စာတမ်းအသေးစိတ် ညွှန်ကြား ဖော်ပြချက်များကို ရိုက်နှိပ်ရေးသားရာတွင် အဆိပ်မသင့်စေသောမှင်(သို့) ကော်များကို အသုံးပြုရမည်။
သိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း
- သခွားမွှေးသီးနှံများကို ဓါတု၊ ဇီဝနှင့်ရုပ်ဝတ္ထုဆိုင်ရာ ညစ်ညမ်းမှုအန္တရာယ် ဖြစ်စေ နိုင်သော ကုန်ပစ္စည်းများနှင့် သီးခြားခွဲ၍ သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း ပြုလုပ် ရမည်။
- သယ်ယူပို့ဆောင်မည့် ယာဉ်များကို အသုံးမပြုမီ သန့်ရှင်းမှု၊ ဓါတုဆေးဖိတ်စင်မှု၊ အခြား ပစ္စည်းများနှင့် ပိုးမွှားကျရောက်မှု ရှိ/မရှိ ကို စစ်ဆေးရမည်။
- ယေဘူယျအားဖြင့် သခွါးမွှေးသီးနှံကို (၇-၁၀ ဒီဂရီစင်တီဂရိတ်) နှင့် စိုထိုင်းဆ (၉၅%) တွင် သိုလှောင်ပါက (၁လကြာသည်အထိ) ထားသို နိုင်သည်။
- အပူချိန် (၇ ဒီဂရီစင်တီဂရိတ်)ထိ လျော့နည်း၍ သိုလှောင်ပါက အအေးကိုက်ခြင်းကို ခံစားရသည်။
အဆောက်အဦများ ဆောက်လုပ်ထားခြင်း
- သခွားမွှေးသီးနှံများအား ထုပ်ပိုးခြင်း၊ ကိုင်တွယ်ပြုပြင်ခြင်းနှင့် သိုလှောင်ထားရှိခြင်း တို့တွင် ဘေးဥပါဒ်အန္တရာယ် ကျရောက်မှုနည်းပါးစေရန် သီးသန့် အဆောက်အဦများ တည်ဆောက်ခြင်း (သို့) သီးသန့်ဆောင်ရွက်မည့် နေရာများ သတ်မှတ်ရမည်။ ပြုပြင် ထိန်းသိမ်းပေးရမည်။
- လောင်စာဆီ၊ ပိုးသတ်ဆေးနှင့် မြေသြဇာများ၊ လယ်ယာသုံးကိရိယာများ အပါအဝင် အခြားပစ္စည်းများနှင့် ထွက်ကုန်များကို ရောနှောသိုလှောင်ခြင်းမပြုရ။
တိရိစ္ဆာန်နှင့်ဖျက်ပိုးများထိန်းချုပ်ခြင်း
- အိမ်မွေးနှင့် လယ်ယာလုပ်ငန်းသုံး တိရိစ္ဆာန်များကို သခွားမွှေးသီးနှံများ ရိတ်သိမ်း၊ ထုပ်ပိုး၊ သိုလှောင်သည့်နေရာများတွင် မရှိစေရ။
အထောက်အထားနှင့်မှတ်တမ်းများ
- သခွားမွှေးထုတ်လုပ်သူသည် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများနှင့် ပတ်သက် သည့် မှတ်တမ်းများကို အနည်းဆုံး (၂)နှစ် သိမ်းဆည်းထားရမည်။
- လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းအတွက် သတ်မှတ်ထားသည့် မှတ်တမ်းပုံစံတွင် မှတ်တမ်းရေးသွင်းထားရမည်။
နောက်ကြောင်းပြန်စစ်ဆေးခြင်းနှင့်ပြန်လည်သိမ်းဆည်းခြင်း
- သခွားမွှေးသီးနှံစိုက်ပျိုး ထုတ်လုပ်သည့်နေရာအား နောက်ကြောင်းပြန် စစ်ဆေးနိုင်ရန် အတွက် ထုပ်ပိုးပစ္စည်းများအပေါ်တွင် သိသာထင်ရှားသည့် အမှတ်အသားနှင့် မှတ်ပုံတင်အမှတ်အသား ပြုလုပ်ထားရှိရမည်။
- သီးနှံထွက်ကုန်ပစ္စည်း တစ်ခုချင်းစီအတွက် တင်ပို့သည့်နေရာနှင့် ပေးပို့သည့်ရက်စွဲ တို့ကို မှတ်တမ်းထားရှိရမည်။
သင်တန်း
