ဂေါ်ဖီထုပ်

အမည်    –  ဂေါ်ဖီထုပ်

သိပ္ပံအမည်   –  Brassica oleracea, Var; Capitata

မျိုးရင်း   –  Cruciferae

ဂေါ်ဖီထုပ်၏ မူရင်းဒေသမှာ ဥရောတိုက် တောင်ပိုင်းနှင့် အာရှတိုက် အနောက်ပိုင်း မြေထဲပင်လယ်အနီးပတ်၀န်းကျင်ဒေသ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဂေါ်ဖီထုပ်ကို ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်တိုင်း              ဒေသကြီးတို့တွင် အဓိကစိုက်ပျိုးကြပြီး ပြည်တွင်းစားသုံးမှု မြင့်မား၍၊ ပြည်ပပို့ကုန် အလားအလာရှိသော သီးနှံဖြစ်သည်။ ဂေါ်ဖီထုပ်များကို အလုံးပုံ၊ အပြားပုံ၊ ထိပ်ချွန်ပုံနှင့် ရံဖန်ရံခါ ဘဲဥပုံများ တွေ့ရှိရတတ်သည်။ အချို့မျိုးများအား အနီရောင်၊ ခရမ်းရောင် စသည့်အရောင်ဖြင့် ခွဲခြားနိုင်ပြီး၊ အရွက်ချောမျိုး၊ ရွက်တွန့်မျိုး စသည်ဖြင့်လည်း ခွဲခြားနိုင်ပါသည်။ သက်တမ်း အလိုက် ဂေါ်ဖီထုပ်အမျိုးအစား(၃)မျိုး ခွဲခြားနိုင်ပြီး၊ သက်လျင်မျိုး (၉၀-၁၁၀)ရက်၊ သက်လတ်မျိုး (၁၁၀-၁၃၀)ရက်၊ သက်ကြီးမျိုး(၁၃၀-၁၅၀)ရက် စသည်တို့ ဖြစ်ကြသည်။  

ဂေါ်ဖီထုပ်သည် မြေသြဇာလိုအပ်မှု မြင့်မားပြီး ရောဂါပိုးမွှားကျရောက်မှု များပြား သော သီးနှံဖြစ်သောကြောင့် သီးနှံစိုက်ပျိုးသူများသည် ဓါတ်မြေသြဇာနှင့် ပိုး၊ မှိုသတ်ဆေး များကို အလွန်အကျွံ သုံးစွဲနေကြပါသည်။ အရည်အသွေးပြည့်မီပြီး စားသုံးသူများ ဘေးအန္တရာယ်ကင်းဝေးစေမည့် ဂေါ်ဖီထုပ်များ ထုတ်လုပ်နိုင်ရန်အတွက် စိုက်ပျိုးရေးအလေ့ အကျင့်ကောင်းများအား လိုက်နာကျင့်သုံးရန် လိုအပ်နေပါသည်။

ဂေါ်ဖီထုပ်ကို စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများနှင့် စိုက်ပျိုးထုတ်လုပ်မည် ဆိုပါက အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရပါမည်။

စိုက်ပျိုးမည့်မြေနေရာရွေးချယ်ခြင်း

  • စိုက်ပျိုးမြေနှင့် အနီးပတ်ဝန်းကျင်ရှိ မြေသည် ဓါတုနှင့် ဇီဝဆိုင်ရာ အန္တရာယ်ရှိသည့် မြေနေရာ မဖြစ်စေရ။ မြေရွေးချယ်မှု မှားယွင်းပါက စီးပွားရေး၊ သီးနှံအရည်အသွေး နှင့် ပတ်၀န်းကျင်ဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုများ ဖြစ်လာနိုင်သည်။
  • ဂေါ်ဖီထုပ်မစိုက်ပျိုးမီ မြေဆီလွှာစစ်ဆေးမှု ပြုလုပ်သင့်ပါသည်။ Heavy metals ပါ၀င်မှု၊ မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိ၊ ဓါတ်ဂုဏ်သတ္တိများကို သိရှိနိုင်ရန်နှင့်၊ ဂေါ်ဖီထုပ်စိုက်ရန် သင့်လျော်သည့် မြေဆီလွှာကောင်း တစ်ခုအဖြစ် ပြုပြင်နိုင်ရန် ရည်ရွယ်ပါသည်။
  • သတ်မှတ်ထားသည့် နှုန်းထားထက် စိုက်ပျိုးမြေတွင် Heavy metals များပါ၀င် နေပါက ဂေါ်ဖီထုပ်ကဲ့သို့ မြေနှင့်တိုက်ရိုက် ထိတွေ့သည့်သီးနှံများအားအဆိုပါ        မြေတွင် လုံး၀မစိုက်ပျိုးသင့်ပါ။
  • စစ်ဆေးဆောင်ရွက်ရလွယ်ကူစေရန် စိုက်ကွင်းမြေပုံနှင့် မှတ်တမ်းထားရှိရမည်။
  • ဂေါ်ဖီထုပ်သည် မြေအမျိုးအစားမရွေး ဖြစ်ထွန်းပါသည်။ မြေသြဇာအလွန် စားသုံးသည့် အပင်မျိုးဖြစ်သဖြင့် သဲနုန်းမြေတွင် အများဆုံး ဖြစ်ထွန်းသည်။ မြေချဉ်/ငံ ဓါတ် (၅.၅ မှ ၆.၅) အတွင်းရှိ၍ ရေစီးရေလာကောင်းပြီး၊ ရေသွင်းရေထုတ် လွယ်သည့်မြေကို ပိုမိုနှစ်သက်သည်။

ရေ

  • စိုက်ပျိုးရာတွင် အသုံးပြုမည့် ရေအရည်အသွေးကို ဓါတ်ခွဲစစ်ဆေးရမည်။
  • မွေးမြူရေးဇုံ၊ ဆေးရုံ၊ စက်ရုံများမှ ဖြတ်သန်းလာသောရေ၊ မြူနီစပယ်စွန့်ပစ်ရေနှင့် သဘာဝ ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်ပေါ်နိုင်သည့် ရေများကို အသုံးမပြုရ။ (ရေဆိုးရေညစ်များကို ပြန်လည်စီရင်၍ အသုံးပြုလျှင် WHO Guideline အရ လိုက်နာအသုံးပြုရန်)။
  • အပင်ငယ်စဉ်တွင် မိုးရွာသွန်းမှု များပြားပါက အပင်ထိခိုက်နိုင်သကဲ့သို့၊ ရေမငတ် စေရန်အထူးဂရုပြုရမည်။

မျိုးစေ့/ပျိုးပင်

  • ရေမြေဒေသနှင့် ကိုက်ညီပြီး ပိုးမွှားရောဂါ ကင်းစင်သည့် အရည်အသွေးကောင်း     မျိုးများကိုရွေးချယ် စိုက်ပျိုးသင့်ပါသည်။
  • စိုက်ပျိုးမည့် မျိုးစေ့၊ ပျိုးပင်များ ရရှိသည့်နေရာ၊ ရရှိသည့်အရေအတွက်နှင့်၊ ရရှိသည့် နေ့စွဲတို့ကို မှတ်တမ်းတင် ထားရှိသင့်ပါမည်။
  • ဂေါ်ဖီထုပ်ကို ပျိုးထောင်၍ စိုက်ပျိုးကြပါသည်။ မျိုးစေ့လိုအပ်ချက်မှာ တစ်ဧကလျှင် (၂၀၀) ဂရမ် ဖြစ်ပါသည်။
  • ၀ယ်ယူစိုက်ပျိုးသည့် မျိုးစေ့များအား မျိုးအမည်၊ ထုတ်လုပ်သည့် ကုမ္ပဏီအမည်၊ Log No. တို့ကို သေချာစွာ မှတ်တမ်းတင်ထားသင့်သည်။
  • ပျိုးပင်ငယ်ဘ၀တွင် အသုံးပြုခဲ့သောပိုး၊ မှိုသတ်ဆေး ပက်ဖျန်းမှုများအား သေချာစွာ မှတ်တမ်းတင်ထားသင့်ပါသည်။

