ကြက်သွန်နီ

အမည် –  ကြက်သွန်နီ

သိပ္ပံအမည်  –  Alium cepa

မျိုးရင်း   –  Liliaceae

ကြက်သွန်နီ၏ မူရင်းဒေသမှာ အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်း အာဖဂန်နစ္စတန် နိုင်ငံနှင့် ပါလက်စတိုင်းတလျှောက်ဖြစ်သည်။ ကြက်သွန်နီသည် ပြည်တွင်းစားသုံးမှု အများဆုံး စားဖိုချောင်သီးနှံဖြစ်ပြီး နိုင်ငံခြား ပို့ကုန်အဖြစ် နှစ်စဉ်ဝင်ငွေကောင်းသော သီးနှံဖြစ်သည်။     ကြက်သွန်နီကို မိုး ကြက်သွန်နီ၊ ဆောင်း ကြက်သွန်နီအဖြစ် စိုက်ပျိုးလေ့ ရှိသည်။ မြန်မာနိုင်ငံတွင် ကြက်သွန်နီကို မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော် တိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးကြပြီး ရွှေဖလား၊ ဘောင်စောက်၊ သပိတ်လုံး (သို့) ဦးဝိုင်းမျိုးနှင့် မင်းတုန်းဥမွှာမျိုးများ စိုက်ပျိုးလျှက်ရှိပါသည်။ (၂၀၁၅-၂၀၁၆) ခုနှစ်တွင် စိုက်ဧကစုစုပေါင်း (၁၈၉၄၄၂) ဧကရှိပြီး၊ ကြက်သွန်နီ တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း (၃၀၀၀) ပိဿာခန့်ရှိ၍၊ နှစ်စဉ် ပြည်ပကြက်သွန်နီပို့ကုန် (၁,၂၀၀,၀၀၀)တန်ခန့် တင်ပို့လေ့ ရှိပြီး ဝင်ငွေရသီးနှံ တစ်ခုလည်း ဖြစ်ပါသည်။

ကြက်သွန်နီကို စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများနှင့် စိုက်ပျိုးထုတ်လုပ်မည်  ဆိုပါက အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရပါမည်။

စိုက်ပျိုးမည့်မြေနေရာရွေးချယ်ခြင်း

ကြက်သွန်နီ စိုက်ပျိုးမည့် မြေနှင့် အနီးပတ်ဝန်းကျင်ရှိ မြေသည် ဓါတုနှင့် ဇီဝဆိုင်ရာ အန္တရာယ်ရှိသည့် မြေနေရာ မဖြစ်စေရ။ စိုက်ကွင်းမြေပုံနှင့် ထိုမြေအား အသုံးပြုခဲ့ပုံ မှတ်တမ်းထားရှိရမည်။  စိုက်ပျိုးမည့် မြေသည်  ဆေးရုံဆောက်ခဲ့သည့်နေရာ၊ တိရိစ္ဆာန် မွေးမြူရေးဆောင်ရွက်ခဲ့သောနေရာ၊ စက်မှုလုပ်ငန်းများဆောင်ရွက်ခဲ့သည့်နေရာ၊ မြူနီစပယ် မှ အမှိုက်စွန့်ပစ်ခဲ့သော နေရာများ မဖြစ်သင့်စေရ။

ကြက်သွန်နီ မစိုက်ပျိုးမီ Heavy metals ပါ၀င်မှု၊ မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိ၊ ဓါတ်ဂုဏ်သတ္တိများကို သိရှိနိုင်ရန် မြေဆီလွှာစစ်ဆေးမှု  လိုအပ်လျှင် ပြုလုပ်ရမည်။

  • ကြက်သွန်နီအတွက် သင့်တော်သောမြေ၊ ရာသီဥတု၊ စျေးကွက်နှင့် လုပ်သား ရရှိမှုများ သဟဇာတ ဖြစ်ရပါမည်။
  • ကြက်သွန်နီသည် မြေဆီသြဇာ ထက်သန်သောမြေကို နှစ်သက်သည်။ သဲနုန်း မြေတွင် အများဆုံးဖြစ်ထွန်းသည်။ မြေချဉ်/ငံဓါတ် (pH- ၆.၀ မှ ၇.၀) အတွင်းရှိ၍ ရေစီးရေလာကောင်းပြီး၊ ရေသွင်းရေထုတ်လွယ်သည့်မြေကို ပိုမို နှစ်သက်သည်။ pH- ၆.၀ အောက်ရှိသောမြေကို ထုံးထည့်၍ ပြုပြင်ပေးရမည်။
  • ကြက်သွန်နီသည် နေ့တာတို၍ အပူချိန်နိမ့်လျှင် အပင်ပိုင်းကြီးထွားမှုကို အားပေးသည်။ နေ့တာရှည်၍ အပူချိန်မြင့်လျှင် ဥ ဖြစ်ပေါ်မှုကို အားပေးသည်။
  • အပူချိန်နိမ့်ခြင်းသည် ပွင့်တံထွက်မှုကို အားပေး၍ ၁၀ ဒီဂရီစင်တီဂရိတ် အောက်လျော့ပါက ပွင့်တံထွက်မှုများလာသည်။ ပွင့်တံထွက်မှု ၁၀ ရာခိုင်နှုန်း ထက်ပိုလျှင် အထွက်နှုန်းကိုထိခိုက်နိုင်သည်။
  • အပင်ဖြစ်ထွန်းရန် အပူချိန်မှာ (၁၀-၂၀) ဒီဂရီစင်တီဂရိတ် ရှိရန်လိုအပ်ပြီး ဥချရန် (၂၇-၃၅) ဒီဂရီစင်တီဂရိတ် လိုအပ်ပါသည်။ ထို့ကြောင့် ဒေသအလိုက် ရာသီဥတုပေါ် မူတည်၍ စိုက်ချိန်ကို သတ်မှတ်ရမည်။
  • ကြက်သွန်နီစိုက်ခင်းအတွက် မြေပြုပြင်ရာတွင် ထွန်ရေးညက်၍ မြေအတုံးအခဲ လုံးဝမရှိအောင် ပြုပြင်ရမည်။

