ဒေသအလိုက် အသုံးချသုတေသနများ တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် လုပ်ကွက်ငယ် တောင်သူများအတွက် နည်းပညာသစ်များဖော်ဆောင်ပေးနိုင်ရေး နှင့် အရင်းအနှီးမြုပ်နှံ ဆောင်ရွက်ကြသည့် တောင်သူကြီးများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအတွက် အဆင့်မြင့် စိုက်ပျိုးထုတ်လုပ်မှုနည်းပညာများ ဖြန့်ဝေပေးရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက် နိုင်ကြရန် တိုင်းဒေသကြီး ပြည်နယ်များမှ စိုက်ပျိုးရေးဝန်ထမ်းများက လက်တွေ့ဆောင်ရွက် နေမှုများကို သုတေသနစာတမ်းများပြုစုပြီး ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၉ နာရီ တွင် နေပြည်တော် ရုံးအမှတ် ၁၅ ၌ သုတေသနနှင့် ပညာပေးလုပ်ငန်းတိုးတက်ဆောင်ရွက်ရေး စာတမ်းဖတ်ပွဲ ကျင်းပပြုလုပ်သည်။

စာတမ်းဖတ်ပွဲအခမ်းအနားတွင် အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး က အဖွင့်အမှာ စကား ပြောကြားရာ၌ မိမိတို့ဝန်ကြီးဌာနအနေဖြင့် သုတေသနနှင့်ပညာပေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေး၊လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရေးကို ဦးတည်ဆောင်ရွက်လျက် ရှိသကဲ့သို့ သုတေသနဖွံ့ဖြိုးမှုနှင့် နည်းပညာဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းကိုလည်း မူဝါဒ တစ်ရပ်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ သုတေသနဖွံ့ဖြိုးရေး တိုးချဲ့ဆောင်ရွက် နေမှုများသည် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် အဓိကအခြေခံအုတ်မြစ်ဖြစ်ပြီး ခေတ်မီသော၊ ခေတ်နှင့်လိုက်လျောညီထွေဖြစ်သော စမ်းသပ်ကွက်များနှင့် စံပြကွက်များ ဖော်ဆောင်ရေးနှင့် အောင်မြင်မှုရရှိရေးအတွက် သုတေသန နှင့် တောင်သူပညာပေးလုပ်ငန်းကို တွဲဘက်ဆောင်ရွက် ရန်လိုအပ်ကြောင်းပြောကြားသည်။

[vc_gallery type=”image_grid” images=”797,798,799,800,801,802,803″]

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က အမှာစကားပြောကြားရာတွင် ထုတ်လုပ်မှုနည်းပညာ ပြန့်ပွားရေးမှသည် အရည်အသွေး ဦးစားပေးသည့် နည်းပညာပြန့်ပွားရေးကိုဆောင်ရွက်ရန်လိုအပ်ပြီး GAP စံချိန်စံညွှန်းနှင့် အော်ဂဲနစ်စံချိန်စံညွှန်းများ၏ စံသတ်မှတ်ချက်များကို တောင်သူများအပါအဝင် လုပ်ငန်းရှင်များ အားလုံး သဘောပေါက်နားလည် ကျင့်သုံးနိုင်စေရန် နည်းပညာဖြန့်ဝေပေးခြင်းနှင့် လက်တွေ့ ဆောင်ရွက်ပြသခြင်းများကို တိုးမြှင့် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဒေသအသီးသီးတွင် လက်တွေ့ဆောင်ရွက်ခဲ့သည့် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ ၏ သုတေသနလုပ်ငန်းများကိုစာတမ်းပြစု၍ တိုင်းဒေသကြီး/ ပြည်နယ်များတွင် စိစစ်ရွေးချယ်ပြီး ဇန်နဝါရီလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ နေပြည်တော်၌ ကျင်းပပြုလုပ်သော သုတေသနနှင့် ပညာပေးလုပ်ငန်းတိုးတက်ဆောင်ရွက်ရေး စာတမ်းဖတ်ပွဲ တွင် စာတမ်းရှင်(၃၁)ဦးတို့က သက်ဆိုင်ရာ စာတမ်းခေါင်းစဉ်အလိုက် ဖတ်ကြားယှဉ်ပြိုင်ကြမည်ဖြစ်သည်။

စိုက်ပျိုးရေးဝန်ထမ်းများ၏ မြေပြင်လက်တွေ့ဆောင်ရွက်နေမှုများကို အခြေခံပြီး သုတေသနစာတမ်းများပြုစုကာ သုတေသနနှင့် ပညာပေးလုပ်ငန်းတိုးတက်ဆောင်ရွက်ရေး စာတမ်းဖတ်ကြားတင်ပြခြင်းကို ပထမအကြိမ်ဆောင်ရွက်ခြင်းဖြစ်ပြီး နှစ်စဉ်ဆောင်ရွက် သွားရန်နှင့် စိုက်ပျိုးရေးတက္ကသိုလ် ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့နှင့်ပူးပေါင်းပြီး အရှိန် အဟုန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တောင်သူ ပညာပေးလုပ်ငန်းကို သုတေသန လုပ်ငန်းဖြင့် ယှဉ်တွဲလုပ်ကိုင် စေခြင်းဖြင့် နည်းပညာပေးဝန်ထမ်းများ၏ စွမ်းဆောင်ရည် ပိုမိုပြည့်ဝလာစေရန် ၊ သုတေသန ဆောင်ရွက်ချက် လုပ်ငန်းစဉ်များ သည် သီအိုရီနှင့်ကိုက်ညီပြီး ခေတ်နှင့်လျော်ညီစွာ တောင်သူများ အကျိုးအမြတ် အမှန်တကယ် ရရှိစေမည့် လက်တွေ့အသုံးချ နည်းပညာများ ဖြစ်စေရန်တို့ကို ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။