ထောပတ်သီး

မြန်မာအမည်  –        ထောပတ်သီး

သိပ္ပံအမည်    –        Persea americana

မျိုးရင်း        –        Lauraceae

ထောပတ်သီး၏ မူရင်းဒေသသည် အမေရိကတိုက် အလယ်ပိုင်း မက္ကဆီကိုနိုင်ငံ ဖြစ်သည်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့ရှိ ကုန်းမြင့်တောင်တန်းဒေသများတွင် တွေ့ရပါသည်။

​ထောပတ်ပင်သည် အပင်ကြီးမျိုးဖြစ်သည်။ အမြစ်များ၏ ၈၀-၉၀ ရာခိုင်နှုန်းကို မြေကြီးအပေါ်ယံမှ (၂)ပေအနက်တွင် တွေ့ရပြီး ၆၅-၈၀ ရာခိုင်နှုန်းကို မြေအပေါ်ယံမှ (၁၅)ပေတွင် တွေ့ရသည်။ အစေ့မှ အပင်ပေါက်ရန် (၁)လခန့်ကြာသည်။ အပင်(၁)ပေခန့် အမြင့်တွင် အရွက်စထွက်သည်။ လိင်မဲ့မျိုးပွားပင်ဖြစ်ပါက (၃)နှစ်သက်တမ်းတွင် ပန်းစပွင့် သော်လည်း အစေ့စိုက်ပင်များ၌မူ (၇-၈) နှစ်ကြာမှ ပန်းပွင့်သည်။

စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများဆိုသည်မှာ မြေပြုပြင်စိုက်ပျိုး ထုတ်လုပ်သည်မှ စားသုံးသူလက်ဝယ်ရောက်သည်အထိ ထုတ်လုပ်မှုကွင်းဆက်တိုင်းတွင် စားသုံးသူအတွက် အန္တရာယ်ဖြစ်စေသည့် ကူးစက်ညစ်ညမ်းမှု အနည်းဆုံးဖြစ်စေရန် လိုက်နာ ရမည့် နည်းလမ်းများကို စုစည်းထားသည့် စံလုပ်ထုံးလုပ်နည်း လမ်းညွှန်မှုများ ဖြစ်ပါသည်။

စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် ထောပတ်သီး စိုက်ပျိုးထုတ်လုပ် မည်ဆိုလျှင် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရပါမည်။

စိုက်ပျိုးမည့်မြေနေရာရွေးချယ်ခြင်း

စိုက်ပျိုးမြေနှင့် အနီးပတ်ဝန်းကျင်ရှိမြေသည် ဓါတုနှင့်ဇီဝဆိုင်ရာ အန္တရာယ်ရှိသည့် မြေနေရာမဖြစ်စေရ။ ဆောင်ရွက်မှုများကို လွယ်ကူစွာစစ်ဆေးနိုင်ရန် ခြံစိုက်ကွင်းမြေပုံနှင့် မှတ်တမ်းထားရှိရမည်။

  • ထောပတ်စိုက်ပျိုးမည့်မြေသည် မြေသားနက်ရှိုင်းပြီး ရေစီးစိမ့်မှုကောင်းသော မြေ၊ မြေချဉ်/ငံဓါတ် (pH- ၅ မှ ၇.၅) အတွင်းရှိ၍ မြေအောက်ရေမျက်နှာပြင် သည် မြေသားထုအနက် (၅)ပေရှိရမည်။
  • ထောပတ်သီးနှံသည် အအေးပိုင်းရာသီဥတု၊ သမပိုင်းရာသီဥတုတို့ကို ကြိုက်နှစ်သက်ပြီး ပျမ်းမျှအပူချိန် ၁၀-၂၅C နှင့် မိုးရေချိန်လက်မ (၃၀-၁၀၀)ခန့် ရွာသွန်းသောဒေသများတွင် ပိုမိုဖြစ်ထွန်းပါသည်။
  • ထောပတ်ပန်းပွင့်မှု ဖြစ်ပေါ်နိုင်စေရန် အနည်းဆုံးနေ့အပူချိန် ၁၀-၂၀C၊ ညအပူချိန် ၇-၁၀C ရှိရမည်။
  • တစ်နှစ်လျင် (၅- ၆) လခန့် အေး၍ ခြောက်သွေ့ရန်လိုအပ်သည်။
  • ပင်လယ်ရေမျက်နှာပြင်အမြင့် ပေ (၇၀၀၀) အထိ စိုက်ပျိုးနိုင်သော်လည်း ပေ (၄၀၀၀) ခန့်ဒေသများတွင်သာ စီးပွားဖြစ်စိုက်ပျိုးသင့်သည်။
  • ရေထုတ်မြောင်းစနစ်များ မပြုလုပ်နိုင်သော အပင်ခြေရေဝပ်နိုင်သည့် မြေမျိုး ကို ရှောင်ရှားရမည်။

ရေ

ထောပတ်စိုက်ပျိုးရာတွင် အသုံးပြုမည့်ရေအရည်အသွေးကို ဓါတ်ခွဲစစ်ဆေးရမည်။ မွေးမြူရေးဇုံ၊ ဆေးရုံ၊ စက်ရုံများမှ ဖြတ်သန်းလာသောရေ၊ မြူနီစပယ် စွန့်ပစ်ရေနှင့် သဘာဝ ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်ပေါ်နိုင်သည့် ရေများကိုအသုံးမပြုရ။ (ရေဆိုး၊ ရေညစ်များကို ပြန်လည်စီရင်၍ အသုံးပြုလျှင် WHO Guideline အရ လိုက်နာအသုံးပြုရန်)။

မျိုးစေ့/ပျိုးပင်

ရေ၊ မြေ၊ ဒေသ၊ ရာသီဥတုနှင့် ကိုက်ညီပြီး ပိုးမွှားရောဂါကင်းစင်သည့် အရည် အသွေးကောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးရမည်။ စိုက်ပျိုးမည့်ပျိုးပင်နှင့် မျိုးပွား အစိတ်အပိုင်းများ ရရှိသည့်နေရာ၊ ရရှိသည့်အရေအတွက်နှင့် ရရှိသည့်နေ့စွဲတို့ကို မှတ်တမ်းတင်ထားရှိရမည်။

