အစားအစာဘေးကင်းလုံခြုံရေး နှင့် အာဟာရပြည့်ဝရေး အသိအမြင် ကြွယ်ဝလာသော စားသုံးသူများ၏ တောင်းဆိုမှု ၊ အော်ဂဲနစ် စိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်လိုသော လုပ်ငန်းရှင်များ၏ စိတ်ဝင်စားမှုမြင့်မားလာခြင်းတို့ကြောင့် နိုင်ငံတစ်ဝန်း တွင် အော်ဂဲနစ် စိုက်ခင်းများ၊ အော်ဂဲနစ်ထုတ်ကုန်များ ထွက်ပေါ်လာလျက်ရှိရာ အော်ဂဲနစ်စိုက်ပျိုးရေး စနစ်တကျ ဖွံ့ဖြိုးလာစေရေး နှင့် အော်ဂဲနစ်နှင့်ပတ်သတ်သည်‌့ စံချိန်စံညွှန်းများအား တိကျစွာ လိုက်နာကျင့်သုံး နိုင်ရေး တို့အတွက် စိုက်ပျိုးရေးဦးစီးဌာန က စံချိန်စံညွှန်းများရေးဆွဲပြီး ဇန်နဝါရီလ ၂၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာအနီးရှိ ဟင်းသီးဟင်းရွက်သစ်သီးဝလံ သုတေသန နှင့် ဖွံ့ဖြိုးရေးဗဟိုဌာန ၌ အော်ဂဲနစ်စံချိန်စံညွှန်းများကို ကြောငြာခဲ့ပြီးဖြစ်သကဲ့သို့ အော်ဂဲနစ် ဟင်းသီးဟင်းရွက် စိုက်ခင်းများ၊ GAP စိုက်ခင်းများကိုလည်း အများပြည်သူတို့ လက်တွေ့ လေ့လာနိုင်ရန် စိုက်ပျိုး ပြသထားလျက်ရှိသည်။

အဆိုပါပြပွဲတွင် ပုဂ္ဂလိက သစ်သီးအရောင်းဆိုင်ခန်းများ ၊ စိုက်ပျိုးရေး လုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင်များ ခင်းကျင်းပြသရောင်းချပေးလျက်ရှိရာသကဲ့သို့ ဟင်းသီးဟင်းရွက် ပွဲတော်ရှိ အော်ဂဲနစ် စိုက်ခင်းများ၊ GAP စိုက်ခင်းများ၊ ဇကာရုံအတွင်းစိုက်ပျိုးထားသော ဟင်းသီး ဟင်းရွက်စိုက်ခင်းများ၊ မျိုးစေ့ထုတ်စိုက်ခင်းများ၊ မိသားစု တစ်ပိုင်တစ်နိုင် စိုက်ခင်းများ (Home Garden) ကို အများပြည်သူတို့ လာရောက်လေ့လာလျက်ရှိကြပြီး ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ အရာရှိစစ်သည်များ လာရောက် လေ့လာခဲ့ ကြကြောင်းသတင်းရရှိသည်။