ကော်ဖီ GAP အသိအမှတ်ပြုလက်မှတ် ပေးအပ်

စိုက်ပျိုးရေးဦးစီးဌာနသည် အာဟာရပြည့်ဝပြီး ဘေးအန္တရာယ်ကင်းသောအစားအစာထုတ်လုပ်နိုင်ရန်၊ ပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းစေရန် ၊ ပြည်သူများ၏ ကျန်းမာရေးနှင့်လူမှုဘဝမြင့်မားစေရေးအထောက်အကူပြုနိုင်ရန်တို့ ကို ရည်ရွယ်၍ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ ( မြန်မာ GAP )ကို ရေးဆွဲခဲ့ပြီး သတ်မှတ် GAP စံနှုန်းများအတိုင်း ကျင့်သုံးဆောင်ရွက်သော ထွက်ရှိသီးနှံများအား ဈေးကွက်တင်ပို့ချိန်အမီ GAP ထောက်ခံချက်လက်မှတ်များ ထုတ်ပေးလျက်ရှိရာ ဧပြီလ ၂၆ ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ကော်ဖီသုတေသနနှင့်နည်းပညာပြန့်ပွားရေးဗဟိုဌာန အစည်းအဝေးခန်းမ၌ နိုင်ငံပိုင်ကော်ဖီခြံနှင့် ပုဂ္ဂလိကခြံများအား ကော်ဖီသီးနှံစိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်ကောင်းများ စိုက်ပျိုးထုတ်လုပ်ခြင်း GAP(Good Agricultural Practices) အသိမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနားကိုကျင်းပခဲ့သည်။

အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့်၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေ နှင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ်များမှ စိုက်ပျိုးရေးဦးစီးမှူးများ တက်ရောက်ကြသည်။

GAP အသိမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က အဖွင့်အမှာစကားပြောကြားပြီး ကော်ဖီသီးနှံစိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်ကောင်းများ စိုက်ပျိုးထုတ်လုပ်ခြင်း GAP လက်မှတ် ရရှိသော ဌာနပိုင်ကော်ဖီခြံများဖြစ်သည့် ပြင်ဦးလွင်မြို့မှ ကော်ဖီသုတေသနနှင့်နည်းပညာပြန့်ပွားရေးဗဟိုဌာန၊ ပွေးတောင်ကော်ဖီခြံ၊ ဒိုးကွင်ကော်ဖီခြံ၊ လက်ပန်ကုန်းကော်ဖီခြံနှင့် မိုးကုတ်မြို့နယ်၊ မိုးကုတ် ကော်ဖီခြံတို့ကိုလည်းကောင်း၊ ပုဂ္ဂလိကကော်ဖီခြံများဖြစ်သည့် ပြင်ဦးလွင်မြို့မှ စည်သာကော်ဖီခြံ၊ Green Land ကော်ဖီ ခြံ (၁) (၂)၊ မြမြန်မာကော်ဖီခြံ၊ Creation Myanmar ကော်ဖီခြံ၊ မိုးကုတ်မြို့နယ်၊ မိုးကုတ် ကော်ဖီခြံ(ဦးခင်မောင်ဝင်း)၊ ယမုံနာကော်ဖီခြံ၊ အောင်ကော်ဖီခြံနှင့် နောင်ချိုမြို့နယ်၊ မိုးထက်ကော်ဖီ ခြံ တို့အား GAP လက်မှတ်များ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ကော်ဖီသီးနှံအပါအဝင် သီးနှံ(၁၅)မျိုးအတွက် GAP Guideline များ ချမှတ်ထားပြီး သက်ဆိုင်ရာ ပညာရှင်များက ကွင်းဆင်းစစ်ဆေးခြင်း ၊ ထိန်းကျောင်းကြပ်မတ်ခြင်း ၊ အကြံပြုခြင်းများဆောင်ရွက်ပေးကာ GAP Guideline အား တိကျစွာလိုက်နာဆောင်ရွက်မှုအရ ထွက်ရှိလာသော သီးနှံအပေါ် ထောက်ခံချက်လက်မှတ်များ ထုတ်ပေးခြင်းဖြစ်ပြီး ယနေ့အခမ်းအနားတွင် ဌာနပိုင်ခြံ ၅ ခု နှင့် ပုဂ္ဂလိကခြံ ၉ ခုတို့အား ထောက်ခံချက်လက်မှတ်များ ထုတ်ပေးခဲ့ကြောင်း ၊ ပြည်ပဈေးကွက်၏ စိတ်ဝင်စားမှုရရှိနေသော မြန်မာ့ကော်ဖီသီးနှံအနေဖြင့် ယခုကဲ့သို့ GAPအသိအမှတ်ပြုလက်မှတ်ရရှိခြင်းသည် ဈေးကွက်ပိုမိုသေချာစေမည်ဖြစ်ကြောင်း သိရှိရသည်။