ကရင်ပြည်နယ်အတွင်း အဆင့်မြင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထုတ်လုပ်ရန် လေ့လာ

ကရင်ပြည်နယ်အတွင်းက တောင်သူတွေနဲ့ စိုက်ပျိုးရေးဝန်ထမ်းတွေဟာ ဘေးအန္တရာယ်ကင်းတဲ့ ဟင်းသီးဟင်းရွက်တွေကို အဆင့်မြင့်နည်းစနစ်တွေနဲ့ စိုက်ပျိုးထုတ်လုပ်နိုင်ဖို့ ရန်ကုန်မှာ အဆင့်မြင့် ခေတ်မီစီးပွားဖြစ် ဟင်းသီးဟင်းရွက်ပြပွဲကို သွားရောက် လေ့လာနေပါတယ်။

ကရင်ပြည်နယ်အတွင်းက စိုက်ပျိုးရေးဝန်ထမ်းတွေ၊ တောင်သူလယ်သမားတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင် တောင်သူ စုစုပေါင်း ၂၆၀ ကျော်ဟာ ဇန်နဝါရီ ၃၁ ရက် မနက်က ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံ သုတေသနဲ့ ဖွံ့ဖြိုးရေးဗဟိုဌာန (VFRDC) မှာ ပြုလုပ်တဲ့ အဆင့်မြင့် ခေတ်မီ စီးပွားဖြစ် ဟင်းသီးဟင်းရွက်ပြပွဲကို သွားရောက်လေ့လာခဲ့တာပါ။

ဘားအံခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်ဝင်းလတ်က “တောင်သူတွေအနေနဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးတဲ့အချိန်မှာ ရာသီအလိုက် စိုက်နည်းစနစ်တွေ သိစေချင်တယ်။ GAP စိုက်တဲ့နည်းစနစ်တွေ၊ အရည်အသွေးကောင်းတဲ့ ဟင်းသီးဟင်းရွက်တွေကို ထုတ်လုပ်စေချင်တယ်။ ထုတ်လုပ်နေတာလည်း မျက်ဝါးထင်ထင် တွေ့ရအောင်” လို့ ပြောပါတယ်။

ဘားအံမြို့နယ်၊ အလင်္ဝကုန်းကျေးရွာနေ ဒေါ်နှင်းညွန့်က “အရင်တုန်းက တပိုင်တနိုင်ပဲ စိုက်နေကြတယ်။ ရောင်းဖို့တော့မရှိဘူး။ အခု ဒီမှာတွေ့တော့ စီးပွားရေးလုပ်ဖို့ စိတ်မှာပေါ်လာတယ်။ ဒီက ထုတ်လုပ်နည်း စိုက်ပုံစိုက်နည်းတွေ တွေ့ပြီးတော့ စိုက်မယ်။ တခြားသူလည်း ပြန်မျှဝေပေးမယ်” လို့ ပြောပါတယ်။

အဲဒီ လေ့လာရေးခရီးကို ပြည်နယ်၊ ခရိုင်၊ မြို့နယ်တွေက စိုက်ပျိုးရေးဝန်ထမ်းတွေ၊ ဖာပွန်၊ သံတောင်ကြီး၊ ကော့ကရိတ်၊ ဘားအံ၊ လှိုင်းဘွဲ့၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး စတဲ့ဒေသက တောင်သူလယ်သမားတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင် တောင်သူတွေ၊ အိုင်အန်ဂျီအို၊ အန်ဂျီအို စုစုပေါင်း ၂၆၀ ကျော် သွားရောက်လေ့လာခဲ့တာပါ။

လေ့လာရေးအဖွဲ့ဟာ ဟင်းသီးဟင်းရွက် သစ်သီးဝလံ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန (VFRDC) မှာ စိုက်ပျိုးပြသထားတဲ့ သြဂဲနစ် ဟင်းသီးဟင်းရွက်စိုက်ခင်း၊ အိမ်ခြံဝင်းစိုက်ခင်း၊ မျိုးစေ့ထုတ်စိုက်ခင်း၊ နည်းပညာပေးစိုက်ခင်း၊ ပုဂ္ဂလိက အရောင်းဆိုင်ခန်းတွေကိုလည်း လေ့လာခဲ့ကြပါတယ်။

ဇန်နဝါရီ ၂၆ ရက် မနက်က ပြည်နယ်အစိုးရအဖွဲ့ရဲ့ စီစဉ်ပေးမှုနဲ့ ပြည်နယ်ဦးစီးမှူး တိုင်းရင်းသား လက်နက်ကိုင်တွေဖြစ်တဲ့ ကေအန်ယူ၊ ကေအန်အယ်လ်အေ (ပီစီ)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ)၊ ဖာပွန်၊ သံတောင်ကြီး၊ လှိုင်းဘွဲ့နဲ့ ဘားအံမြို့နယ်တွေက တောင်သူလယ်သမား ၄၀ ဦးက ဟင်းသီးဟင်းရွက် သစ်သီးဝလံပြပွဲကို တက်ရောက် လေ့လာခဲ့ပါတယ်။

ရဲမင်းခေါင် DVB