ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ၏ ကြီးကြပ်စီစဉ်မှုဖြင့် တာလေမြို့၊ နားယောင်းကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံလားဟူ၊ အာခါတောင်သူများအား “ စိုက်ပျိုးရေး ဆိုင်ရာ နည်းပညာများသိရှိနားလည်ပြီး လိုက်နာဆောင်ရွက်တတ်စေရေး၊ လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက် စေရေး ” တို့အားရည်ရွယ်ပြီး (၂၉.၁.၂၀၁၉) ရက်နေ့ နံနက်(၉း၃၀)မှ စတင်၍ တောင်သူ(၆၄)ဦးဖြင့် လေ့လာရေး ခရီး ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပါလျှံစိုက်ပျိုးရေးဥယျာဉ်ခြံသို့ ရောက်ရှိလာရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်း က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ပါလျှံဥယျာဉ်ခြံ ခြံဦးစီးမှူး ဒေါ်နွယ်နွယ်အောင် က ဥယျာဉ်ခြံအတွင်း သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်စိုက်ခင်းများ ဆောင်ရွက်ထားရှိမှု အခြေအနေကို ရှင်းလင်းပြောကြား ခဲ့သည်။

၎င်းနောက် ပါလျှံဥယျာဉ်ခြံအတွင်း၌ စိုက်ပျိုးထားသော ဆောင်းသီးနှံဟင်းသီးဟင်းရွက် စိုက်ခင်းများ၊ ပျိုးပင်များနှင့် သစ်သီး ဝလံစိုက်ခင်းများ၊ သဘာဝမြေသြဇာပြုလုပ်နေခြင်းတို့အား တောင်သူ များမှ လေ့လာကြည့်ရှုမှတ်သားခဲ့ပါသည်။

ဆက်လက်ပြီး နှစ်ရှည်သီးနှံ ရော်ဘာပျိုးဥယျာဉ်ခြံ၌ ရော်ဘာ ၊ကော်ဖီမျိုးစေ့များ ပျိုးထောင်ထားရှိမှု အား လိုက်လံရှင်းလင်း၍ လက်တွေ့သရုပ်ပြခြင်း၊ ရော်ဘာစိုက်ခင်းများနှင့် လိမ္မော်စိုက်ခင်းများအား ကြည့်ရှု လေ့လာခဲ့ပြီး မယ်ဆိုင်မြို့ “ဟင်းသီးဟင်းရွက်(GAP) စိုက်ခင်း” များကိုလည်း သွားရောက်လေ့လာခဲ့ပါသည်။ ၎င်းနောက်တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာန၊ တောင်သူပညာပေးသင်တန်းခန်းမ၌ ခရိုင် (မြေ၊ မျိုး၊ ပိုး) တာဝန်ခံများမှ စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ ဟောပြော၍ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးရာ တောင်သူ ဦးအားနင်း က ကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်း သိရှိရသည်။