ရေ

  • စိုက်ပျိုးရာတွင် အသုံးပြုမည့် ရေ အရည်အသွေးကို ဓါတ်ခွဲစစ်ဆေးရပါမည်။
  • မွေးမြူရေးဇုံ၊ ဆေးရုံ၊ စက်ရုံများမှ ဖြတ်သန်းလာသောရေ၊ မြူနီစပယ် စွန့်ပစ်ရေနှင့် သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်ပေါ်နိုင်သည့် ရေများကို အသုံးမပြုရ။ (ရေဆိုးရေညစ်များကို ပြန်လည်စီရင်၍ အသုံးပြုလျှင် WHO Guideline အရ လိုက်နာအသုံးပြုရန်)။

မျိုးစေ့/ပျိုးပင်

ရေမြေဒေသနှင့် ကိုက်ညီပြီး ပိုးမွှားရောဂါကင်းစင်သည့် အရည်အသွေးကောင်း မျိုးများကို ရွေးချယ်စိုက်ပျိုးရမည်။ စိုက်ပျိုးမည့် မျိုးစေ့၊ ပျိုးပင်နှင့် မျိုးပွားအစိတ်     အပိုင်းများရရှိသည့်နေရာ၊ ရရှိသည့်အရေအတွက်နှင့် ရရှိသည့်နေ့စွဲတို့ကို မှတ်တမ်းတင် ထားရှိရမည်။

ကြက်သွန်နီစိုက်ပျိုးရာတွင် မိုးကြက်သွန်ကို မျိုးဥမှလည်းကောင်း၊ ဆောင်း ကြက်သွန်ကို ဇော်မွှားဥနှင့် ပျိုးပင်မှလည်းကောင်း စိုက်ပျိုးကြသည်။ မျိုးစေ့လိုအပ်ချက်မှာ တစ်ဧကလျှင်(၂-၄) ပြည်လိုအပ်ပါသည်။ ဥစိုက်ပျိုးလိုလျှင် (၁၅၀-၂၅၀) ပိဿာအထိ လိုအပ်ပါသည်။

  • ကုန်းစိုက်ကြက်သွန်နီကို မိုးရာသီတွင် စက်တင်ဘာ၊ အောက်တိုဘာ၌ စိုက်ပျိုး ရမည်။
  • ကုန်းနှင့် ချောင်းသဲသောင် ကြက်သွန်နီကို ဆောင်းရာသီတွင် အောက်တိုဘာ လ၌ ပျိုးထောင်ရမည်။ နိုဝင်ဘာ ဒီဇင်ဘာတွင် ပြောင်းရွှေ့စိုက်ပျိုးရမည်။
  • ကြက်သွန်နီ တစ်ဧက စိုက်ပျိုးရန် ပျိုးခင်းသည် (၀.၀၅)ဧက ရှိရပါမည်။
  • ပျိုးဘောင်ပေါ်တွင် ၁လက်မပတ်လည်၌ မျိုးစေ့ (၃-၄)စေ့နှုန်းဖြင့် ညီညာစွာ ကြဲပက် ရမည်။
  • မျိုးစေ့ဖုံးရုံ သဲပါးပါးဖုံးပေးရမည်။ ကောက်ရိုး၊ မြက်ခြောက်ဖုံးပေးရမည်။ ၄င်းနောက် ရေဖျန်းပေးရမည်။ တစ်နေ့တစ်ကြိမ် ရေပုံမှန် လောင်းပေးရမည်။
  • ပျိုးသက် (၄၀-၄၅) တွင် ရွှေ့ပြောင်းစိုက်ရမည်။ မစိုက်မီ တစ်ပတ်ခန့်တွင် ရေဖြတ်ရမည်။
  • ပျိုးထောင်စဉ် မျိုးစေ့များကို ပုရွတ်ဆိတ်များ ဖျက်ဆီးမှုမှ ကာကွယ်ပေး ရမည်။ ပျိုးပင်သက်တမ်းတစ်လျှောက်လုံး ရောဂါပိုးမွှား ကာကွယ်ပေးရမည်။

