ယခုနှစ်ကို စိုက်ပျိုးရေဦးစီးဌာနအနေဖြင့် နည်းပညာ ဖွံ့ဖြိုးရေးနှစ် (Knowledge Year) အဖြစ်သတ်မှတ်ပြီး စိုက်ပျိုးရေးနည်း ပညာပြန့်ပွားရေးလုပ်ငန်းများ အရှိန်အဟုန်မြင့်တင် ဆောင်ရွက် လျှက်ရှိရာ ဒေသအလိုက်တာဝန်ယူထားကြသည့် စိုက်ပျိုး‌ရေး ပညာရှင်ဝန်ထမ်းများ နှင့် ဒေသတာဝန်ရှိသူများ၊ တောင်သူများ လက်တွဲညီပူးပေါင်းပြီး လိုက်နာဆောင်ရွက်ရမည့် နည်းပညာများဆွေးနွေးဟောပြောခြင်း၊ လက်တွေ့ သရုပ်ပြရှင်းလင်းခြင်းဆောင်ရွက်လျက်ရှိသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးရုံးမှ ကြီးမှူးကျင်းပသော စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပြန့်ပွားရေးဟောပြောဆွေးနွေးခြင်းကို စက်တင်ဘာ ၂၅ ရက်နေ့ နံနက် ၉ နာရီက ကျင်းပရာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး တာချီလိတ်ခရိုင်၊ ခရိုင်ဦးစီးမှူး ဦးလှဝင်း စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP)နည်းစနစ် လိုက်နာကျင့်သုံးရေးဆိုင်ရာများကိုလည်းကောင်း၊ ပါလျှံဥယျာဉ်ခြံဦးစီးမှူး ဒေါ်နွယ်နွယ်အောင် က စီးပွားဖြစ် မှိုနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်းများ၊ ပင်ပိုင်းဆိုင်ရာ မျိုးပွားနည်းများနှင့် သဘာဝမြေသြဇာ၊ ပိုးသတ်ဆေးပြုလုပ် သုံးစွဲနည်းများကို စာတွေ့လက်တွေ့ ဟောပြောဆွေးနွေးသည်။

အဆိုပါ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပြန့်ပွားရေးသင်တန်းကို နှစ်ရက်ကြာ ဆွေးနွေး သင်ကြား ပို့ချ ခဲ့ပြီး သင်တန်းဆင်းပွဲတွင် စိုက်ပျိုးရေးဆိုင်ရာ အထွေထွေဗဟုသုတမေးခွန်း ဖြေဆိုနိုင်သူများအား ခရိုင်ဦးစီးမှူး က အမှတ်တရဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းအရင်းအမြစ်- တာချီလိတ်ခရိုင်စိုက်ပျိုးရေး/Doa Bureau