မြေသြဇာနှင့်မြေဆီလွှာဖြည့်စွက် ပစ္စည်းများ

  • စိုက်ပျိုးသည့် သီးနှံတစ်ခုချင်းအတွက် အသုံးပြုသည့် မြေသြဇာ (သို့မဟုတ်) မြေဆီလွှာ ဖြည့်စွက်ပစ္စည်းများတွင် အန္တရာယ်ဖြစ်စေသော ဓါတုနှင့် ဇီဝဆိုင်ရာ ပစ္စည်းများ ပါဝင်ခြင်းမရှိစေရပါ။
  • သဘာဝမြေသြဇာများအား ကောင်းစွာဆွေးမြေ့အောင် ဆောင်ရွက်ပြီးမှ  အသုံးပြု သင့်ပါသည်။
  • မြေသြဇာ (သို့မဟုတ်) မြေဆီလွှာဖြည့်စွက်ပစ္စည်းများ ရောနှောခြင်းနှင့် သိုလှောင်ခြင်း၊  အော်ဂဲနစ်ပစ္စည်းများ ဆွေးမြေ့စေရန် ဆောင်ရွက်ခြင်းတို့ကိုမြေနှင့် ရေအရင်းအမြစ် သန့်ရှင်းမှု ထိခိုက်စေသော နေရာများတွင် မပြုလုပ်ရပါ။
  • မြေသြဇာ (သို့မဟုတ်) မြေဆီလွှာဖြည့်စွက်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် တရား ဝင်မှတ်ပုံတင်ထားသော ပစ္စည်းများ ဖြစ်ရမည့် အပြင်၊ မှတ်တမ်းများထားရှိရမည်။
  • မြေဆီလွှာ စစ်ဆေးမှုရလဒ်ပေါ်မူတည်၍ မြေချဉ်ငံဓါတ်နှင့် အာဟာရချို့တဲ့မှုများကို ပြင်ဆင်ပေးသင့်ပါသည်။
  • စိုက်ပျိုးသည့် မြေနေရာတွင် ရေဝပ်ခြင်းနှင့် ရေနစ်မြုပ်ခြင်း မဖြစ်သင့်ပါ။
  • ဂေါ်ဖီထုပ်သည် အမြစ်တိမ်ပြီး သက်တမ်းတိုသည့် သီးနှံဖြစ်သောကြောင့် မြေသြဇာ ကျွေးခြင်းကို စနစ်တကျ အချိန်မီ ဆောင်ရွက်သင့်ပါသည်။။
  • မြေဆီလွှာသုံးစွဲခြင်းနှင့် ဆက်စပ်သည့် သီးနှံစိုက်ပျိုးရေး မှတ်တမ်းများ ထားရှိသင့် ပါသည်။
  • လိုအပ်ပါက ရွက်ဖျန်းမြေသြဇာများလည်း အသုံးပြုနိုင်ပါသည်။ အနည်းလို အာဟာရ ချို့တဲ့မှုများရှိတတ်သဖြင့် ဘိုရွန်၊ ကယ်လ်ဆီယမ်ကဲ့သို့သော အနည်းလိုအာဟာရ များကို ပက်ဖျန်းပေးပါ။
  • မြေချဉ်လွန်းပါက အမြစ်ပုပ်ရောဂါဖြစ်တတ်ပြီး အပင်မသန်မစွမ်း ဖြစ်တတ်        သောကြောင့် မြေပြင်ချိန်တွင် မှန်ကန်သော ထုံးပမာဏကို ထည့်ပေးသင့်ပါသည်။

စိုက်ပျိုရေးသုံး ဓါတုဆေးများနှင့် အခြားဓါတုပစ္စည်းများ

တရားဝင်မှတ်ပုံတင် စာရင်းသွင်းထားသော ပိုးသတ်ဆေး၊ အပင်ထွက် ပိုးသတ်ဆေး နှင့် အဏုဇီဝပိုးသတ်ဆေးများကို အသုံးပြုသင့်ပါသည်။

  • ဓါတုဆေးများ အသုံးပြုမှု အနည်းဆုံးဖြစ်စေရန် ဘက်စုံပိုးမွှားကာကွယ်ရေး နည်းစနစ် များကို အသုံးပြုသင့်ပါသည်။
  • ပိုးသတ်ဆေးဥပဒေ၊ မြေသြဇာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပတ်ဝန်းကျင် ညစ်ညမ်း ခြင်းနှင့် လူသားတို့၏ကျန်းမာရေး ထိခိုက်မှုများ မဖြစ်စေရေး အထူးဂရုပြုရမည်။
  • ပိုးသတ်ဆေး စနစ်တကျ ကိုင်တွယ် သုံးစွဲနည်းများကို သိရှိနားလည်ထားရမည်။
  • ဓါတုဆေးများ ဝယ်ယူ၊ သိုလှောင်၊ သုံးစွဲမှု၊ အသုံးချမှုနှင့် စွန့်ပစ်မှုတို့ကို စနစ်တကျ ဆောင်ရွက်၍  မှတ်တမ်းများထားရှိရမည်။
  • လောင်စာဆီ၊ ချောဆီနှင့် အခြားသော စိုက်ပျိုးရေးသုံး မဟုတ်သည့်ဓါတုဆေးများကို သီးနှံများ ညစ်ညမ်းမှုအန္တရာယ် အနည်းဆုံးဖြစ်စေရန် ကိုင်တွယ်အသုံးပြုခြင်း၊ သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်းတို့ကို ပြုလုပ်သင့်ပါသည်။
  • သတ်မှတ်ထားသည့် သုံးစွဲပုံအဆင့်ဆင့်ကို လိုက်နာရန်နှင့် ပိုးသတ်ဆေး ဖျန်းခြင်းကို စီးပွားရေး ထိခိုက်နိုင်သောအဆင့် ရောက်ချိန်တွင်ဆောင်ရွက်သင့်ပါသည်။
  • ဆေးဖျန်းပြီးချိန်တွင် ဆေးဖျန်းသူများမှာ အဝတ်အစားလဲခြင်း၊ ရေချိုးသန့်စင်ခြင်း များပြုလုပ်ရပါမည်။
  • ပိုးသတ်ဆေး အဆိပ်သင့်မှုဖြစ်ပါက ဆေးကုသမှု ခံယူရမည်။
  • ပိုးသတ်ဆေးဖျန်းသည့်သူများသည် ကျန်းမာရေး စစ်ဆေးမှုများကို ပုံမှန်ဆောင်ရွက် ရန် လိုအပ်ပါမည်။
  • ဂေါ်ဖီထုပ်ကို မချက်ပြုတ်ဘဲ အစိမ်းစားသုံးလေ့ရှိသောကြောင့် ဆေးဖျန်းပြီးနောက် သက်ဆိုင်ရာ ဆေးအလိုက် မရိတ်သိမ်းမီ စောင့်ဆိုင်းရမည့် ရက်ကာလ အပိုင်းအခြား (PHI) (၂၁ ရက်) ကို အတိအကျလိုက်နာရန် အထူးလိုအပ်သည်။
  • ဂေါ်ဖီထုပ်များရှိ ပိုးသတ်ဆေးဓါတ်ကြွင်းများ (MRLs) များကို မခူးဆွတ်မီ ဓါတ်ခွဲ ခန်းပို့ စစ်ဆေးရမည်။