ထောပတ်ပင်ကို အစေ့မှသော်၎င်း ကိုင်းကူး၍သော်၎င်း စိုက်ပျိုးနိုင်သည်။ အစေ့မှ     ပျိုးထောင်စိုက်ပျိုးပါက (၅ – ၇) နှစ်ခန့်ကြာမှ အသီးရရှိနိုင်ပြီး ကိုင်းကူးပင်မှ စိုက်ပျိုးပါက (၃) နှစ်အတွင်း အသီးစတင်ရရှိ နိုင်ပါသည်။

မြေသြဇာနှင့်မြေဆီလွှာဖြည့်စွက် ပစ္စည်းများ

ထောပတ်စိုက်ခင်းတွင် အသုံးပြုသည့်မြေသြဇာ (သို့မဟုတ်) မြေဆီလွှာဖြည့်စွက် ပစ္စည်းများတွင် အန္တရာယ်ဖြစ်စေသော ဓါတုနှင့်ဇီဝဆိုင်ရာပစ္စည်းများ ပါဝင်ခြင်းမရှိစေရ။

  • ထောပတ်ပင်များအတွက် သဘာဝမြေသြဇာများ အသုံးပြုလျှင် ကောင်းစွာ ဆွေးမြေ့အောင် ဆောင်ရွက်ပြီးမှ အသုံးပြုရမည်။
  • ထောပတ်ပင်တွင် အသုံးပြုသောမြေသြဇာ (သို့မဟုတ်) မြေဆီလွှာဖြည့်စွက် ပစ္စည်းများ ရောနှောခြင်းနှင့် သိုလှောင်ခြင်း၊ အော်ဂဲနစ်ပစ္စည်းများဆွေးမြေ့ စေရန် ဆောင်ရွက်ခြင်းတို့ကို မြေနှင့်ရေအရင်းအမြစ် သန့်ရှင်းမှု ထိခိုက်စေ သော နေရာများတွင် မပြုလုပ်ရ။
  • ထောပတ်ပင်အတွက် လိုအပ်သောမြေသြဇာ (သို့မဟုတ်) မြေဆီလွှာ ဖြည့်စွက်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် တရားဝင်မှတ်ပုံတင်ထားသော ပစ္စည်းများ ဖြစ်ရမည့်အပြင် မှတ်တမ်းများလည်းထားရှိရမည်။

စိုက်ပျိုရေးသုံးဓါတုဆေးများနှင့် အခြားဓါတုပစ္စည်းများ

ထောပတ်ပင်များတွင် ဓါတုဆေးများအသုံးပြုမှု အနည်းဆုံးဖြစ်စေရန် ဘက်စုံပိုးမွှား ကာကွယ်ရေးနည်းစနစ်များကို အသုံးပြုရမည်။

  • ပိုးသတ်ဆေးဥပဒေ၊ မြေသြဇာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပတ်ဝန်းကျင် ညစ်ညမ်းခြင်းနှင့် လူသားတို့၏ကျန်းမာရေး ထိခိုက်မှုများမဖြစ်စေရေး အထူး ဂရုပြုရမည်။
  • ထောပတ်ပင်များတွင် ဓါတုဆေးများကို အသုံးပြုရန် လိုအပ်လာပါက တရားဝင်မှတ်ပုံတင်ထားသည့် ဓါတုဆေးများကိုသာ အသုံးပြုရမည်။
  • ဆေးဖျန်းပြီးနောက် မရိတ်သိမ်းမီ စောင့်ဆိုင်းရမည့် ကာလအပိုင်းအခြားကို အတိအကျလိုက်နာရမည်။
  • ထောပတ်စိုက်ပျိုးထုတ်လုပ်သူများနှင့် လုပ်သားများသည် ပိုးသတ်ဆေးစနစ် တကျ ကိုင်တွယ်သုံးစွဲနည်းများကို သိရှိနားလည်ထားရမည်။
  • ထောပတ်ပင်အတွက်အသုံးပြုသော ဓါတုဆေးများ ဝယ်ယူ၊ သိုလှောင်၊ သုံးစွဲမှု၊ အသုံးချမှုနှင့် စွန့်ပစ်မှုတို့ကို စနစ်တကျဆောင်ရွက်၍  မှတ်တမ်းများထားရှိ ရမည်။
  • လောင်စာဆီ၊ ချောဆီနှင့်အခြားသော စိုက်ပျိုးရေးသုံးမဟုတ်သည့် ဓါတုဆေး များကို ထောပတ်သီးများ၏ ညစ်ညမ်းမှုအန္တရာယ် အနည်းဆုံးဖြစ်စေရန် ကိုင်တွယ်အသုံးပြုခြင်း၊ သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်းတို့ကို ပြုလုပ်ရမည်။

ထောပတ်သီးတွင် ရောဂါမကျရောက်စေရန် ကြိုတင်ကာကွယ်ခြင်းမှာပို၍ကောင်းမွန် ပါသည်။ လိုအပ်မှသာလျှင် ဓာတုပိုးသတ်ဆေးများ အသုံးပြုသင့်ပါသည်။

အပင်ပြုစု စောင့်ရှောက်ခြင်း

အရည်အသွေးကောင်း ထောပတ်သီးစိုက်ပျိုးရန် အောက်ဖော်ပြပါနည်းလမ်းများကို လိုက်နာဆောင်ရွက်သင့်သည်။

စိုက်ပျိုးနည်းစနစ်

ထောပတ်သီးပင် စတင်စိုက်ပျိုးမည်ဆိုပါက စိုက်ပျိုးမည့်မြေနေရာကို မိုးမကျမီ မတ်-ဧပြီလမှ စတင်၍ ပြုပြင်မှုများပြုလုပ်ရမည်။ မြေအနေအထားကိုကြည့်၍ ရေသွင်း၊ ရေနှုတ် မြောင်းများ ကြိုတင်တူးထားရမည်။ လေကာပင်များကိုလည်း စိုက်ပျိုးထားရမည်။

မြေအမျိုးအစားနှင့် အလင်းရောင်ရရှိမှုပေါ်မူတည်၍ လေဝင်၊ လေထွက်ကောင်းစေ ရန် သင့်လျော်သော ပင်ကြား၊တန်းကြားဖြင့် ကျင်းတူး၍ စိုက်ပျိုးရမည်။  ကျင်းအရွယ် အစား (၂) ပေပတ်လည် တူးရပါမည်။