မြေသြဇာနှင့်မြေဆီလွှာဖြည့်စွက် ပစ္စည်းများ

သီးနှံပင်များမစိုက်ပျိုးခင်တွင် မြေကြီး၏ရုပ်ဂုဏ်သတ္တိ၊ ဓါတ်ဂုဏ်သတ္တိများကို ကြိုတင်စစ်ဆေးရန် လိုအပ်ပါသည်။

ကြက်သွန်နီစိုက်ခင်းအတွက် အသုံးပြုသည့် မြေသြဇာ(သို့မဟုတ်) မြေဆီလွှာ ဖြည့်စွက်ပစ္စည်းများတွင် အန္တရာယ်ဖြစ်စေသောဓါတုနှင့် ဇီဝဆိုင်ရာ ပစ္စည်းများပါဝင်ခြင်း မရှိစေရ။

  • သဘာဝမြေသြဇာများအား ကောင်းစွာဆွေးမြေ့အောင် ဆောင်ရွက်ပြီးမှ  အသုံးပြုရ မည်။
  • မြေသြဇာ (သို့မဟုတ်) မြေဆီလွှာဖြည့်စွက်ပစ္စည်းများ ရောနှောခြင်းနှင့် သိုလှောင်ခြင်း၊ အော်ဂဲနစ်ပစ္စည်းများ ဆွေးမြေ့စေရန် ဆောင်ရွက်ခြင်းတို့ကို မြေ နှင့် ရေအရင်းအမြစ် သန့်ရှင်းမှု ထိခိုက်စေသော နေရာများတွင် မပြုလုပ်ရ။
  • မြေသြဇာ (သို့မဟုတ်) မြေဆီလွှာ ဖြည့်စွက်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် တရားဝင်မှတ်ပုံတင်ထားသော ပစ္စည်းများဖြစ်ရမည့်အပြင် မှတ်တမ်းများထားရှိ   ရမည်။
  • တစ်ဧကလျှင် သဘာဝမြေသြဇာ လှည်း ၁၀ စီးနှုန်းထည့်သွင်းရမည်။ မြေခံအဖြစ် တီစူပါ(၁-၂)အိတ်၊ ပိုတက်ရှ် ၁အိတ်၊ ယူရီးယား ၂အိတ်နှုန်း ထည့်သွင်းပေးရမည်။
  • အသုံးပြုမည့်မြေကြီး၏အာဟာရပါဝင်မှု သိရှိနိုင်ရန် စစ်ဆေးရပါမည်။
  • မြေဆီလွှာစစ်ဆေးမှုရလဒ်ပေါ်မူတည်၍ မြေချဉ်ငံဓါတ်နှင့်အာဟာရချို့တဲ့မှုများကို ပြင်ဆင်ပေးရမည်။
  • စိုက်ပျိုးသည့် မြေနေရာတွင် ရေဝပ်ခြင်းနှင့် ရေနစ်မြုပ်ခြင်း မဖြစ်စေရ။

စိုက်ပျိုရေးသုံး ဓါတုဆေးများနှင့် အခြားဓါတုပစ္စည်းများ

  • ဓါတုဆေးများ အသုံးပြုမှု အနည်းဆုံးဖြစ်စေရန် ဘက်စုံပိုးမွှားကာကွယ်ရေး    နည်းစနစ်များကို အသုံးပြုရမည်။
  • ပိုးသတ်ဆေးဥပဒေ၊ မြေသြဇာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပတ်ဝန်းကျင် ညစ်ညမ်းခြင်းနှင့် လူသားတို့၏ကျန်းမာရေး ထိခိုက်မှုများမဖြစ်စေရေး အထူးဂရု ပြုရမည်။
  • ဓါတုဆေးများကို အသုံးပြုရန်လိုအပ်ပါက တရားဝင်အသိအမှတ်ပြု မှတ်ပုံတင် ထားသည့် ဓါတုဆေးများကိုသာ အသုံးပြုရမည်။
  • ဆေးဖျန်းပြီးနောက် မရိတ်သိမ်းမီ စောင့်ဆိုင်းရမည့်  ကာလအပိုင်းအခြားကို  အတိအကျ လိုက်နာရမည်။
  • ပိုးသတ်ဆေး စနစ်တကျကိုင်တွယ် သုံးစွဲနည်းများကို သိရှိနားလည်ထားရမည်။
  • ဓါတုဆေးများ ဝယ်ယူ၊ သိုလှောင်၊ သုံးစွဲမှု၊ အသုံးချမှုနှင့် စွန့်ပစ်မှုတို့ကို စနစ်တကျ ဆောင်ရွက်၍  မှတ်တမ်းများ ထားရှိရမည်။
  • လောင်စာဆီ၊ ချောဆီနှင့်အခြားသောစိုက်ပျိုးရေးသုံးမဟုတ်သည့် ဓါတုဆေးများကို သီးနှံများ ညစ်ညမ်းမှုအန္တရာယ် အနည်းဆုံးဖြစ်စေရန် ကိုင်တွယ်အသုံးပြုခြင်း၊ သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်းတို့ကိုပြုလုပ်ရမည်။ ပိုးသတ်ဆေးဥပဒေ၊နည်းဥပဒေ များနှင့်အညီ ပတ်ဝန်းကျင်ညစ်ညမ်းခြင်းနှင့် လူသားတို့၏ ကျန်းမာရေး ထိခိုက်မှုများ မဖြစ်စေရေးကို အထူးဂရုပြုရမည်။