အပင်ပြုစု စောင့်ရှောက်ခြင်း

အရည်အသွေးကောင်း ဂေါ်ဖီထုပ်စိုက်ပျိုးရန် အောက်ဖော်ပြပါနည်းလမ်းများကို လိုက်နာ ဆောင်ရွက်သင့်သည်။

  • ဂေါ်ဖီထုပ်သည် အအေးဓါတ်ကို နှစ်သက်သော အအေးပိုင်းသီးနှံဖြစ်ပြီး၊ စိုစွတ်သည့် ရာသီဥတုကို အထူးကြိုက်နှစ်သက်သည်။
  • ပျမ်းမျှအပူချိန် (၁၆-၂၁) ဒီဂရီစင်တီဂရိတ် (ºC) တွင် အကောင်းဆုံးဖြစ်ထွန်းပြီး၊ (၁၃) ဒီဂရီစင်တီဂရိတ် (ºC) အောက်နှင့် (၂၇) ဒီဂရီစင်တီဂရိတ် (ºC) ထက်ကျော်ပါက ကြီးထွားမှုနှေးကွေးသွားမည်။
  • အစေ့မှ အပင်ပေါက်ရန် အကောင်းဆုံး မြေအပူချိန်မှာ (၁၃-၁၆) ဒီဂရီစင်တီဂရိတ် (ºC) ဖြစ်သည်။
  • ကျစ်လစ်ဖွံ့ဖြိုးသော ဂေါ်ဖီထုပ် ဖြစ်ပေါ်စေရန် အေးမြသောရာသီဥတု အထူးလိုအပ် သည်။
  • ထယ်ထိုး၊ ထွန်မွှေပြီးလျှင် စိုက်ကျင်းကို (၁.၅ – ၂) ပေ၊ တန်းကြားအကွာအဝေး (၂-၂.၅) ပေ ထား၍ စိုက်ပျိုးသင့်ပါသည်။
  • ရာသီဥတုပေါ်မူတည်ပြီး ပျိုးထောင်၍ ပျိုးသက် ၂၁-၄၅ ရက်အတွင်း ပြောင်းရွှေ့ စိုက်ပျိုးနိုင်သည်။
  • သန်မာသော ပျိုးပင်များ ရွေးချယ်စိုက်ပျိုးသင့်ပါသည်။
  • မိုးအုံ့သောနေ့ဖြစ်စေ၊ ညနေအေးမှဖြစ်စေ ပြောင်းရွှေ့စိုက်သင့်သည်။
  • စိုက်ပျိုးချိန်များမှာ မြေပြန့်ဒေသတွင် စက်တင်ဘာလမှ အောက်တိုဘာလအတွင်း စတင်၍၊ တောင်ပေါ်ဒေသများတွင် အပူချိန်နိမ့်သော ရာသီ၌ စိုက်ပျိုးကြပြီး၊ အများအားဖြင့် မတ်၊ ဧပြီ နှင့် စက်တင်ဘာ၊ အောက်တိုဘာလတို့တွင် စိုက်ပျိုးကြ ပါသည်။
  • မြေဩဇာကျွေးချိန်တွင် မြေကြီးထဲတွင် လုံလောက်သော အစိုဓာတ် ရှိရပါမည်။
  • ယူရီးယားကို ရွှေ့စိုက်ပြီး ၁၀ရက် အကြာတွင် လည်းကောင်း၊ ပထမအကြိမ် ထည့်ပြီး (၁၄)ရက် အကြာတွင်လည်းကောင်း၊ ခေါင်းအထုပ်ဖြစ်ပေါ်ချိန်တွင် အပင်သန်စွမ်းမှုကို ကြည့်၍လည်းကောင်းထည့်သွင်းရမည်ဖြစ်ပြီး၊ပိုတက်ရှ်ကိုဂေါ်ဖီထုပ်ဖြစ်ပေါ်ချိန်တွင် ထည့်သွင်းသင့်ပါသည်။
  • ဆွတ်ခူးခါနီးလျှင် ရေကိုလျှော့လောင်းပါမှ အထုပ်ကွဲမှုသက်သာပါမည်။ မိုးရွာသွန်းမှု များလျှင်လည်း ဤသို့ဖြစ်တတ်ပါသည်။ အထုပ်ကွဲမှုမှ ကာကွယ်ရန် အပင်ကိုနှဲ့ပေး၊ လှည့်ပေးသင့်ပါသည်။
  • မိုးနှင့် ဆောင်း (၂) မျိုးရှိ၍ စိုက်ပျိုးနည်းစနစ် ခွဲခြားရန်လိုအပ်။
  • ဆောင်းဂေါ်ဖီ ပျိုးခင်းများကို ဆီးနှင်းရိုက်ခြင်းများ သက်သာစေရန် အမိုးပြုလုပ်သင့်။
  • ဂေါ်ဖီထုပ် ပျိုးပင်များမှာ (၂၅) ရက်မှ (၁) လသားအတွင်းသာကြီးထွားမှုမြန်နိုင်။
  • ပျိုးပင်များ ပြောင်းရွှေ့စိုက်ပျိုးရာတွင် (၂၀) ရက်သားတွင် ပြောင်းရွှေ့စိုက်ပျိုးရန် ပိုမို သင့်လျော် ။
  • ပြောင်းရွှေ့စိုက်ပြီး (၁၅) ရက်ကြာလျှင် ပေါင်းသင်၊ မြေဆွပြီး ယူရီးယား (၁) ကြိမ်ထည့် သင့်ပါသည်။

