ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ စပါးကျီ ဟုပင် တင်စားရလောက်သည့် မိုင်းယောင်းမြို့နယ်သည် စပါးသီးနှံ အထွက်ကောင်းရုံမကဘဲ အခြား ငှက်ပျော ၊ဟင်းသီးဟင်းရွက်များလည်း စိုက်ပျိုးထွက်ရှိပြီး ၊ယခုနှစ် မိုးစပါး(၂၈၂၄၆)ဧက၊ ငှက်ပျော (၁၃၆၂)ဧက ၊ရော်ဘာ (၁၇၂၀၅) ဧက ၊ကော်ဖီ (၂၅)ဧက ၊ အခြားဟင်းသီးဟင်းရွက် (၂၄၆၄)ဧက စိုက်ပျိုးထားရှိပြီးဖြစ်သည်။ပြည်တွင်းဈေးကွက်သာမက ပြည်ပအထိ တင်ပို့ရောင်းချရသည်အထိ အရည်အသွေးကောင်း ဈေးကွက်ဝင်သီးနှံများလည်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။

ယင်းသို့စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလျက် ဆောင်ရွက်နေကြသည့် မိုင်းယု ဒေသရှိစိုက်ခင်းများတွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP )နှင့်အညီ အစားအစာများ အန္တရာယ်ကင်းရှင်းစေရေး ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၊ သီးနှံ အရည်အသွေးမြင့်မားရေး ၊ လုပ်သားများ၏ ကျန်းမာရေးလူနေမှုဘ၀ သာယာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး တို့အတွက် တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး၊လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်း ၊ မိုင်းယောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးကျော်ကျော်မိုး ၊ မိုင်းယုမြို့စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိုးမင်းဦးကျော် တို့ပါဝင်သာ မိုင်းယောင်း၊ မိုင်းယု စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများသည် စက်တင်ဘာလ (၂၂)ရက်နေ့ကမိုင်းယုဒေသရှိစိုက်ခင်းများသို့ ကွင်းဆင်း၍ စိုက်ပျိုးနည်းပညာအကြံဉာဏ်များနှင့်လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ကြသည်။

ကွင်းဆင်းရာတွင် အရည်အသွေးပြည့်မီသော ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးများအားစနစ်တကျသုံးစွဲခြင်းဖြင့် သီးနှံစိုက်ခင်းများတွင် ဓါတ်ကြွင်းအာနိသင်လျော့နည်းစေရေး ၊ လယ်ယာမြေများတွင် မြေဆီသြဇာထိခိုက်ပျက်စီးမှု မရှိစေရေး တို့ကို ဒေသခံ တောင်သူများ၏ စိုက်ခင်းနှင့် လုပ်ငန်းခွင်သို့အရောက်သွားရောက်ကွင်းဆင်းကာ တောင်သူများနှင့် တွေ့ဆုံ ဆွေးနွေးပညာပေးကြသည်။

အလားတူ ရော်ဘာပင်စိုက်ခင်းများကြားတွင်ကြားညှပ်သီးနှံ အဖြစ် ကော်ဖီသီးနှံကို ထည့်သွင်းစိုက်ပျိုးခြင်းဖြင့်ရော်ဘာအစေး မထွက်မီ ဝင်ငွေ ရရှိနိုင်ခြင်း ၊ မြေအသုံးချမှု ကို မြှင့်တင်နိုင်ခြင်း ၊ မြေဆီလွှာ တိုက်စားမှုကိုကာကွယ်နိုင်ခြင်း ၊ လုပ်သားတည်ငြိမ်မှုကို ရရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ကို ပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းအရင်းအမြစ်- တာချီလိတ်ခရိုင်စိုက်ပျိုးရေး/DOA Doa Bureau