ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်အတွင်း GAP နည်းစနစ်မိတ်ဆက်ပေးရန်နှင့် ရိတ်သိမ်းချိန်လွန်နည်းပညာများဖြန့်ဖြူးရေးလုပ်ငန်းများဆောင်ရွက်မည့် မေတ္တာ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ သဘောတူလက်မှတ်ရေး ထိုးခြင်းကို ဇူလိုင်လ ၁၇ ရက် နံနက် ၉နာရီအချိန်က နေပြည်တော် ရုံးအမှတ် ၁၅ ရှိ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါစီမံကိန်းကို ၂၀၁၈-၂၀၁၉ မှ ၂၀၁၉-၂၀၂၀ အတွင်း ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်မှ စိတ်ပါဝင်စားသည့်တောင်သူများအား GAP နည်းစနစ် မိတ်ဆက်အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်ပေးခြင်း နှင့် ဆောင်ရွက်လိုသည့် ကျေးရွာ ၆ ရွာ အား ရွေးချယ်၍ မြေပဲ နှင့် ငရုတ် သရုပ်ပြစိုက်ကွက်များ ဆောင်ရွက်ပေးမည်ဖြစ်သကဲ့သို့ ရိတ်သိမ်းပြီးနောက် မျိုးစေ့ မျိုးဆံနှင့် သီးနှံထွက်ကုန်များအား စနစ်တကျ ကိုင်တွယ် သိုလှောင်ခြင်း နှင့် စီမံခန့်ခွဲခြင်းလုပ်ငန်းများကို ရေရှည်တွင် ကျွမ်းကျင်စွာဆောင်ရွက်နိုင်ကြစေရေး နည်းပညာပေးဆောင်ရွက်မည်ဖြစ်သည်။
ထို့အပြင် စနစ်တကျစိုက်ပျိုးထုတ်လုပ်မှုဖြင့် ထွက်ရှိလာသောသီးနှံများ အပေါ် GAP အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်း ကိုလည်း စိုက်ပျိုးရေး ဦးစီးဌာန၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။