ဂေါ်ဖီထုပ်တွင်ကျရောက်တတ်သော ပိုးမွှားများ

စဉ် ဖျက်ပိုးအမည် သက်ရှိအမည် ဖျက်ဆီးမှုလက္ခဏာ ကျရောက်သည့်အချိန် ကာကွယ်နှိမ်နင်းခြင်း
၁။ စိန်ကွက်ဖလံ(Diamond back moth- DBM) Plutella xylostella ​လောက်ကောင်သည် ဂေါ်ဖီထုပ်၏ အစိမ်းပိုင်းကို ခြစ်စားသည်။ အရွက်များတွင် အဖြူရောင်ကွက် များဖြစ်နေပြီး ပုံသဏ္ဍာန်မမှန်သော အပေါက်များ အရွက်အလယ်ကြော တွင်တွေ့ရသည်။အကောင်များပြား ပါက အရွက်အလယ်ကြောသာ ကျန်ခဲ့သည်။ ရုပ်ဖုံးကို အရွက် ပေါ်တွင် မြင်တွေ့နိုင်သည်။ ပျိုးပင်ပေါက်အဆင့်မှ ပင်ပိုင်းကြီးထွားချိန် တစ်လျောက် ကျရောက်နိုင် ပါသည်။ ပေါင်းမြက်များရှင်းလင်းပါ။ Yellow Sticky Trap သုံး၍ ပိုးဦးရေအား ကင်းထောက်ပါ။ ထောင်ချောက်သီးနှံစိုက်ပျိုးပါ။ ရေဖြန်းပါ။သီးလှည့်/ သီးညှပ် စိုက်ပျိုးပါ။ တမာပိုးသတ်ဆေး (သို့) ထိသေစားသေ ပိုးသတ်ဆေး တစ်မျိုးမျိုး ပက်ဖျန်းပါ။
၂။ ပိုးနဂါး Spodoptera litura ပျိုးခင်းတွင် ဆိုးဝါးစွာ ကျရောက် သည်။ အပင်ငယ်စဉ်တွင် အရွက် အစိမ်းပိုင်းကို စုပြုံ၍ ခြစ်စားကြ သဖြင့် အရွက်များ ရွက်ကြောသာ ကျန်ပြီး အစိမ်းရောင် ပျောက်နေ၍ ဇကာပေါက်ကဲ့သို့ဖြစ်မည်။ အကောင်ကြီး အဆင့်တွင် အရွက် များကိုကိုက်ဖြတ်စားကြသည်။ အချို့အပင်ငယ်များကို အရင်းမှ ကိုက်ဖြတ်ချတတ်သည်။ ပင်ပိုင်းကြီးထွားချိန် တစ်လျောက် ကျရောက်နိုင် ပါသည်။ ပေါင်းမြက်များရှင်းလင်းပါ။ ထယ်ရေးနက်နက်ထွန်ပေးပါ။ မြေပြင်ချိန်တွင် ပိုးသတ်ဆေး တစ်မျိုးမျိုးထည့်ပါ။ မီးထောင် ချောက်ထွန်းပါ။ ထိသေစားသေ ပိုးသတ်ဆေးတစ်မျိုးမျိုးအား ညနေပိုင်းတွင် ပက်ဖျန်းပါ။
၃။ မုန်ညင်းမုန်လာ လိပ်ပြာဖြူ Pieris rapae အရွက်များကို ကိုက်ဖြတ် စားသောက်ပြီး အရွက်မျက်နှာပြင် ပေါ်တွင် ပိုးချေးများကိုတွေ့နိုင် သည်။ ဆိုးဝါးစွာကျရောက်ပါက အညွန့် ကျိုး၍ အပင်သေဆုံးနိုင် ပါသည်။ ပျိုးပင်ပေါက်အဆင့်မှ ပင်ပိုင်းကြီးထွားချိန် တစ်လျောက် ကျရောက်နိုင် ပါသည်။ ပေါင်းမြက်များရှင်းလင်းပါ။ ရေဖြန်းပါ။ ထိသေစားသေပိုးသတ် ဆေးတစ်မျိုးမျိုး ပက်ဖျန်းပါ။
၄။ ပျပိုး Aphis gossypii အပွင့်များအရွက်များ ပုံသဏ္ဍာန် မမှန်ခြင်း၊ အရောင်ပြောင်း၍ ညိုး သွားခြင်းနှင့် ကြပ်ခိုးမှိုများ ဖြစ်ပေါ် စေနိုင်သည်။ ပင်ပိုင်းကြီးထွားမှု နှေးကွေးပြီး အပင်များပု၍ သေး ကွေးခြင်း ဖြစ်ပေါ်မည်။ ပန်းပွင့်ချိန်၊ အသီးသီးချိန် နှင့် ပင်ပိုင်းကြီးထွားချိန် တစ်လျောက် ကျရောက်နိုင် ပါသည်။ အပင်များအား လေဝင်လေထွက် ကောင်းစေရန် ကိုင်းခုတ်/      ကိုင်းဖြတ်ခြင်းများ ပြုလုပ်ပါ။ ပင်လုံးပြန့်အာနိသင်ရှိသော ပိုးသတ်ဆေးတစ်မျိုးမျိုး ပက်ဖျန်း ပါ။
၅။ ထွာကောင်စိမ်း (Semi-Looper) Trichoplusiani ဖျက်ဆီးမှုမြန်ဆန်များပြားသည်။ အစိမ်းရောင်ပေါ်တွင် အဖြူရောင် ဘေးအစင်းများဖြင့်လောက်ကောင် စိမ်းသည် အရွက်များကို ကိုက်ဖြတ် စားသောက်ပြီး၊အရွက်များ ပေါက်ပြဲ စုတ်ပြတ်နေသည်ကို တွေ့ရှိ ရသည်။ အပင်သက်တမ်း တလျှောက်တွင် ကျရောက်တတ်သည်။ တမာပိုးသတ်ဆေး၊ ဆေးရွက်ကြီး၊  ကြက်သွန်ဖြူစသော အပင်ထွက် ပိုးသတ်ဆေးများကို အလှည့်ကျ ပက်ဖျန်းပေးပါ။ ထိသေ စားသေ ပိုးသတ်ဆေးတစ်မျိုးမျိုး ဖျန်းပေးပါ။
၆။ မုန်ညင်းပွင့်ကပ်လောက်ကောင် (Head Caterpillar) Crocidolomiabinotalis အရွက်များပေါ်တွင် အုပါက ပေါက်လာသော လောက်ကောင် သည် အရွက်များကိုစားပြီး အဖူး ပေါ်တွင် အုပါကချည်မျှင်ဖြင့် လုံးထွေးဝင်စားသည်။ အရွက်များ ရွက်ကြောပေါ်နေသည်။ အသီးများတွင် အပေါက် တွေ့ရ တတ်သည်။ ပင်ပိုင်းကြီးထွားချိန်တွင် ကျရောက်တတ်သည်။ ထိသေ စားသေ ပိုးသတ်ဆေး တစ်မျိုးမျိုး ဖျန်းပေးပါ။

ဂေါ်ဖီထုပ်တွင်ကျရောက်သော ရောဂါများ

စဉ် ရောဂါအမည် ရောဂါဖြစ်စေသောသက်ရှိ ရောဂါလက္ခဏာ ကျရောက်သည့်အချိန် ကာကွယ်နှိမ်နင်းနည်း
၁။ ဂေါ်ဖီထုပ် တင်းပုတ်မြစ် ရောဂါ(Club root of Cabbage) Plasmodiophorabrassicae ရောဂါရအပင်များသည် သိသာစွာညှိုး နွမ်းနေပြီး၊ အမြစ်များကို စစ်ဆေး ကြည့်ပါက ပုံမမှန်ဘဲ ထူထဲနေခြင်းနှင့် အဖုအလုံးပုံစံများကို တွေ့ရသည်။ ပျိုးပင်ငယ်များကို ရောဂါကျ ရောက် ပါကအပင်သေဆုံးသည်အထိ ဖြစ်တတ်ပြီး၊ အပင်ကြီးများတွင် အထုပ်ဖြစ်ပေါ်မှုမရှိသည်ကို တွေ့ရ သည်။ အပင်သက်တမ်း တစ်လျှောက်လုံးတွင်  ကျရောက်သည်။ ရောဂါကျပျိုးခင်းမှ ပျိုးပင်များကိုအသုံးမပြုရ။ သီးနှံအလှည့်ကျစိုက်ပါ။ ရေသွင်းရေထုတ်ကောင်းသော မြေကိုရွေးချယ်ပါ။ မြေချဉ်ငံ ဓာတ်(၇.၁ – ၇.၂) ဝန်းကျင် ရှိရမည်။ မုန်ညင်းမျိုးရင်း၀င် ပေါင်းပင်များကို ဖျက်ဆီးပစ်ပါ။
၂။ ဒေါင်းနီးရွက်ခြောက်ရောဂါ (Downy Mildew) Peronosporaparasitica အေး၍စိုစွတ်သော အခြေအနေတွင် ရောဂါပိုမို ဆိုးရွားသည်။ အပင်ငယ် များနှင့်အရွက်များပေါ်တွင် အဝါရောင် အကွက်များ စတင် ဖြစ်ပေါ်လာသည်။ ထို့နောက် ရောဂါကျရောက်မှု ဆိုးရွား လာသည်နှင့်အမျှ ရောဂါအကွက်များ ကျယ်ပြန့်လာပြီးအညိုရောင်သို့ ပြောင်းလဲသွားသည်။ ရောဂါပြင်းထန်ပါကအရွက်များ ခြောက့လာသည်။ အပင်သက်တမ်း တစ်လျှောက်လုံးတွင် ကျရောက်သည်။ (Chinese Cabbage တွင် ပိုမိုဆိုးဝါးစွာကျ ရောက်သည်။) စိုက်ခင်းကိုသန့်ရှင်းအောင် ဂရု စိုက်ပါ။ ရောဂါကျအပိုင်းများကို ခုတ်ထွင်းရှင်းလင်းပစ်ပါ။ မီးရှို့ ဖျက်ဆီးပါ။ ရောဂါကျပျိုးခင်းမှ အပင်များကို အသုံးမပြုရပါ။ သီးနှံ အလှည့်ကျစိုက်ပါ။ Metalaxyl၊ Dimethomorph၊ Azoxystrobin၊ Propineb Fosetyl- AL ပါဝင်သော ဆေးတစ်မျိုးမျိုးကိုဖျန်းပါ။
၃။ အပျော့ပုပ်ရောဂါ (Soft Rot) ErwiniaCarotovora
Subsp. Carotovora
 