  • ပင်ကြား x တန်းကြား ၃၀ပေ  x  ၃၀ပေ  စိုက်ပျိုးလျှင် တစ်ဧက အပင် (၄၈) ပင် ဝင်ဆန့်ပါသည်။
  • ပင်ကြား x တန်းကြား ၂၀ပေ x  ၂၀ပေ  စိုက်ပျိုးလျှင် တစ်ဧက အပင် (၁၀၈) ပင် ဝင်ဆန့်ပါသည်။
  • ပင်ကြား x တန်းကြား ၁၅ပေ x  ၁၅ပေ  စိုက်ပျိုးလျှင် တစ်ဧက အပင် (၁၉၃) ပင် ဝင်ဆန့်ပါသည်။
  • ပင်ကြား၊တန်းကြားစိပ်ပါက အပင်ငယ်စဉ်ကတည်းကပင် စနစ်တကျ ကိုင်းဖြတ်ပုံသွင်းပေးရမည်။
  • စိုက်ကျင်းကို (၁-၂) ပတ်ခန့် လေသလပ်ခံထားရမည်။
  • စိုက်ခင်းရှင်းထားသော အမှိုက်များကို ကျင်းထဲထည့်၍ မီးရှို့ပေးရမည်။
  • နွားချေး(၈)ပြည်၊ ကျောက်မှုန့်နို့ဆီဗူး(၄)ဘူး၊ ပိုတက်ဓာတ်မြေဩဇာ နို့ဆီဘူး (၁)ဘူး၊ စပါးခွံ(၈)ပြည်တို့ကို အပေါ်ယံမြေနှင့်ရောစပ်၍ ကျင်းအတွင်း ထည့်ပေးရမည်။
  • ရေလောင်းကာ (၁-၂) ပတ်ခန့်ကြာ နှပ်ထားရပါမည်။ ရေရရှိပါက ရေလောင်း ၍စိုက်ပျိုးနိုင်ပြီး ရေမရရှိပါက မိုးဦးကျ မိုးတစ်ကြိမ်နှစ်ကြိမ် ရွာပြီးချိန်တွင် အပင်များချ၍ စိုက်ပျိုးရမည်။
  • အပူဒဏ်ခံနိုင်စေရန် ညနေပိုင်းတွင်သာ မြေချစိုက်ပျိုးရမည်။
  • စိုက်ပျိုးပြီးခါစတွင် ရေနည်းနည်းနှင့် အကြိမ်ရေများများ ရေလောင်းပေးရန် လိုအပ်ပြီး မိုးနည်း၍ ပူပြင်းခြောက်သွေ့သော ဒေသများတွင် စိုက်ချိန်မှ (၃) နှစ်သားအထိ ရေပေးသွင်းရန်လိုအပ်မည်။
  • မိုးရာသီတွင် (၂) လ တစ်ကြိမ်၊ နွေရာသီနှင့် ဆောင်းရာသီတွင် (၃ – ၄) လ တစ်ကြိမ် အပင်ခြေရှိ ပေါင်းမြက်များကို ရှင်းလင်းပေးရပါမည်။

မြေဆီလွှာတိုက်စားခြင်းမှ ကာကွယ်ရန်နှင့် မြေဆီလွှာအတွင်း ဇီဝကမ္မဖြစ်စဉ်များ တိုးတက်လာစေရန် တောင်စောင်းများတွင် လှေကားထစ်စနစ်ဖြင့် စိုက်ပျိုးခြင်းများကို အသုံးပြုရမည်။ ဒေသအပင်မျိုးစိတ်များကို တတ်နိုင်သမျှ ထိန်းသိမ်းထားရမည်။

အပင်ကိုင်းဖြတ်ပုံသွင်းခြင်း

ထောပတ်သီးပင်များကို မှန်ကန်သော ကိုင်းဖြတ်ပုံသွင်းနည်းများ ဆောင်ရွက်ခြင်း အားဖြင့်ပင်ပိုင်းကြီးထွားခြင်း၊ ပုံမှန်သီးထွက်နှုန်းရရှိနိုင်ခြင်းနှင့် အသီးအရည်အသွေး ကောင်းမွန်စေနိုင်သည်။

ထောပတ်သီးထွက်ရရှိနေသော အပင်တစ်ပင်လုံး အလင်းရောင်မျှတစွာရရှိစေရန်၊ လေဝင်လေထွက်ကောင်းစေရန်နှင့် အသီးကိုင်းများညီညာစွာ ဖြာထွက်စေရန် ခေါင်နှိမ်ခြင်း လုပ်ငန်းကို ဆောင်ရွက်ရမည်။

  • စိုက်ပျိုးထားသည့် ထောပတ်သီးနှံ၏ ပင်ကြား၊ တန်းကြားအကွာအဝေးနှင့် သင့်လျော်သော ကိုင်းဖြတ်နည်းစနစ်များကို အသုံးပြုရမည်။
  • အပင်အနေအထားကိုကြည့်၍ နေရောင်ခြည်ကောင်းစွာရရှိနိုင်ရန် ထိပ်ဖွင့် ခြင်းကို ယေဘုယျအားဖြင့် ဆောင်ရွက်ရမည်။
  • အပင်ကြပ်ခြင်းများ မဖြစ်ပေါ်စေရန် အပင်၏အမြင့်မှာ ပင်ကြား၊တန်းကြား အကွာအဝေး၏ (၆၀) ရာခိုင်နှုန်းထက် မပိုသင့်ပေ။
  • အပင်အုပ်ဆိုင်းမှုမှာလည်း တန်းကြားအကွာအဝေး၏ (၄၅) ရာခိုင်နှုန်း ထက်မပိုသင့်ပေ။
  • ထောပတ်သီးပင် ကိုင်းဖြတ်ပုံသွင်းခြင်းလုပ်ငန်းကို အပင်ငယ်စဉ်နှင့် အသီးယူ ကာလများတွင် စနစ်တကျပြုလုပ်သင့်ပါသည်။
ပေါင်းမြက်ကာကွယ်ခြင်း

စီးပွါးရေးတွက်ချေကိုက်ရန်နှင့် ပတ်ဝန်းကျင် ရေရှည်တည်တံ့နိုင်စေရန်အတွက် ပေါင်းမြက်များကို နှိမ်နှင်းပေးရန်လိုအပ်သည်။