အပင်ပြုစု စောင့်ရှောက်ခြင်း

အရည်အသွေးကောင်း ကြက်သွန်စိုက်ပျိုးရန် အောက်ဖော်ပြပါနည်းလမ်းများကို လိုက်နာ ဆောင်ရွက်သင့်သည်။

ပေါင်းရှင်းမြေဆွခြင်းကို ပျိုးခင်းတွင် (၂-၃) ကြိမ်ခန့်ပြုလုပ်ရမည်။ စိုက်ခင်းသို့ ပြောင်းရွှေ့စိုက်ပျိုးပြီးနောက် ပေါင်းရှင်းခြင်းနှင့်မြေဆွခြင်းကို (၃-၄) ကြိမ်ခန့် ဆောင်ရွက် ပေးရမည်။ သက်တမ်းတစ်လျှောက် အနည်းဆုံး (၇-၁၀) ကြိမ်ခန့် ရေသွင်းပေးရမည်။ ဥမချ ခင် စိုက်ရေအပါအဝင် (၆) ကြိမ်ခန့် ရေပေးသွင်း၍ ဥချပြီးနောက် ဥချရေအပါအဝင် (၃) ကြိမ်ခန့်ရေပေးသွင်းရမည်။ တတိယအကြိမ် (ဂုတ်ရေ) သွင်းခြင်းသည် ကြက်သွန်နီ အထွက်နှုန်းကိုဆုံးဖြတ်ပေးသည်။ ဂုတ်ရေသွင်းခြင်းကို ကြက်သွန်နီဖြစ်ထွန်းမှု အခြေအနေ ကိုကြည့်၍ မှန်ကန်စွာ ဆုံးဖြတ်ရမည်။ တစ်ဧက ရေလိုအပ်ချက်မှာ (၁.၅) ဧကပေ မှ(၂)ဧက ပေဖြစ်သည်။ ပိုးရောဂါကာကွယ်ခြင်းကို ပုံမှန်ဆောင်ရွက်ရမည်။ ပိုးမွှားရောဂါကျရောက်မှု လျော့နည်းစေနိုင်ရန် ကြက်သွန်နီဖြင့် မုန်လာဥနီ၊ မုန်လာဥ၊ ဆလပ် စသည်တို့ကိုတွဲဖက် စိုက်ပျိုးသင့်ပါသည်။ ပဲမျိုးစုံနှင့် တွဲဖက်စိုက်ပျိုးပါက ပိုးမွှားရောဂါ ပိုမိုကျရောက်စေပါသည်။

မိုးစိုက်ကြက်သွန်နီ

ရေသွင်းသီးနှံဖြစ်၍ စိုက်ခင်းမြေညီရန်လိုအပ်သည်။ ခေျာင်းကြက်သွန်ကို (၄×၁၀)ပေ ဘောင်များပြုလုပ်၍၎င်း၊ ကုန်းကြက်သွန်ကို (၇×၇)ပေ စိုက်ကျင်းပြုလုပ်၍၎င်း စိုက်ပျိုး သင့်သည်။

ကုန်းစိုက်ကြက်သွန်နီ

ဥသေး ဇော်မွှားဥကို စိုက်ရမည်။ ပင်ကြားတန်းကြား(၃x၃)လက်မဖြင့် အခြောက်စိုက် သင့်သည်။ မိုးရွာလျှင် အပင်ပေါက်လာပြီး မိုးပြတ်လျှင် ရေ (၁-၂)ကြိမ် သွင်းပေးရမည်။ များသောအားဖြင့် မိုးရေဖြင့်သာစိုက်ပျိုးသည်။ အပင်ပေါက်ပြီး ၁လသားအတွင်း ပေါင်းမြက် ကင်းရှင်းရမည်။ (၈၅-၁၁၀)ရက်ကြာလျှင် ရိတ်သိမ်းနိုင်သည်။

ဆောင်းကြက်သွန်နီ

တစ်ပတ်ခန့်ရေဖြတ်ထားသော ပျိုးသက် (၄၀)ရက်သားတွင် ပြောင်းရွှေ့စိုက်ပါ။ ၃လက်မပတ်လည် ပင်ကြားတန်းကြားအသုံးပြုပါ။ ဥကြီးကြီးလိုချင်လျှင် (၄×၅) လက်မ ပင်ကြားတန်းကြား စိုက်သင့်သည်။