အေး၍စွတ်စိုသောရာသီဥတုတွင် ရောဂါပိုမို ဆိုးရွားသည်။ မြေကြီးနှင့် ကပ်နေသော ပင်စည်နှင့် အရွက် အရင်းပိုင်းတွင် ရေစိုနာကွက်များ ဖြစ်ပေါ်ပြီး အပင်ညှိုးကျသွားသည်။ ရောဂါ ပြင်းထန်ပါက တစ်ပင်လုံး ပျော့ရိ ပုပ်သွားသည်။ အပင်သက်တမ်း        တစ်လျှောက်လုံးတွင် ကျရောက်သည်။ စိုက်ခင်းကိုသန့်ရှင်းအောင်    ဂရုစိုက်ပါ။ ရောဂါကျ အပိုင်း များကို ခုတ်ထွင်းရှင်းလင်းပစ် ပါ။ မီးရှို့ ဖျက်ဆီးပါ။ ရောဂါကျ ပျိုးခင်းမှ အပင်များကို အသုံးမပြုရပါ။ သီးနှံ အလှည့်ကျ စိုက်ပါ။  နွေထယ်ရေး ဆောင်ရွက်ပါ။ Kasugamycin၊ Copper  ပါသောမှိုသတ်ဆေးများပက် ဖျန်းပါ။
၄။ အော်လ်တာနေး ရီးယားရွက်ပြောက် ရောဂါ (Alternaria Leaf Spot) Alternaria brassicola အောက်ပိုင်းရှိ အရွက်များတွင် မီးခိုး ဝါရောင် ရေစိုနာခြောက်အဖြစ် စတင် တွေ့ရှိရသည်။ အနာကွက်သည် တဖြည်းဖြည်းကျယ်ပြန့်လာပြီး၊ဗဟိုတူ စက်ဝိုင်းရစ်များ ပေါ်လာသည်။ အနာကွက်ကြီးမားကျယ်ပြန့်မှုကြောင့် တစ်ရွက်လုံးဝါခြောက်သွားသည်။ အေး၍စိုစွတ်သော အခြေအနေတွင် ရောဂါပိုမိုပြင်းထန်လေ့ရှိသည်။ အထုပ် အလေးချိန် လျော့နည်းခြင်းနှင့်      ဈေးကွက်၀င်မှုမရှိခြင်းကြောင့် စီးပွားရေး ထိခိုက်နိုင်ပါသည်။ အပင်သက်တမ်း တစ်လျှောက်လုံးတွင် ကျရောက်သည်။ မျိုးစေ့မှတစ်ဆင့် ကူးစက်နိုင်သည်။ မုံလာမျိုးရင်းဝင်ပေါင်းပင် များကို နှိမ်နှင်းပါ။ ရေပန်းခရား၊ ရေပန်းစနစ် ဖြင့် ရေဖျန်းခြင်း ကိုရှောင်ကြဉ်ပါ။ Chlorothalonil၊ Benomyl၊ Carbendazim  ဆေးများကို အသုံးပြု ပက်ဖျန်းပါ။ထယ်ထိုးမြေလှန်စနစ် အသုံး ပြုပါ။ မျိုးစေ့ကို ဆေးစီရင်ပါ။
၅။ အမဲပုပ်ရောဂါ(Black Rot Disease) Xanthomonas campestris ရောဂါကျရောက်ပါက အရွက်သည် အဝါရောင်ပြောင်းသွားပြီး ရွက်လယ် ကြောဆီသို့ ဗွီပုံသဏ္ဍာန် ရောက်ရှိ သွားသည်။ ၄င်းနောက် အညိုရောင် ပြောင်းသွားပြီးအရွက်သည်     ခြောက်သွေ့ ကျွတ်ဆတ် သွားသည်။ ရွက်ကြောငယ်များနှင့် ရွက်လယ်ကြော ကြီးသည် အနက်ရောင်ပြောင်းသွား၍ အမဲပုပ်ရောဂါဟု ခေါ်ဆိုကြခြင်းဖြစ် သည်။ အပင်သက်တမ်း        တစ်လျှောက်လုံးတွင် ကျရောက်သည်။ စိုက်ခင်းကို သန့်ရှင်းအောင်    ဂရုစိုက်ပါ။ ရောဂါကျအပိုင်းများ ကို ခုတ်ထွင်း ရှင်းလင်းပစ်ပါ။ မီးရှို့ဖျက်ဆီးပါ။ ရောဂါကျပျိုးခင်းမှအပင်များကို အသုံး မပြုရပါ။သီးနှံအလှည့်ကျစိုက်ပါ။ နွေထယ်ရေးဆောင်ရွက်ပါ။ ရေကို လိုအပ်သည်ထက်ပို မသွင်းရပါ။Copperပါသော ဆေးများနှင့် Kasugamycin ပါသောဆေးများကို အသုံးပြု ပက်ဖျန်း နိုင်သည်။

စိုက်ပျိုးရေးနှင့်အခြားဆက်စပ်ပစ္စည်းကိရိယာများ

  • ဂေါ်ဖီသီးနှံအတွက် အသုံးပြုနေသော ပစ္စည်းကိရိယာများ၊ ခြင်းများ၊ အိတ်ကျဲများ၊ သိုလှောင်ပစ္စည်းများနှင့် အခြားပစ္စည်းများသည် သန့်ရှင်းပြီး၊ ထွက်ကုန်သီးနှံကို ညစ်ညမ်းမှုမရှိစေရ၊ ဂေါ်ဖီထုပ်ကိုထိခိုက်ပြီး ကြာရှည်အထားခံနိုင်မှုကို မဖျက်ဆီး စေရပါ။
  • စွန့်ပစ်ပစ္စည်းများ၊ ဓါတုဆေးများနှင့် အခြားအန္တရာယ်ဖြစ်စေသည့်အရာများ အသုံး ပြုသည့်ပစ္စည်းများကို တိတိကျကျ သတ်မှတ်ထားရမည်ဖြစ်ပြီး၊ ၎င်းပစ္စည်းများတွင် ရိတ်သိမ်းထားသည့် ဂေါ်ဖီထုပ်များ ထည့်ခြင်း၊ သိုလှောင်ခြင်း မပြုသင့်ပါ။