- သခွားမွှေးထုတ်လုပ်သူနှင့် လုပ်သားများအား မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်း နယ်ပယ်အလိုက် ကျွမ်းကျင်မှု နည်းပညာများရရှိစေရန် စိုက်ပျိုးရေးဆိုင်ရာအလေ့ အကျင့်ကောင်းသင်တန်းများနှင့် ဘက်စုံသီးနှံကာကွယ်နှိမ်နင်းရေး အခြေခံသော သင်တန်းများ တက်ရောက် ထားရပါမည်။
ဆောင်ရွက်ကျင့်သုံးမှု များကိုပြန်လည် သုံးသပ်ခြင်း
- သခွားမွှေး ထုတ်လုပ်သူများအနေဖြင့် ကျင့်သုံးနေသည့်နည်းလမ်းများအား မှန်မှန် ကန်ကန် ဆောင်ရွက်ကြောင်း သေချာစေရန် လုပ်ငန်းအားလုံးကို အနည်းဆုံး တစ်နှစ် တစ်ကြိမ် ပြန်လည်စစ်ဆေးရမည်။
- တိုင်ကြားချက်များရှိပါက မိမိကိုယ်တိုင် ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ပြီး ဤဆောင်ရွက် မှုများအတွက် မှတ်တမ်းများ ထိန်းသိမ်းထားရှိရမည်။
တစ်ကိုယ်ရည်သန့်ရှင်းခြင်းနှင့် လုပ်သားများဘဝ သာယာဝပြောရေး
- လုပ်ငန်းခွင်ရှိ သိသာထင်ရှားသောနေရာများတွင် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်သက်သည့် ညွှန်ကြားချက်များကို ရေးသား ပြသထားရမည် (သို့မဟုတ်) လုပ်သား များ သိရှိအောင် ဖြန့်ဝေပေးထားရမည်။
- မိလ္လာရေနှင့် စွန့်ပစ်အညစ်အကြေးရေများကို အန္တရာယ်မရှိစေရန် ဂရုတစိုက်စွန့်ပစ် ရမည်။
- လုပ်သားများအား ကျန်းမာရေးနှင့် လူနေမှုဘဝ သာယာဝပြောရေးကို အလေးထား ဆောင်ရွက်ပေးရမည်။
လုပ်သားများသည် သခွားမွှေးစိုက်ခင်းအတွင်း ဝင်ရောက်လုပ်ကိုင်ချိန်တွင် အစာစား ခြင်း၊ ဆေးလိပ်သောက်ခြင်းများ မပြုလုပ်ရ။
မှီငြမ်းကိုးကားချက်
- စိုက်ပျိုးပညာပေးရေးဌာန (၂၀၀၀) ၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း၊ မြန်မာ့ စိုက်ပျိုးရေးလုပ်ငန်း၊လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန။
- သီးနှံကာကွယ်ရေးဌာနခွဲ (၂၀၀၆)၊ ဟင်းသီးဟင်းရွက်တွင်ကျရောက်တတ်သော ပိုးမွှား ရောဂါနှင့်ကာကွယ်နှိမ်နှင်းနည်းများ၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ လယ်ယာ
စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ။
- EAST-WEST SEED INTERNATIONAL (၂၀၀၈) အပူပိုင်းဒေသရှိ ဘူး၊ ဖရုံ၊ သခွားမျိုးနွယ်ဝင်အပင်များတွင် ကျရောက်တက်သော ရောဂါများ ။
- Horticulture and Plant Biotechnology Division (2015) Production Technology for Safe and Quality of Muskmelon Project Report ၊ Department of Agriculture ။
- Shika Aglor and Doug Waterer (2001)၊ Musk melon-Cantalope- Postharvest Handling and Storage, Canada-Saskatchewan, Irrigation Diversification Center ၊ Department of Plant Sciences, University of Saskatchewan ။
ASEAN Std.18 (2010)၊ Melon၊ pp-113-118 ။