ရိတ်သိမ်းခြင်း
  • ရွှေ့ပြောင်းစိုက်ပြီး ရက် (၆၀)ခန့်၊ အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်ကျော်ပြီး နေ့တာ ရှည်လာလျှင် ကြက်သွန်ဥ စတင်ဖြစ်ပေါ်သည်။ ပြောင်းရွှေ့စိုက်ပြီး ရက်(၇၀-၉၀)တွင် ပွင့်တံများထွက်လာသည်။ ပွင့်တံများ မချိုးပေးလျှင် ဥ ဖြစ်ပေါ်မှုကို ဟန့်တားသည်။ အပူချိန် ၁၀ ဒီဂရီစင်တီဂရိတ်အောက်ကျလျှင် ပွင့်တံများပိုထွက်သည်။
  • သီးနှံများအတွင်းသားပျက်စီးခြင်းနှင့့်် ထိခိုက်ဒါဏ်ရာဖြစ်ခြင်းများမှ ကာကွယ်နိုင်ရန် နှင့်အပူချိန်မတက်စေရန် ကြက်သွန်နီများအား အိတ်ကြဲများတွင် ထည့်သွင်းရာတွင် လည်းကောင်း၊ ယာဉ်များဖြင့် သယ်ဆောင်ရာတွင် လည်းကောင်း၊ စနစ်တကျစီ ထည့်ရန်လိုအပ်ပါမည်။
  • မရိတ်သိမ်းမှီနှင့် ရိတ်သိမ်းပြီးနောက်အသုံးပြုသည့် ကိရိယာများအား Chlorine-100ppm အနည်းဆုံးပါသော ရေနှင့် ပိုးသန့်ရန်လိုအပ်ပါမည်။
  • ရိတ်သိမ်းသည့်နေရာ၊ ရိတ်သိမ်းသည့်နေ့ရက်၊ အချိန်၊ တာဝန်ရှိ လူပုဂ္ဂိုလ်စသည် တို့ကိုတိတိကျကျ မှတ်တမ်းများ ထားရှိရန်လိုအပ်ပါမည်။
  • ပေါင်းသတ်ဆေး၊ မြေဆွေးစသည်များ ထည့်ထားပြီးသောပစ္စည်းများကို ကြက်သွန်နီ များအား သယ်ယူပို့ဆောင်ရာတွင်အသုံးမပြုသင့်ပါ။
ရိတ်သိမ်းပြီးနောက်လုပ်ငန်းစဉ်များ
  • ကြက်သွန်နီသိုလှောင်ရုံသည် လေဝင်လေထွက်ကောင်းရမည်။
  • ဝါးလုံးအကာ ဝါးအခင်း သွပ်မိုး အဆောက်အဦဖြစ်ရမည်။
  • တစ်လွှာကို ထု၁.၅ ပေခန့် ထား၍ သိုလှောင်ရမည်။
  • ထုပ်ပိုးမည့်နေရာ( Packing House) ၏ အနီးတစ်ဝိုက်တွင် ပိုးမွှားများနှင့် အိမ်မွေး တိရိစ္ဆာန်များ မရှိစေရပါ။ အနီးပတ်ဝန်းကျင် သန့်ရှင်းစွာထားရမည်။
  • ရိတ်သိမ်းပြီးနောက်ပိုင်းလုပ်ငန်းနှင့် သက်ဆိုင်သော အဆောက်အဦများကို တိရိစ္ဆာန် များထားသောနေရာ၊ မြေဆွေးထားသောနေရာ၊ တိရိစ္ဆာန်အစာများထားသောနေရာ များနှင့် ဝေးသည့်နေရာတွင် တည်ဆောက်ရန် လိုအပ်ပါမည်။
  • ကြက်သွန်နီ စွန့်ပစ်ဘေးထွက် အညစ်အကြေးများကို စွန့်ပစ်သည်ဖြစ်စေ၊ မြေဆွေး ပြန်လည်ပြုလုပ်သည်ဖြစ်စေ ပြီးစီးအောင် ဆောင်ရွက်ရမည်။
  • ကြက်သွန်နီများ သိုလှောင်ထားစဉ် ၊ တင်ပို့စဉ် လေဝင်လေထွက်ကောင်းစေရန်နှင့် အပူစုခြင်းလျော့ချကာကွယ်ရန် ပန်ကာ(သို့)Fan လေဒလက်များ အသုံးပြုရမည်။
  • သယ်ယူမည့်ယာဉ်များနှင့် Container များကို သန့်စင်အောင် သေချာပိုးသန့်စင်ရန် လိုအပ်ပါသည်။
  • သယ်ယူပို့ဆောင်ရာတွင်လည်း ပို့လိုသည့်နေရာ ရောက်သည်အထိ ကြက်သွန်နီ၏ ဇီဝက္မဖြစ်စဉ်များနှင့် ဓာတ်ပြောင်းလဲမှုများကို ထိန်းသိမ်းကြည့်ရှုရန် လိုအပ်ပါမည်။
  • အသုံးပြုပြီးသော ယာဉ်များကို သန့်ရှင်းစွာ ထားရပါမည်။
  • စိုက်ခင်းအတွင်းလုပ်ဆောင်သောလုပ်ငန်းစဉ်များ၊ ရိတ်သိမ်းချိန်ဆောင်ရွက်ရသော ကွင်းတာဝန်ခံများနှင့် လုပ်သားအမည်တို့ကို စနစ်တကျ မှတ်တမ်းတင်ထားရှိရန် လိုအပ်ပါမည်။
  • ကုန်တင်ယာဉ်များသည် မည်သည့်ငွေ့ရည်ဖွဲ့မှုမရှိဘဲ ခြောက်သွေ့နေရန် လိုအပ်ပါ မည်။
  • ကုန်တင်ကားများဖြင့် ပို့ဆောင်မည်ဆိုပါက နေရောင်ခြည် တိုက်ရိုက်ထိခြင်း၊ အပူချိန် များခြင်းကို ရှောင်ရှားပြီး လေဝင်လေထွက်ကောင်းမွန်စေရန် ဆောင်ရွက်ရမည်။