  • ပေါင်းသတ်ဆေးများကို တစ်နှစ်တစ်ကြိမ်ထက်ပို၍ အသုံးမပြုရပါ။
  • ပေါင်းအမျိုးအစားကိုလိုက်၍ သင့်လျော်သောပေါင်းသတ်ဆေးကို ရွေးချယ် အသုံးပြုရမည်။
ရေသွင်းခြင်း

ထောပတ်သီးနှံအတွက် စိုက်ပျိုးမြေမျက်နှာပြင်အနေအထားနှင့် ကိုက်ညီသော ရေသွင်းနည်းစနစ်များကို အသုံးပြုရမည်။

  • ထောပတ်သီးနှံ၏လိုအပ်ချက်အရ အစာရေဖျော်ကျွေးခြင်းနှင့် ရေသွင်းခြင်း များကို ပြုလုပ်ရမည်။
  • ထောပတ်သီးပင်များသည် အသီးကြီးထွားချိန်ကာလ အထူးသဖြင့့် သီးကင်း ဝင်ပြီး (၄)ပတ်မှ (၆)ပတ်ကြားကာလများသည် ရေအလိုအပ်ဆုံးအချိန်ဖြစ် သည်။
  • မြေအမျိုးအစားကိုလိုက်၍ အပင်ငယ်များ(၁၂နှစ်သား)အတွက် နွေရာသီတွင် (၂) ပတ်တစ်ကြိမ် ရေပေးသွင်းရမည်။ အသီးယူနေသော အပင်ကြီးများ အတွက် ပန်းဖူးစုံသည်မှ ခူးဆွတ်ရန် (၂)ပတ်အလိုအထိ (၃-၅) ကြိမ်ခန့် ရေပေးသွင်းရမည်။

ထောပတ်သီးစိုက်ခင်း ရေပေးသွင်းရာတွင်

  • ပထမအကြိမ်ရေပေးသွင်းခြင်းကို –  ထောပတ်သီးကင်းဝင်ချိန်တွင် ဆောင်ရွက်ပါ။
  • ဒုတိယအကြိမ်ရေ​ပေးသွင်းခြင်းကို – ပထမအကြိမ်ရေပေးသွင်းပြီး (၁)လ အကြာ ထောပတ်သီးကင်း ပေသီးလုံးအရွယ်ဖြစ်ချိန်တွင်ဆောင်ရွက်ပါ။
  • တတိယအကြိမ်ရေပေးသွင်းခြင်းကို – ထောပတ်သီးမရင့်ခင်အချိန် (ဒုတိယ အကြိမ် ရေသွင်းပြီး ၂၀ – ၃၀ ရက်အတွင်း) တို့တွင် ဆောင်ရွက်ရမည်။သို့မှသာ ထောပတ်သီးအရွယ်အစား၊ အရည်အသွေး မှန်ကန်စေမည်။
  • ထောပတ်သီးပင် ပန်းပွင့်ချိန်နှင့် ထောပတ်သီးမဆွတ်ခူးမီ (၁)လအလိုတွင် ရေသွင်းခြင်း မပြုလုပ်ရပါ။
  • စိုက်ခင်းရေသွင်းရန် အသုံးပြုမည့်ရေသိုလှောင်ကန်များ၊ မရိတ်သိမ်းမီနှင့် ရိတ်သိမ်းပြီးနောက်ပိုင်း လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် အသုံးပြုမည့်ရေ သိုလှောင်ကန်များသည် တိရိစ္ဆာန်များနှင့် တောရိုင်းတိရစ္ဆာန်များ မဝင် ရောက်စေရ။
မြေသြဇာကျွေးခြင်း

ထောပတ်သီးနှံရေရှည်စိုက်ပျိုးထုတ်လုပ်မှုအတွက် မြေကြီးထဲတွင် လုံလောက်သည့် အာဟာရဓါတ်ရှိရမည်။

  • လူနှင့်ပါတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေပြီး ​ခြေဖျက်ရန်ခက်ခဲသည့် ဓါတ်သတ္တုများ (heavy metal) နှင့် အခြားအဆိပ်သင့်ပစ္စည်းများ မပါဝင် သော မှတ်ပုံတင်ထားသည့် မြေသြဇာများကိုသာ အသုံးပြုရမည်။
  • မြေသြဇာသုံးစွဲခြင်းနှင့် ဆက်စပ်သည့် သီးနှံစိုက်ပျိုးရေးမှတ်တမ်းများ ထားရှိ ရမည်။
မြေသြဇာနှုန်းထား

ထောပတ်သီးပင်တွင် ထည့်သွင်းရမည့် မြေသြဇာနှုန်းထားသည်

  • မြေအမျိုးအစား၊ မြေကြီးထဲတွင်ရှိသော အာဟာရဓါတ်၊
  • အရွက်နှင့် မြေဆီလွှာ ဓါတ်ခွဲစမ်းသပ်စစ်ဆေးမှုရလဒ်။
  • အပင်၏ ကြီးထွားမှုဖြစ်စဉ် တို့ပေါ်မူတည်သည်။ သို့မှသာ ထည့်သွင်းရမည့် မြေသြဇာနှုန်းထားကို မှန်ကန်စွာဆုံးဖြတ်ပေးနိုင်မည်။
ထည့်သွင်းရမည့်အချိန်

မြေသြဇာကို (ထောပတ်သီးပင်များ) စတင်စိုက်ပျိုးထားသည့် အချိန်မှစ၍ မြေသြဇာ စနစ်တကျထည့်သွင်းခြင်းလုပ်ငန်းကို ဆောင်ရွက်သင့်သည်။

  • အသီးမသီးသေးသည့် အပင်ဖြစ်ပါက အကြိမ်ကြိမ်အလီလီခွဲ၍ ထည့်သွင်းပါ။ သို့မှသာ အာဟာရဓါတ်ဆုံးရှုံးမှုကို ရှောင်ရှားနိုင်မည်။
  • အသီးသီးသည့်အပင်များတွင် အသီးဆွတ်ခူးပြီးချိန်၊ နောက်ဆုံးရေပေးသွင်း သည့် အချိန်နှင့် မိုးနှောင်းရာသီတို့တွင် မြေသြဇာထည့်သွင်းသင့်ပါသည်။