ရိတ်သိမ်းခြင်းနှင့် ထွက်ကုန်ပြုပြင်ခြင်း

  • ဂေါ်ဖီထုပ်ကို မှန်ကန်သော ရင့်မှည့်မှုရှိသည့်အချိန်တွင် သင့်တော်သည့် နည်းစနစ်ဖြင့် ခူးဆွတ်ရိတ်သိမ်းရမည်။
  • ဂေါ်ဖီထုပ် ရိတ်သိမ်းမည်ဆိုပါက သီးနှံများမထိခိုက် မပျက်ဆီးစေသော နည်းလမ်း များကို အသုံးပြုရန် လိုအပ်ပါသည်။
  • အရွက်ကြီးများအောက်သို့ အနည်းငယ်လန်ကျပြီး၊ အောက်ဖက်ရှိအဖြူရောင် အရွက်များမြင်လာရ၍၊ အထုပ်များမာကျစ်လာလျှင် ဆွတ်ခူးနိုင်ပါသည်။
  • ဂေါ်ဖီထုပ်များသည် အရွယ်အစား ပြည့်လာပြီး၊ အစိမ်းရောင်ဖျော့လာချိန်တွင် ဆွတ်ခူးနိုင်သည်။
  • ခူးဆွတ်ချိန် နောက်ကျပါက အထုပ်ကွဲပြီး၊ ရိပုတ်လာတက်သည်။ ခူးဆွတ်ချိန် စောပါက အထုပ်ပျော့နေတတ်သည်။
  • ဂေါ်ဖီထုပ်များကို ရင့်အောင်ထားလျှင် စား၍ အရသာမရှိလှချေ။
  • ဂေါ်ဖီထုပ်သီးနှံ ရိတ်သိမ်းမှု ပြုလုပ်မည့် အထုပ်များအား ကြိုတင်ရွေးချယ်ထားရန် လိုအပ်ပါသည်။
  • မနက်အစောပိုင်းသည် ဂေါ်ဖီထုပ်ခူးရန် အသင့်လျော်ဆုံးအချိန် ဖြစ်ပါသည်။
  • အရွက်ကြမ်း(၃-၄) ရွက်ပါအောင် ပင်စည်မှ ဓါးထက်ထက်ဖြင့် လှီးဖြတ်ရပါမည်။
  • ရိတ်သိမ်းမှုပြုလုပ်နေစဉ် ဂေါ်ဖီထုပ်များအား မြေပြင်နှင့် တိုက်ရိုက်ထိ​တွေ့ခြင်းမှ ရှောင်ကြဉ်ရန် လိုအပ်ပါမည်။
  • ရိပုပ်နေသော အရွက်များကို ဖယ်ရှားပစ်ရမည်။
  • ဂေါ်ဖီထုပ်အတွင်းနှင့် အရွက်များပေါ်ရှိ ရေများကို ဖယ်ရှားပစ်ရန်အတွက် အထုပ် များကို မြေနှင့်တိုက်ရိုက်မထိစေရန် ဂရုပြုပြီး၊ အထက်အောက်ပြောင်းပြန် (၂-၃) နာရီခန့် ကွင်းထဲတွင်ထားရှိရမည်။
  • ဂေါ်ဖီရိုးတံ၊ အရွက်ကြမ်းများနှင့် မကောင်းသော အရွက်များကို ဓါးထက်ထက်ဖြင့် ပြောင်စင်အောင် ဖယ်ရှားပေးရမည်။
  • မရိတ်သိမ်းမီနှင့် ရိတ်သိမ်းပြီးနောက် အသုံးပြုသည့် ဓါးများနှင့် ကိရိယာများအား Chlorine-100ppm ပါသော ရေနှင့် ပိုးသန့်ရန် လိုအပ်ပါမည်။
  • ရိတ်သိမ်းသည့်နေရာ၊ ရိတ်သိမ်းသည့်နေ့ရက်၊ အချိန်၊ တာဝန်ရှိ လူပုဂ္ဂိုလ် စသည် တို့ကို တိတိကျကျ မှတ်တမ်းများထားရှိရန် လိုအပ်ပါမည်။
  • ဂေါ်ဖီထုပ် ဆေးကြောရာတွင် အသုံးပြုသော ရေသည် သန့်ရှင်းစင်ကြယ်ရမည်။
  • ခုတ်သိမ်းပြီးသော ဂေါ်ဖီထုတ်များအား သယ်ယူရာတွင် အသုံးပြုသည့်ခြင်းများ၊ တောင်းများကို ရေဆေး၍ ကလိုရင်း(Chlorine)ဖြင့် ပိုးသန့်ထားရန် လိုအပ်ပါ မည်။
  • ပေါင်းသတ်ဆေး၊ မြေဆွေးစသည်တို့ ထည့်ထားခဲ့ဖူးသော ခြင်းများ၊ တောင်းများကို ဂေါ်ဖီထုတ်များအား သယ်ယူပို့ဆောင်ရာတွင် အသုံးမပြုသင့်ပါ။
  • ရိတ်သိမ်းပြီးသော ဂေါ်ဖီထုတ်များအား အရိပ်ရသော နေရာတွင် ထားရန်လိုအပ်ပါ မည်။
  • ခူးဆွတ်ပြီး ဂေါ်ဖီထုပ်များကို မြေကြီး(သို့မဟုတ်) ကိုင်တွယ်ထုပ်ပိုးသည့် ကြမ်းပြင် (သို့မဟုတ်) သိုလှောင်သည့် နေရာကြမ်းခင်းနှင့် တိုက်ရိုက်ထိတွေ့ခြင်း မရှိအောင် သန့်ရှင်းသော အခင်း/ ပစ္စည်းပေါ်တွင်  ထားရှိသင့်ပါသည်။
  • သီးနှံအလိုက် သတ်မှတ်ထားသော စံချိန်စံညွှန်းအတိုင်း အဆင့်တန်းခွဲခြား၍ စနစ် တကျ ထုပ်ပိုးသင့်ပါသည်။
  • ဂေါ်ဖီထုပ်ရိတ်သည့်အခါ အထုပ်အခြေမှ ဖြတ်၍ ရိတ်သိမ်းသင့်ပါသည်။

သိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း

  • ဂေါ်ဖီထုပ်များကို ဓါတု၊ ဇီဝနှင့် ရုပ်ဝတ္ထုဆိုင်ရာ ညစ်ညမ်းမှုအန္တရာယ် ဖြစ်စေနိုင် သော ကုန်ပစ္စည်းများနှင့် သီးခြားခွဲ၍ ထားသိုခြင်း၊ သယ်ဆောင်ခြင်း ပြုလုပ်သင့်ပါ သည်။
  • ဂေါ်ဖီထုပ် အရွက်ကြမ်းများ၊ အမှိုက်များနှင့် စွန့်ပစ်ဘေးထွက် အညစ်အကြေးများကို စွန့်ပစ်သည်ဖြစ်စေ၊ မြေဆွေးပြန်လည်ပြုလုပ်သည်ဖြစ်စေ ပြီးစီးအောင် အမြန်ဆောင် ရွက်သင့်ပါသည်။
  • သိုလှောင်ခန်းကြမ်းခင်းကို နေ့စဉ် ဆေးကြောသွားရန် လိုအပ်ပါသည်။
  • တင်ပို့ရာတွင် ဂေါ်ဖီထုပ်များ ပျက်ဆီးခြင်း၊ ရိပုပ်ခြင်း၊ ထိခိုက်ဒါဏ်ရာဖြစ်ခြင်း၊ အရည်အသွေးကျဆင်းခြင်း၊ အထားမခံနိုင်ခြင်း စသည်တို့မှ ကာကွယ်နိုင်ရန် အထူး လိုအပ်သည်။
  • သယ်ယူပို့ဆောင်မည့် ယာဉ်များကို အသုံးမပြုမီ သန့်ရှင်းမှု၊ ဓါတုဆေးဖိတ်စင်မှု၊ အခြားပစ္စည်းများနှင့် ပိုးမွှားကျရောက်မှု ရှိ/မရှိ ကို စစ်ဆေးသင့်ပါသည်။
  • လေ၀င်လေထွက်ရှိစေရန်၊ အပူချိန်မတက်စေရန်နှင့် ထိခိုက်မှု မရှိစေရန်အတွက် ဂေါ်ဖီထုပ်များအား အိတ်ကျဲများတွင် ထည့်သွင်းရာတွင်လည်းကောင်း၊ ယာဉ်များ ဖြင့်သယ်ဆောင်ရာတွင်လည်းကောင်း၊ စီထပ်ရာတွင် စနစ်တကျ လိုင်းအလိုက်၊ အကန့်လိုက် စီထည့်ရန် လိုအပ်ပါမည်။
  • ကုန်တင်ကားများဖြင့် ပို့ဆောင်မည်ဆိုပါက နေရောင်ခြည်တိုက်ရိုက်ထိခြင်း၊ အပူချိန် များခြင်းစသည်တို့ကို ရှောင်ရှားပြီး လေဝင်လေထွက်ကောင်းမွန်စေရန် ဆောင်ရွက် သင့်ပါသည်။
  • ဂေါ်ဖီထုပ်များပေါ်တွင် ခရီးသည်များလိုက်ပါခြင်း၊ အခြားကုန်ပစ္စည်းများတင်ဆောင် ခြင်းများကို မပြုလုပ်သင့်ပါ။
  • ခရီးဝေးသယ်ယူပို့ဆောင်ခြင်းကို ခံနိုင်ရည်ရှိရန် အရွက်ကြမ်းများကိုပါ ခုတ်ပေး ရမည်။

အဆောက်အဦများ ဆောက်လုပ်ထားခြင်း

  • ထွက်ကုန်များအားထုပ်ပိုးခြင်း၊ ကိုင်တွယ် ပြုပြင်ခြင်းနှင့် သိုလှောင်ထားရှိခြင်း
  • တို့တွင် ဘေးဥပါဒ်အန္တရာယ် ကျရောက်မှု နည်းပါးစေရန် သီးသန့်အဆောက်အဦများ တည်ဆောက်ခြင်း (သို့မဟုတ်) သီးသန့်ဆောင်ရွက်မည့် နေရာများ သတ်မှတ်ရမည်၊  ပြုပြင်ထိန်းသိမ်းပေးသင့်ပါသည်။
  • အဆောက်အဦများအတွင်း၌ အီသလင်းဓါတ်ငွေ့များ စုဆောင်းခြင်း မဖြစ်ပေါ်စေရန် အတွက် လေ၀င်လေထွက် ကောင်းမွန်စေရန် စီမံဆောင်ရွက်ထားသင့်ပါသည်။ (ဥပမာ- ပန်ကာများအသုံးပြုခြင်း)။
  • လောင်စာဆီ၊ ပိုးသတ်ဆေးနှင့် မြေသြဇာများ၊ လယ်ယာသုံးကိရိယာများ အပါအဝင် အခြားပစ္စည်းများနှင့် ထွက်ကုန်များကို ရောနှောသိုလှောင်ခြင်း မပြုလုပ်သင့်ပါ။
  • ဂေါ်ဖီထုပ်များအား သန့်ရှင်းရေး ပြုလုပ်မည့်ရေ၊ လုပ်သားများသန့်ရှင်းရေး ပြုလုပ် ရန် ရေစသည်တို့ကို သွယ်တန်းပေးထားရမည်။
  • ထွက်ရှိလာသော အမှိုက်များအား နေ့ချင်းပြီး သန့်ရှင်းသင့်ပါသည်။
  • ကျန်းမာသန့်ရှင်းရေး အသိပညာပေး ဆိုင်းဘုတ်များ၊ ဘေးကင်းရေး အစီအမံများ ထားရှိသင့်ပါသည်။

တိရိစ္ဆာန်နှင့်ဖျက်ပိုးများထိန်းချုပ်ခြင်း

  • အိမ်မွေးနှင့် လယ်ယာလုပ်ငန်းသုံး တိရိစ္ဆာန်များကို ဂေါ်ဖီခင်းနှင့် အနီးတဝိုက်၊ ရိတ်သိမ်း၊ ထုပ်ပိုး၊ ပြုပြင်သည့် နေရာများတွင် မရှိစေရ။
  • ထွက်ကုန်များ၊ ထုပ်ပိုးခွံပစ္စည်းများ၊ အခြားပစ္စည်းများကို ညစ်ညမ်းမှုအန္တရာယ် အနည်းဆုံးဖြစ်စေရန်အတွက် မျှားစာများ၊ ထောင်ချောက်များကို သတ်မှတ်နေရာ များတွင် ထားရှိရမည်ဖြစ်ပြီး ကြပ်မတ်ကြည့်ရှုရမည်။ မျှားစာများ၊ ထောင်ချောက် များထားရှိသည့် နေရာကိုလည်း မှတ်သားထားရမည်။
  • ပိုးမွှားရောဂါကျရောက်မှု လျော့နည်းစေနိုင်ရန် ဂေါ်ဖီသီးနှံဖြင့် တွဲဖက်စိုက်ပျိုး     သင့်သော မိတ်ဖက်ပင်များဖြစ်ကြသည့် ပဲမျိုးစုံ၊ ကြက်သွန်နီ၊ အာလူး၊ တရုတ်နံနံ၊ မုန်လာဥ၊ ပူဒီနာ၊ ဟင်းခတ်အမွှေးပင် (Phyme)၊ Rosemary၊ Dill၊ ဂျာမန် စိန်ချယ် (Charmomile) စသည်တို့ကို စိုက်ခင်းတဝိုက်တွင်စိုက်ပျိုးပြီး၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်၊ စပျစ်၊ ငရုတ်ကောင်း၊ တိုင်ထောင်ပဲ၊ ကြက်သွန်ဖြူ စသည်တို့ကို စိုက်ပျိုးခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။
  • တိရိစ္ဆာန်အညစ်အကြေး စွန့်ပစ်ရေများအား မြေသြဇာဖြင့် အသုံးပြုသည့်အတွက် Microbial များ ပါဝင်မှု ရှိ / မရှိ စစ်ဆေးရန်။

အထောက်အထားနှင့်မှတ်တမ်းများ

  • ထုတ်လုပ်သူသည် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် ပတ်သက်သည့် မှတ်တမ်းများကို အနည်းဆုံး (၂) နှစ် သိမ်းဆည်းထားရမည်။
  • လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းအတွက် သတ်မှတ်ထားသည့် မှတ်တမ်းပုံစံတွင် မှတ်တမ်းရေးသွင်းထားရမည်။
  • ဓါတုဆေးများ ဝယ်ယူ၊ သိုလှောင်၊ သုံးစွဲမှု၊ အသုံးချမှုနှင့် စွန့်ပစ်မှုတို့ကို စနစ်တကျ ဆောင်ရွက်၍  မှတ်တမ်းများထားရှိရမည်။