ကြက်သွန်နီများပေါ်တွင် ခရီးသည်များ လိုက်ပါခြင်း အခြားကုန်ပစ္စည်းများ တင်ဆောင်ခြင်းများကို မပြုလုပ်ရ။

ကြက်သွန်နီတွင်ကျရောက်သောပိုးမွှားများ

စဉ် ဖျက်ပိုးအမည် သိပ္ပံအမည် လက္ခဏာရပ် ကျရောက်သည့်အချိန် ကာကွယ်နှိမ်နင်းနည်း
၁။ သရစ်ပိုး Thrips tabaci အရွက်များမှ သစ်ရည်များကို စုပ်ယူ သဖြင့် အရွက်များပေါ်တွင် ငွေရောင် အစက်များဖြစ်လာသည်။ပန်းပွင့်များ ကိုလည်းဖျက်ဆီးတတ်သည်။အပင်များ လိပ်သွားတတ် ပြီးဆိုးဝါးစွာ ကျရောက် ပါက အပင်သေနိုင်သည်။ အပင်ငယ်စဉ်မှ ရိတ်သိမ်း ချိန်ထိ ကျရောက်တတ် သည်။ အပင်ကြီးထွားမှု အဆင့်တိုင်းတွင် ကျရောက်နိုင်သည်။ ထိသေစားသေပင်လုံးပြန့်အာနိသင် ရှိသော ပိုးသတ်ဆေးများကို သရစ်ပိုး တစ်ပင်နှစ်ပင်ခန့်တွင် စတွေ့ပါက တွေ့တွေ့ချင်း အသုံး ပြုပါ။အပင်ထွက်ပိုးသတ်ဆေး ဖြစ်သည့် တမာပိုးသတ်ဆေးကို အသုံးပြုရမည်။
၂။ ပျပိုး Aphis gossypii အပွင့်များ အရွက်များ ပုံသဏ္ဍာန် မမှန် ခြင်း၊ အရောင်ပြောင်း၍ ညိုးသွားခြင်း နှင့် ကြပ်ခိုးမှိုများ ဖြစ်ပေါ်စေနိုင်သည်။ ပင်ပိုင်းကြီးထွားမှုနှေးကွေးပြီးအပင်များ ပု၍ သေး ကွေးခြင်းဖြစ်ပေါ်မည်။ ပန်းပွင့်ချိန်၊အသီးသီးချိန် နှင့် ပင်ပိုင်းကြီးထွားချိန် တစ်လျောက်ကျရောက်နိုင် ပါသည်။ အပင်များအား လေဝင် လေထွက် ကောင်းစေရန်ကိုင်းခုတ်/ကိုင်းဖြတ် ခြင်းများပြုလုပ်ပါ။ ပင်လုံးပြန့် အာနိသင်ရှိသော ပိုးသတ်ဆေး တစ်မျိုးမျိုးပက်ဖျန်းပါ။
 ၃။ ပင်ဖြတ်ပိုး Agrotis ipsilon လောက်ကောင်များသည် အပွင့်၊ အရွက် နှင့် အမြစ်အစိတ်အပိုင်းတို့ကို ညအချိန် တွင် စားသောက်ဖျက်ဆီးသည်။ ပင်ပိုင်း ကြီးထွားမှုနှေးကွေး၍ အပင်များ ပုပြီး သေးကွေးမည်။ ပျိုးပင်ပေါက်အဆင့်မှ ပင်ပိုင်းကြီးထွားချိန် တစ်လျောက် ကျရောက် နိုင်ပါသည်။ ပေါင်းမြက်များရှင်းလင်းပါ။ ထယ်ရေးနက်နက်ထွန်ပေးပါ။ မြေပြင်ချိန်တွင်ပိုးသတ်ဆေး တစ်မျိုးမျိုးထည့်ပါ။          မီးထောင်ချောက်ထွန်းပါ။ထိသေစားသေပိုးသတ်ဆေး တစ်မျိုးမျိုးအား ညနေပိုင်းတွင် ပက်ဖျန်းပါ။