ထောပတ်သီးခူးဆွတ်ပြီးချိန်တွင်

  • နိုက်ထရိုဂျင်နှင့် ကယ်လ်ဆီယမ်ပါဝင်သည့် မြေသြဇာကိုထည့်သွင်းပါ။
  • ထောပတ်သီးခူးဆွတ်ပြီး (၄)ပတ်မှ (၆)ပတ်အကြာတွင် ဖော့စဖရပ်စ် မြေသြဇာကို ထည့်သွင်းပါ။
  • ပန်းမပွင့်ခင် (၁)လအလိုတွင် ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်နှင့် ဘိုရွန်မြေသြဇာ များကို ထည့်သွင်းပါ။
  • အရွက်သစ်ထွက်ချိန်တွင် ကြေးနီ၊ သံဓါတ်၊ မဂ္ဂနီးစ်၊ သွပ်၊ မော်လီဘဒီနမ်တို့ကို ရွက်ဖျန်းမြေသြဇာအနေနှင့် အသုံးပြုပါ။
မြေသြဇာထည့်သွင်းရမည့်နေရာ
  • ထောပတ်သီးပင်များတွင် အာဟာရဓါတ်စုပ်ယူစားသုံးမှုကို အပင်၏ မြစ်မွှားများ၊ မြစ်မွှေးများမှ ဆောင်ရွက်သည့်အတွက် မြေသြဇာကို ထောပတ်သီးပင်၏ ပင်စည်နားအလွန်ကပ်၍ မကျွေးရပါ။
  • ထောပတ်ပင်၏ပင်စည်မှ အနည်းဆုံး(၁)ပေခွဲခန့် အကွာ(သို့မဟုတ်) အပင်ရိပ်အဝန်းအဝိုင်းအတွင်း (၆)လက္မအနက်တွင် ထည့်သွင်းသင့် သည်။
  • ကြဲပက်ကျွေးပါက မြေသြဇာကြဲပက်ပြီး မြေဖြင့်ပြန်ဖုံးပေးရန် လိုအပ်ပါ သည်။

ဖြစ်နိုင်လျှင် မြေသြဇာတစ်ခုချင်းစီတွင်ပါရှိသော နိုက်ထရိုဂျင်အချိုးအစားကို      တွက်ချက်၍ ဓါတုမြေသြဇာနေရာတွင် သဘာဝမြေသြဇာများ အစားထိုး၍အသုံးပြုပါ။

  • မြေသြဇာမကျွေးခင် အပင်​ခြေရှိပေါင်းမြက်များကို ရှင်းလင်းရန်လိုအပ်ပါ သည်။
  • မြေဩဇာကျွေးချိန် မြေကြီးထဲတွင် လုံလောက်သောအစိုဓာတ်ရှိရပါမည်။
အပင်သက်တမ်းအလိုက်လိုအပ်သောမြေသြဇာနှုန်းထားများ
အပင်သက်တမ်း(နှစ်) မြေသြဇာနှုန်းထား /ပင်/နှစ်
သဘာဝမြေသြဇာ (ကီလိုဂရမ်) နိုက်ထရိုဂျင်(ဂရမ်) ဖော့စပရပ်(ဂရမ်) ပိုတက်စီယမ်(ဂရမ်)
၁ နှစ်သား ၁၀၀ ၅၀ ၁၀၀
၂ နှစ်သား ၁၀ ၂၀၀ ၁၀၀ ၂၀၀
၃ နှစ်သား ၁၅ ၃၀၀ ၂၀၀ ၃၀၀
၄ နှစ်သား ၂၀ ၄၀၀ ၃၀၀ ၄၀၀
၅ နှစ်သား ၂၅ ၅၀၀ ၄၀၀ ၅၀၀
၆ နှစ်သား ၃၀ ၆၀၀ ၅၀၀ ၆၀၀
ရ နှစ်သား ၃၅ ရ၀၀ ၅၀၀ ရ၀၀
၁၀ နှစ်သား နှင့် အထက် ၅၀ ၁၀၀၀ ၅၀၀ ၁၀၀၀
အော်ဂဲနစ်မြေသြဇာများအသုံးပြုခြင်း

ကောင်းစွာဆွေးမြေ့သော သဘာဝမြေသြဇာများကို သာအသုံးပြုရမည်။

  • ကျွဲ၊ နွား၊ တိရစ္ဆာန်အညစ်အကြေးများကို ကောင်းစွာဆွေးမြေ့ပြီးမှသာလျှင် မြေသြဇာအဖြစ် ထည့်သွင်းအသုံးပြုရမည်။
  • ရိတ်သိမ်းချိန်နှင့်နီးကပ်လာလျှင် သြဂဲနစ်မြေသြဇာထည့်သွင်းခြင်းကို လျော့ချ သုံးစွဲရမည်။
  • တိရစ္ဆာန်အညစ်အကြေးပုံများနှင့် သဘာဝမြေဆွေးပုံများကို မြစ်ချောင်းများ နှင့် ရေသိုလှောင်ကန်များနှင့် ဝေးရာတွင်ထားရမည်။
ပင်ကြွင်းပင်ကျန်များစွန့်ပစ်ခြင်း
  • အသီးသီးပြီးချိန်တွင် ပန်းခိုင်ဟောင်းများ၊ ကိုင်းသေ၊ ကိုင်းခြောက်များ ကျန်ရှိမနေစေရန် ရှင်းလင်းရမည်။
  • ထပ်နေသည့် အရွက်များ၊ အသီးနှင့်ကပ်လွန်းသောအရွက်များနှင့် ပုံမမှန် မသန်စွမ်းသည့်အသီးများနှင့် အပင်ခြေတွင် ကြွေကျနေသော အသီးပုပ် အကြွေများကို စနစ်တကျ ကောက်ယူဖျက်စီးပစ်ရမည်။
  • ပိုးမွှားကာကွယ်မှုထိရောက်စေရန်နှင့် နေရောင်ခြည်လုံလောက်စွာ ရရှိနိုင်မည့် အသီးများကို ထိခိုက်စေနိုင်သောကိုင်းများ၊ ပန်းခိုင်နှင့် အရွက်များကို ဖယ်ရှားရပါမည်။
  • အသီးပုပ်အကြွေများကို စနစ်တကျ ကောက်ယူဖျက်စီးပစ်ရမည်။
ပိုးသတ်ဆေးသုံးစွဲခြင်း

စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို လိုက်နာဆောင်ရွက်ရာတွင် မှတ်ပုံ တင်ထားသည့် ပိုးသတ်ဆေးများကို စနစ်တကျအသုံးပြုရမည်။

  • ပိုးသတ်ဆေးသုံးစွဲပုံအဆင့်အဆင့်နှင့် အခြားပိုးမွှားကာကွယ်သည့်နည်းများ ပါဝင်သည့် ဘက်စုံသီးနှံကာကွယ်ရေး(IPM) စနစ်များကို ဆောင်ရွက်ရမည်။

စိုက်ပျိုးရေးနှင့်အခြားဆက်စပ်ပစ္စည်းကိရိယာများ

ထောပတ်သီးနှံအတွက် အသုံးပြုသောပစ္စည်းကိရိယာများ ၊ သိုလှောင်ပစ္စည်းများနှင့် အခြားပစ္စည်းများသည် သန့်ရှင်းပြီး သီးနှံကိုညစ်ညမ်းမှု မရှိစေရ။

စွန့်ပစ်ပစ္စည်းများ၊ ဓါတုဆေးများနှင့် အခြားအန္တရာယ်ဖြစ်စေသည့် အရာများ ထည့်သွင်းအသုံးပြုသည့် ပစ္စည်းများကို တိတိကျကျသတ်မှတ်ထားရမည်။ ၎င်းပစ္စည်းများ ဖြင့်ထောပတ်သီးနှံများ ထည့်ခြင်း၊ သိုလှောင်ခြင်း မပြုရ။

  • မခူးဆွတ်မီ၊ ခူးဆွတ်ချိန်နှင့် ခူးဆွတ်ပြီးနောက်ပိုင်း ထောပတ်ခင်းများတွင် အသုံးပြုသော ပစ္စည်းကိရိယာများကို သန့်ရှင်းသောရေနှင့် ဆေးကြောရန် လိုအပ်သည်။
  • ခူးဆွတ်ပြီးသော အသီးများထည့်ရာတွင် အသုံးပြုမည့်ထည့်စရာ ၊ ခြင်း စသည် တို့သည် သန့်ရှင်းရမည်။
  • ဓါတုပစ္စည်းများ၊ မြေဆွေးစသည်များထည့်ထားပြီးသော ပစ္စည်းများနှင့် အသီးများကို သယ်ယူပို့ဆောင်ခြင်းမပြုရ။
  • အသုံးပြုသောပစ္စည်းကိရိယာများနှင့် သုံးစွဲမှု့များကို မှတ်တမ်းထားရှိရမည်။

ရိတ်သိမ်းခြင်းနှင့် ထွက်ကုန်ပြုပြင်ခြင်း

ထောပတ်သီးများကို မှန်ကန်သော ရင့်မှည့်မှု့ရှိသည့်အချိန်တွင် သင့်တော်သည့် နည်းစနစ်ဖြင့် ခူးဆွတ်ရိတ်သိမ်းရမည်။

  • ထောပတ်သီးများ ခူးဆွတ်ရိတ်သိမ်းသည့်အခါတွင် အသီးများထိခိုက်ပျက်စီးမှု မဖြစ်စေရန် မှန်ကန်ကောင်းမွန်သည့်နည်းလမ်းများကို အသုံးပြုရမည်။
  • ရင့်နေသောထောပတ်သီးများခူးဆွတ်ရန် အကောင်းဆုံးအချိန်မှာ မျိုးအပေါ် မူတည်ပါသည်။
  • ထောပတ်သီးများကို ထိခိုက်ဒဏ်ရာရမှု အနည်းဆုံးဖြစ်အောင် ခူးဆွတ်ပြီး အရိပ်ရသောနေရာ၊ သန့်ရှင်းသောအခင်းပေါ်တွင် ထားရှိရမည်။
  • ထောပတ်သီးများတွင် ဓါတုဆေးများအသုံးပြုမည်ဆိုလျင် ထွက်ကုန်များကို ထိခိုက်မှုအနည်းဆုံးဖြစ်စေရေးအတွက် အသင့်လျော်ဆုံး ဓါတုဆေးများကိုသာ ရွေးချယ်ရမည်။
  • ခူးဆွတ်ပြီးသော ထောပတ်သီးများကို မြေကြီး (သို့မဟုတ်) ကိုင်တွယ်ထုပ်ပိုး သည့်  ကြမ်းပြင် (သို့မဟုတ်) သိုလှောင်သည့်နေရာ ကြမ်းခင်းနှင့် တိုက်ရိုက် ထိတွေ့ခြင်းမရှိအောင် သန့်ရှင်းသော အခင်း/ပစ္စည်းပေါ်တွင် ထားရှိရမည်။
  • ထောပတ်သီးထုပ်ပိုးမည့်နေရာ အနီးပတ်ဝန်းကျင်တွင် ပိုးမွှားများနှင့် အိမ်မွေး တိရိစ္ဆာန်များ မရှိစေရ။

ထောပတ်သီးအတွက် သတ်မှတ်ထားသော စံချိန်စံညွှန်းအတိုင်း အဆင့်အတန်း ခွဲခြား၍ စနစ်တကျ ထုပ်ပိုးရမည်။

သိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း

ထောပတ်သီးများကို ဓါတု၊ ဇီဝနှင့် ရုပ်ဝတ္ထုဆိုင်ရာညစ်ညမ်းမှု အန္တရာယ်ဖြစ်စေနိုင် သော ကုန်ပစ္စည်းများနှင့် သီးခြားခွဲ၍ သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း ပြုလုပ်ရမည်။ သယ်ယူပို့ဆောင်မည့် ယာဉ်များကို အသုံးမပြုမီသန့်ရှင်းမှု၊ ဓါတုဆေးဖိတ်စင်မှု့၊  အခြား ပစ္စည်းများ နှင့်ပိုးမွှားကျရောက်မှု့  ရှိ/မရှိ ကိုစစ်ဆေးရမည်။