နောက်ကြောင်းပြန်စစ်ဆေးခြင်းနှင့်ပြန်လည်သိမ်းဆည်းခြင်း

  • သီးနှံစိုက်ပျိုး ထုတ်လုပ်သည့် နေရာအား နောက်ကြောင်းပြန် စစ်ဆေးနိုင်ရန်အတွက် ထုပ်ပိုးပစ္စည်းများအပေါ်တွင် သိသာထင်ရှားသည့် အမှတ်အသားနှင့် မှတ်ပုံတင် အမှတ်အသား  ပြုလုပ်ထားရှိရမည်။
  • သီးနှံထွက်ကုန်ပစ္စည်း တစ်ခုခြင်းစီအတွက် တင်ပို့သည့်နေရာနှင့်  ပေးပို့သည့်ရက်စွဲ တို့ကို မှတ်တမ်းထားရှိရမည်။
  • ထွက်ကုန်အား စိုက်ပျိုးခဲ့သည့် စိုက်ခင်းမြေကို ခြေရာခံနိုင်ရန် ထွက်ကုန်ထည့်သွင်း ထားသည့် ပုံးများတွင် တိကျစွာ ဖော်ပြပေးရပါမည်။
  • ပေးပို့သည့် ကုန်ပစ္စည်းတိုင်းအတွက် ဖြန့်ဖြူးသည့်နေ့စွဲ၊ ပေးပို့သည့်နေရာ စသည် တို့ကို မှတ်တမ်းတင်ရပါမည်။

သင်တန်း

  • ထုတ်လုပ်သူနှင့် လုပ်သားများအား မိမိတို့ဆောင်ရွက်နေသည့်   လုပ်ငန်းနယ်ပယ် အလိုက် ကျွမ်းကျင်မှုနည်းပညာများ ရရှိစေရန် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းသင်တန်း၊ နည်းပညာပေးဆွေးနွေးပွဲ သင်တန်းများနှင့်  ဘက်စုံသီးနှံ ကာကွယ်နှိမ်နင်းရေး အခြေခံသော သင်တန်းများကိုလည်း တက်ရောက်ထားသင့် ပါသည်။
  • ပိုးသတ်ဆေးဖျန်းမည့်သူသည် မိမိကိုယ်ကို (တကိုယ်ရည်) အကာအကွယ်ပေး နိုင်သည့် ပစ္စည်းများ အသုံးပြုခြင်း၊ ပိုးသတ်ဆေး စနစ်တကျ သုံးစွဲနည်း သင်တန်းများကို  တက်ရောက်ထားရမည်။

ဆောင်ရွက်ကျင့်သုံးမှု များကိုပြန်လည် သုံးသပ်ခြင်း

  • ထုတ်လုပ်သူများအနေဖြင့် ကျင့်သုံးနေသည့် နည်းလမ်းများအား မှန်မှန်ကန်ကန် ဆောင်ရွက်ကြောင်း သေချာစေရန် ဆောင်ရွက်ချက်အားလုံးကို သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ပါ၀င်သောအဖွဲ့ဖြင့် အနည်းဆုံး တစ်နှစ်တစ်ကြိမ် ပြန်လည် စစ်ဆေးရမည်။
  • တိုင်ကြားချက်များရှိပါက မိမိကိုယ်တိုင် ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ပြီး၊ ဤ    ဆောင်ရွက်မှုများအတွက် မှတ်တမ်းများ ထိန်းသိမ်းထားရှိရမည်။

တစ်ကိုယ်ရည်သန့်ရှင်းခြင်းနှင့် လုပ်သားများဘဝ သာယာဝပြောရေး

  • လုပ်ငန်းခွင်ရှိ သိသာထင်ရှားသော နေရာများတွင် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်သက်သည့် ညွှန်ကြားချက်များကို ရေးသားပြသထားရမည် (သို့မဟုတ်) လုပ်သားများ သိရှိအောင် ဖြန့်ဝေပေးထားရမည်။
  • မိလ္လာရေနှင့် စွန့်ပစ်အညစ်အကြေးရေများကို အန္တရာယ်မရှိအောင် ဂရုတစိုက် စွန့်ပစ် ရမည်။
  • လုပ်သားများမကျန်းမာလျှင်ဖြစ်စေ၊ ထိခိုက်ဒဏ်ရာရလျှင်ဖြစ်စေ ကုသ၊ အနားယူ စေပြီး လုပ်ငန်းခွင်တွင် ကူးစက်မှု မဖြစ်ပွားစေရန် ကာကွယ်ဆောင်ရွက်ပါ။
  • အလုပ်မလုပ်မီနှင့် အလုပ်လုပ်ပြီးတိုင်း လုပ်သားများသန့်ရှင်းရေး ပြုလုပ်နိုင်အောင် စီမံထားရမည်။
  • သန့်စင်ခန်းများနှင့် ကိုယ်လက်ဆေးကြော သန့်စင်ရမည့် နေရာများကို အလွယ် တကူ သုံးစွဲနိုင်အောင် ထားရှိပေးရမည်။ ယင်းတို့ကိုလည်း သန့်ရှင်းရေး အမြဲတမ်း ပြုလုပ်ပေးထားရမည် ဖြစ်သည်။

လအလိုက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ (အောက်မြန်မာပြည်အခြေအနေ)

မှီငြမ်းကိုးကားချက်များ

  • Hemy, C. 1984. Growing Vegetables in South Africa. MacMillan South Africa. Johannesburg. http://www.nda.agric.za
  • KwaZulu. 2001.-Natal Department of Agriculture and Environmental Affairs. Vegetable production guidelines for KwaZulu-Natal. Pietermaritzburg.
  • Ministry of Agriculture, Livestock and Food Supply. 2002. Vegetable Crops Porduction, In; Guidelines for Good Agriculture Practices. pp. 65-98. Brazilian Agricultural Research Corporation – Embrapa.
  • National Institute of Horticultural and Herbal Science, Rural Development Administration, Rep. of Korea. 2014. Postharvest Handling of Cabbage in Asian Countries. In; Postharvest Handling of Cabbage and Chili Pepper in ASIA, pp. 13-94. Suwan, Rept. Of Korea.
  • Sunshine Seedling Services. 2015. Cabbage production guidelines.
  •      http://www.sunshineseedlings.co.za/guidelines-tips/vegetable-guidelines/  cabbage-production-guidelines/
  • Forestry and Fisheries. 2016. Production guidelines for cabbage. http://www. nda.agric.za/docs/Brochures/ProdGuideCabbage.pdf
  •  မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း. ၂၀၀၀. ဂေါ်ဖီထုပ်. In: ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်း pp. 66-70. လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ ရန်ကုန်၊ မြန်မာ
  • သီးနှံကာကွယ်ရေးဌာနခွဲ. ၂၀၀၀. မုန်ညင်းမုန်လာမျိုးရင်း၀င်အပင်များတွင် ကျရောက်တတ်
  •           သောဖျက်ပိုးများ. ပိုးမွှားရောဂါနှင့် ကာကွယ်နှိမ်နင်းနည်းများ. Pp. 17-34. သီးနှံ
  •           ကာကွယ်ရေးဌာနခွဲ၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ ရန်ကုန်