 

၄။ ပိုးနဂါး Spodoptera litura ပျိုးခင်းတွင် ဆိုးဝါးစွာကျရောက်သည်။ အပင်ငယ်စဉ်တွင် အရွက်အစိမ်းပိုင်းကို စုပြုံ၍ ခြစ်စားကြသဖြင့် အရွက်များ ရွက်ကြောသာကျန်ပြီးအစိမ်းရောင်ပျောက် နေ၍ ဇကာပေါက်ကဲ့သို့ ဖြစ်မည်။ အကောင်ကြီး အဆင့်တွင် အရွက်များကို ကိုက်ဖြတ်စားကြသည်။ အချို့ အပင်ငယ် များကို အရင်းမှ ကိုက်ဖြတ် ချတတ်သည်။ ပန်းပွင့်ချိန်၊ အသီးသီးချိန် နှင့် ပင်ပိုင်းကြီးထွားချိန် တစ်လျောက် ကျရောက် နိုင် ပါသည်။ ပေါင်းမြက်များရှင်းလင်းပါ။ ထယ်ရေးနက်နက်ထွန်ပေးပါ။ မြေပြင်ချိန်တွင် ပိုးသတ်ဆေး တစ်မျိုးမျိုး ထည့်ပါ။ မီးထောင်ချောက်ထွန်းပါ။ထိသေစားသေပိုးသတ်ဆေး တစ်မျိုးမျိုးအား ညနေပိုင်းတွင် ပက်ဖျန်းပါ။

ကြက်သွန်တွင် ကျရောက်သောရောဂါများ

စဉ် ရောဂါအမည် ရောဂါဖြစ်စေသက်ရှိ ရောဂါလက္ခဏာ ကျရောက်မှု ကာကွယ်နှိမ်နင်းနည်း
၁။ ပင်ခြေပုပ်ရောဂါ(Foot rot) Aspergillus niger ရိတ်သိမ်းခါနီး/ ရိတ်သိမ်းပြီး ကြက်သွန်နီဥ၏အပေါ်ခွံလွှာတွင် အမဲရောင်မှိုများဖြစ်ပေါ်ခြင်း၊ ကြက်သွန်နီဥ၏ အထက်ပိုင်းရိုးတံ သည် အရောင် ပြောင်းလဲခြင်းတို့ တွေ့ရမည်။ ကြက်သွန်နီ/ ဖြူစိုက်သော ဒေသများတွင်ကျရောက် လေ့ရှိ သည်။ ခံနိုင်ရည်ရှိသော ကြက်သွန်မျိုး ကို ရွေးချယ် စိုက်ပျိုးပါ။သိုလှောင်သည်နေရာတွင် လေဝင်လေထွက်ကောင်း၍ စွတ်စိုမှုနည်းရန်လိုအပ်ပါသည်။

Carbendazim၊ Mancozeb မှိုသတ်ဆေး အသုံးပြုနိုင် ပါသည်။

၂။ တောက်တဲ့မြီး ရောဂါ(Pulple blotch) Alternaria porri အရွက်၊ ပန်းခိုင်၊ ရိုးတံ၊ ပင်စည်နှင့် ပင်စည်ပိုင်းဆိုင်ရာအင်္ဂါများတွင်  သေးငယ်သောအဖြူရောင်အနာချိုင့်အသွင်ဖြစ်၍ ရောဂါရင့်ပါကယင်းဖြူကွက်၏အလယ်တွင်

ခရမ်းရောင်ကိုတွေ့ရှိရပါသည်။

(၂-၃)ပတ်အကြာတွင်ရောဂါ ကွက်ပြောက်သည် တစ်ပတ် ပတ်မိပြီး ကျိုးသွားလေ့ရှိပါသည်။

သီးနှံသက်တမ်းတစ်လျှောက်လုံးတွင်ကျရောက်နိုင်သည်။ ခံနိုင်ရည်ရှိသောကြက်သွန် မျိုးကိုရွေးချယ်စိုက်ပျိုးပါ။ ရောဂါကျအခင်းကို ပျိုးခင်းအဖြစ် အသုံးမပြုသင်ပါ။ ရေဝပ်ခြင်း၊စွတ်စိုထိုင်းမှိုင်းခြင်း မရှိအောင်ဆောင်ရွက်ပါ။ ရောဂါကျ ပင်ကြွင်းပင်ကျန်များ ကို မီးရှို့ခြင်း၊ မြေမြုပ်ခြင်း ပြုလုပ်ပါ။

Mancozeb၊

Benomy၊

Azoxystrobin၊ Thiophanate methyl၊ Chlorothalonil၊

Hexaconazole မှိုသတ်ဆေးတစ်မျိုးမျိုး

အသုံးပြုနိုင်ပါသည်။

 