  • ထောပတ်သီးများထုပ်ပိုးမည့် ထုပ်ပိုးပစ္စည်းများကို သန့်ရှင်းခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းသော နေရာတွင် ထားရှိရမည်။
  • ထောပတ်သီးများကို လတ်လတ်ဆတ်ဆတ် သိုလှောင်နိုင်ရန်အတွက် အအေး ခန်းများကို စနစ်တကျနှင့်သပ်သပ်ရပ်ရပ် ထားရှိရမည်။
  • ပုံမှန်အားဖြင့် လေဖြင့်အအေးခံခြင်းနည်းစနစ် (Air-coolingsystem) အတွက် အသုံးပြုမည့် ပန်ကာများကို စနစ်တကျသန့်ရှင်းထားရှိရမည်။
  • သယ်ယူပို့ဆောင်ရာတွင်လည်း တင်ပို့လိုသည့် နေရာရောက်သည်အထိ သီးနှံ၏ ဇီဝဖြစ်စဉ်များနှင့် ဓာတ်ပြောင်းလဲမှုများကို ထိန်းသိမ်းကြည့်ရှုရမည်။
  • ထောပတ်သီးထိခိုက်ဒဏ်ရာရမှု အရည်အသွေးကျဆင်းမှုသည် သယ်ယူ ပို့ဆောင်စဉ်ကာလတွင် အများဆုံးဖြစ်နိုင်သောကြောင့် စနစ်တကျ သယ်ယူ ပို့ဆောင်ခြင်းကို အထူးဂရုပြုဆောင်ရွက်သင့်သည်။
  • ပို့ဆောင်သည့်ယာဉ်များသည် သန့်ရှင်းရမည်။ တိရိစ္ဆာန်များနှင့် သီးနှံများ ရောနှောသယ်ဆောင်ခြင်းမပြုရ။

အဆောက်အဦများ ဆောက်လုပ်ထားခြင်း

ထောပတ်သီးများအား ထုပ်ပိုးခြင်း၊ ကိုင်တွယ်ပြုပြင်ခြင်းနှင့် သိုလှောင်ထားရှိခြင်း    တို့တွင် ဘေးဥပါဒ်အန္တရာယ်ကျရောက်မှု နည်းပါးစေရန် သီးသန့်အဆောက်အဦများ တည်ဆောက်ခြင်း (သို့မဟုတ်) သီးသန့်ဆောင်ရွက်မည့် နေရာများသတ်မှတ်ရမည်။  ပြုပြင် ထိန်းသိမ်းပေးရမည်။

လောင်စာဆီ၊ ပိုးသတ်ဆေးနှင့် မြေသြဇာများ၊ လယ်ယာသုံးကိရိယာများ အပါအဝင် အခြားပစ္စည်းများနှင့် ထောပတ်သီးများကို ရောနှောသိုလှောင်ခြင်းမပြုရ။

ထောပတ်သီးများ ရိတ်သိမ်းပြီးနောက်ပိုင်းလုပ်ငန်းနှင့် သက်ဆိုင်သော အဆောက် အဦများကို တိရစ္ဆာန်များ၊ မြေဆွေးထားသော နေရာများနှင့် ဝေးသည့်နေရာတွင် တည်ရှိ ရမည်။

တိရိစ္ဆာန်နှင့်ဖျက်ပိုးများထိန်းချုပ်ခြင်း

အိမ်မွေးနှင့် လယ်ယာလုပ်ငန်းသုံးတိရိစ္ဆာန်များကို ထောပတ်သီးများ ရိတ်သိမ်း၊  ထုပ်ပိုး၊ သိုလှောင်သည့် နေရာများတွင် မရှိစေရ။

  • ထောပတ်သီးများ ကိုင်တွယ်ပြုပြင်၊ ထုပ်ပိုး၊ သိုလှောင်သည့် နေရာများနှင့် အနီးတစ်ဝိုက်တွင် အင်းဆက်ဖျက်ပိုးများ ရှိမနေစေရန်အတွက် ကြိုတင်စီမံ ကာကွယ်ထားရမည်။
  • ထောပတ်သီးများ၊ ထုပ်ပိုးခွံပစ္စည်းများ၊ အခြားပစ္စည်းများကို ညစ်ညမ်းမှု အန္တရာယ်အနည်းဆုံး ဖြစ်စေရန်အတွက် မျှားစာများ၊ ထောင်ချောက်များကို သတ်မှတ်နေရာတွင် ထားရှိရမည်ဖြစ်ပြီး ကြပ်မတ်ကြည့်ရှုရမည်။

အထောက်အထားနှင့်မှတ်တမ်းများ

ထောပတ်သီးစိုက်ပျိုးထုတ်လုပ်သူများသည် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့် ကောင်းများနှင့် ပတ်သက်သည့် မှတ်တမ်းများကို အနည်းဆုံး(၂)နှစ် သိမ်းဆည်းထားရ မည်။

လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများအတွက် သတ်မှတ်ထားသည့်မှတ်တမ်းပုံစံ တွင် စနစ်တကျမှန်ကန်ရှင်းလင်းစွာ ရေးသွင်းထားရမည်။ ကွင်းဆင်းစစ်ဆေးသူများ လာရောက်စစ်ဆေးပါကလည်း အစစ်ဆေးခံနိုင်ရမည်။

နောက်ကြောင်းပြန်စစ်ဆေးခြင်းနှင့်ပြန်လည်သိမ်းဆည်းခြင်း

ထောပတ်သီး စိုက်ပျိုးထုတ်လုပ်သည့်နေရာအား နောက်ကြောင်းပြန်စစ်ဆေးနိုင်ရန် အတွက် ထုပ်ပိုးပစ္စည်းများအပေါ်တွင် သိသာထင်ရှားသည့် အမှတ်အသားနှင့် မှတ်ပုံတင် အမှတ်အသား ပြုလုပ်ထားရှိရမည်။

ထောပတ်သီးမျိုး အလိုက်တင်ပို့သည့်နေရာနှင့် ပေးပို့သည့်ရက်စွဲတို့ကို မှတ်တမ်း ထားရှိရမည်။

