မကြာမီ မိုးသီးနှံများဆွတ်ခူးရိတ်သိမ်းတော့မည်ဖြစ်သကဲ့သို့ ဆောင်းသီးနှံများလည်း စိုက်ပျိုးတော့မည်ဖြစ်ရာ တောင်သူများသိသင့်သိထိုက်သည့် စိုက်ပျိုးနည်းပညာဗဟုသုတများ ဟောပြောဆွေးနွေးခြင်းကို ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် အောက်တိုဘာ ၁၉ရက် နေ့လည်ပိုင်းက ဂန့်ဂေါမြို့နယ် သာစည်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပ ပြုလုပ်ရာ ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးနည်းပညာများနှင့် ပိုးသတ်ဆေးစနစ်တကျကိုင်တွယ်သုံးစွဲနည်းများကို ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်နွယ် က လည်းကောင်း၊ မျိုးကောင်းမျိုးသန့်များရွေးချယ်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများနှင့် သီးနှံအလိုက် မျိုးကောင်းမျိုးသန့်များအကြောင်းကို ခရိုင်မျိုးစေ့တာဝန်ခံ ဦးစီးအရာရှိ ဒေါ်သွဲ့သွဲ့ညွန့် ကလည်းကောင်း၊ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံးရန် လိုအပ်ပုံနှင့် GAP တစ်ချက်ချင်းအား အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦစီးမှူး ဦးမြင့်ဇော် ကလည်းကောင်း ဟောပြောဆွေးနွေးကြသည်။

“ဆောင်းသီးနှံတွေ စစိုက်နေတဲ့ ခုလိုကာလမှာ တောင်သူများ သိသင့်သိထိုက်တာတွေ သိရှိလိုက်နာနိုင်ဖို့နဲ့ ယခုလဆန်းပိုင်းက တစ်ပါတ်လောက် မိုးအဆက်မမြတ်ရွာသွန်းခဲ့တော့ မိုးစပါးနဲ့ စိုက်လက်စဆောင်းသီးနှံတွေ ထိခိုက်မှု၊ ပိုးမွှားရောဂါကျရာက်မှုတွေ လျှော့နည်းသက်သာစေဖို့ ခုလိုတောင်သူပညာပေးပွဲကို ပြုလုပ်ရခြင်းဖြစ်ပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ တောင်သူ ၆၉ ဦး တက်ရောက်ကြပြီး တောင်သူများက သိရှိလိုသည်များကို စိတ်ဝင်တစား မေးမြန်းကြရာ သက်ဆိုင်ရာ ပညာရှင်ဝန်ထမ်းများက ရှင်းလင်း ဖြေကြားကြကာ လက်ကမ်းစာစောင်များဖြန့်ဝေပေးပြီး ကျေးရွာစာကြည့်အတွက် စာအုပ်စာစောင်များ နံရံကပ်ပိုစတာများလည်း ပေးအပ်ခဲ့သည်။

ဂန့်ဂေါမြို့နယ် သာစည်ကျေးရွာရှိ စိုက်ပျိုးမြေများမှာ မိုးကောင်းသောက်များဖြစ်ပြီး မိုးသီးနှံအဖြစ် ယာများတွင် မိုးနှမ်းစိုက်ခဲ့ပြီး လယ်မှာ မိုးစပါးစိုက်ကြကြောင်း၊ ဆောင်းသီးနှံအဖြစ် မိုးနှမ်းအပြီး ပဲတီစိမ်း ပဲထောပတ် မြေပဲ နှင့် နေကြာသီးနှံများ စိုက်ပျိုးကြမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းအရင်းအမြစ်-ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေး/ Doa Bureau