  • ထောပတ်သီးမျိုးအလိုက် သီးခြားစီစိုက်ပျိုးထုတ်လုပ်ထားသော မြေယာ တစ်ခုချင်းကို အမည် (သို့မဟုတ်) သင်္ကေတနံပါတ်များဖြင့် ဖော်ပြပြီး မှတ်တမ်းတင်ထားရပါမည်။
  • ထောပတ်သီးများ စိုက်ပျိုးခဲ့သည့်နေရာကို နောက်ကြောင်းပြန်စစ်ဆေးနိုင်ရန် ထောပတ်သီးပါကင်ပုံးများတွင် တိကျစွာဖော်ပြပေးရမည်။
  • တင်ပို့သည့် ထောပတ်သီးတိုင်းအတွက် တင်ပို့သည့်နေ့စွဲ၊ တင်ပို့သည့်နေရာ စသည်တို့ကို မှတ်တမ်းတင်ထားရှိရမည်။
  • မည်သည့်မသန့်ရှင်းမှုဖြစ်စေသော ပစ္စည်းများပါဝင်မှုများကို စစ်ဆေးခံနိုင် ရမည်ဖြစ်ပြီး နောက်ထပ်ဖြစ်ပွားမှုမရှိစေရန် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည်။
  • ဖြစ်ပေါ်မှုနှင့် ဆောင်ရွက်မှုများကို မှတ်တမ်းတင်ရပါမည်။

သင်တန်း

ထောပတ်သီးစိုက်ပျိုးထုတ်လုပ်သူများနှင့် လုပ်သားများသည် ကျွမ်းကျင်ပညာရှင် များပူးပေါင်းဆောင်ရွက်ခြင်း၊ နည်းပညာအရအထောက်အပံ့များရယူခြင်းဖြင့် အရည် အသွေးကောင်းပြီး အန္တရာယ်ကင်းသောထောပတ်သီးများ ထုတ်လုပ်ရမည်။

ပြုပြင်ထုပ်ပိုးခြင်းနှင့်ပတ်သက်သည့် နည်းစနစ်များ၊ နည်းပညာအချက်အလက်များ ကို စိုက်ပျိုးထုတ်လုပ်သူများ စနစ်တကျလိုက်နာဆောင်ရွက်ရမည်။

လူမှုစီးပွားဖွံ့ဖြိုးမှုများ၊ သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်မှုများအတွက် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း သင်တန်းများကို မဖြစ်မနေတက်​ရောက်ရမည်။

ဆောင်ရွက်ကျင့်သုံးမှု များကိုပြန်လည် သုံးသပ်ခြင်း

ထောပတ်သီးထုတ်လုပ်သူများအနေနှင့် ကျင့်သုံးနေသည့်နည်းလမ်းများ မှန်မှန် ကန်ကန် ဆောင်ရွက်ကြောင်းသေချာစေရန် လုပ်ငန်းအားလုံးကို အနည်းဆုံး တစ်နှစ် တစ်ကြိမ် ပြန်လည်စစ်ဆေးရမည်။

တိုင်ကြားချက်များရှိပါက  မိမိကိုယ်တိုင်ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ပြီး ဤ ဆောင်ရွက်မှုများအတွက် မှတ်တမ်းများထိန်းသိမ်းထားရှိရမည်။

တစ်ကိုယ်ရည်သန့်ရှင်းခြင်းနှင့် လုပ်သားများဘဝ သာယာဝပြောရေး

လုပ်ငန်းခွင်ရှိ သိသာထင်ရှားသော နေရာများတွင် လုပ်သားများအတွက်       တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်သက်သည့် ညွှန်ကြားချက်များကို ရေးသားဖော်ပြထား ရမည် (သို့မဟုတ်) သိရှိအောင် ဖြန့်ဝေပေးထားရမည်။

ထောပတ်သီးများကိုကိုင်တွယ်မည့် အလုပ်သမားများတွင် သင့်တော်သည့် တစ်ကိုယ်ရည်သန့်ရှင်းရေး စောင့်ရှောက်မှု ဗဟုသုတများရှိရမည်။

– သို့မဟုတ်ပါက ယင်းအတွက်သင်တန်းများပို့ချပေးရမည်။ ယင်းသင်တန်း၏ မှတ်တမ်းများကိုလည်း ထိန်းသိမ်းထားရမည်ဖြစ်သည်။

  • သန့်စင်ခန်းများနှင့် ကိုယ်လက် ဆေးကြောသန့်စင်ရမည့် နေရာများကို အလွယ်တကူ သုံးစွဲနိုင်အောင်ထားပေးရမည်။ ယင်းတို့ကိုလည်း သန့်ရှင်းရေး အမြဲတမ်း ပြုလုပ်ပေးထားရမည်ဖြစ်သည်။
  • မိလ္လာရေနှင့် စွန့်ပစ်အညစ်အကြေးရေများကို အန္တရာယ်မရှိအောင် ဂရုတစိုက် စွန့်ပစ်ရမည်။
  • လုပ်သားများကျန်းမာရေးနှင့် လူမှုဘဝသာယာဝပြောရေး အလေးထားဆောင်ရွက်ပေးရမည်။

သို့ဖြစ်ပါ၍ ထောပတ်သီးအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ သည် သီးနှံများ အရည်အသွေးစံချိန်စံညွှန်းနှင့် ကိုက်ညီစေပြီး စားသုံးသူများ အန္တရာယ် ကင်းရှင်းစေကာ လုပ်သားများ လူမှုဘဝသာယာဝပြောလာစေရန်နှင့် ပတ်ဝန်းကျင်ထိခိုက်မှု နည်းစေရန်တို့အတွက် ထောပတ်စိုက်ပျိုးထုတ်လုပ်သူများ လိုက်နာသင့်သည့် နည်းစနစ် ကောင်းများ ဖြစ်ပါသည်။ အထက်ပါနည်းစနစ်များကို ထောပတ်စိုက်ပျိုး ထုတ်လုပ်သူများ အနေနှင့် လက်ရှိစိုက်ပျိုးထုတ်လုပ်နေသည့် နည်းစနစ်များနှင့် ပေါင်းစပ်ထုတ်လုပ်နိုင်ပြီး ပြည်တွင်းစျေးကွက်သာမက နိုင်ငံတကာစျေးကွက်သို့ ပိုမိုတင်ပို့ရောင်းချနိုင်မည်ဖြစ်ပါ သည်။

မှီငြမ်းကိုးကားချက်များ
  • စိုက်ပျိုးပညာပေးရေးဌာနခွဲ (၂၀၁၆)၊ သစ်သီးဝလံစိုက်ပျိုးနည်း မြန်မာ့ စိုက်ပျိုးရေးလုပ်ငန်း၊ ၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊
  • https://www.gardeningknowhow.com/…/avocado/avocadopests-and-diseases. htm
  • https://www.califoniaavocadogrowers.com/…./ avocado/avocado diseases. htm