၃။ သံချေးရောဂါ(Rust) Puccinia allii အရွက်နှင့်ပင်စည်များပေါ်တွင်သံချေး ရောင်အပြောက်များတွေ့ရှိခြင်း အရွက်၊ ပင်စည်တို့၌ ပုံမှန်အရောင်မရှိခြင်း၊ Pustule များ ကြီးထွားခြင်း ကို တွေ့ရှိရမည်။ အပင်သိပ်သည်းခြင်း၊ ပိုတက်ဓါတ်ချို့တဲ့မှုဖြစ်ခြင်း၊ အစိုဓါတ်များလွန်းခြင်းတို့ သည် ရောဂါကို တိုးတက် စေသည်။လေဖြင့် အနီးအနားစိုက်ခင်း များသို့ ကူးစက်သည်။ ခံနိုင်ရည်ရှိသော ကြက်သွန်မျိုး ကို ရွေးချယ် စိုက်ပျိုးပါ။ ပေါင်းမြက်များ ရှင်းလင်းပါ။ ရေသွင်းရေထုတ်ကောင်းမွန်အောင်ဆောင်ရွက်ပါရောဂါကျပင်ကြွင်းပင်ကျန်များကို မီးရှို့ခြင်း၊ မြေမြှုပ်ခြင်း    ပြုလုပ်ပါ။Azoxystrobin Hexaconazole Difenoconazole မှိုသတ်ဆေးများအသုံးပြု

နိုင်ပါသည်။ ရောဂါကျအခင်းကို ပျိုးခင်း အဖြစ် အသုံးမပြုပါနှင့်။

၄။ ရွက်ခြောက်ရောဂါ(Leaf blight) Stemphylium vesicarium ရွက်ခြောက်ရောဂါသည် စိုက်ခင်းတွင် ကွက်ပြောက်အသွင် စတင် ဖြစ်ပေါ် ခြင်း၊ ၄င်းမှတဆင့် စိုက်ပျိုးသော ဧရိယာသို့ ပြန့်နှံ့ခြင်း၊ အရွက်၊ ပင်စည် စသည့် ပင်ပိုင်းအင်္ဂါများတွင် ပုံမှန် အရောင်မှပြောင်းလဲပြီး တဖြည်းဖြည်း ဝါ၍ ခြောက်သေနေခြင်းတို့ တွေ့ရှိရ မည်။ကွက်ပြောက်မှာ အညိုရောင်၊ အနက် ရောင်ရှိပြီး ခရမ်းရောင် အနားသတ် ရှိသည်။ အပူချိန်နိမ့်ကျခြင်းနှင့် အစိုဓါတ်မြင့်မားခြင်းသည် ရောဂါကို တိုးတက်စေသည်။ အရွက်အစိတ်အပိုင်းတွင် ရောဂါကျရောက်၍ ဥ အထိ မကူးစက်ပါ။ ခံနိုင်ရည်ရှိသော ကြက်သွန်မျိုး ကိုရွေးချယ်စိုက်ပျိုးပါ။ စိုက်ပျိုး နည်းစနစ်များ ဖြစ်သည့် ပေါင်း မြက်များ ရှင်းလင်းပါ။ ရေသွင်း ရေထုတ် ကောင်းမွန်အောင် ဆောင်ရွက်ပါ။ရောဂါကျပင်ကြွင်းပင်ကျန်များကို မီးရှို့ခြင်း၊မြေမြှုပ်ခြင်းပြုလုပ်ပါသီးနှံအလှည့်ကျစိုက်ပျိုးပါ။ Azoxystrobin Hexaconazole Difenoconazole မှိုသတ်ဆေးများ

အသုံးပြုနိုင်ပါသည်။

၅။ ကြက်သွန် ဒေါင်းနီးမှိုရောဂါ

Onion Downy Mildew

Peronosporadestructor အမြိတ်ပေါ်တွင် အဖြူရောင်အစက် အစုဝေးအဖြစ်တွေ့ရသည်။ မကြာမီ အဝါဖျော့ရောင် အနာကွက်ကြီး တစ်ခု နှင့် တစ်ခု ပေါင်းစပ်မှုကြောင့် အမြိတ် တစ်ခုလုံးခြောက်သွားသည်။ အေး၍ နှင်းများသည့် ရာသီတွင် ရောဂါ ကူးစက်ပါက ဥကြီးထွားမှုကို ထိခိုက် ပြီး အထွက်လျော့စေသည်။ သိုလှောင် ထားသော ဥများတွင် ရောဂါကျပါက ပုပ်၍ ရှုံ့တွလာသည်။ အပြင်ဘက် ရွက်ဖတ်များ အရောင်ပြယ်ပြီး အရွယ် မရောက်မီ အညှောက်ပေါက်နိုင်သည်။ ဆောင်းရာသီနှင့် မိုးရာသီရောဂါသည် ကြက်သွန်ဥနှင့် ပင်ကြွင်းပင်ကျန်များတွင် ခိုအောင်းသည်။

အစိုဓါတ်သည် ရောဂါ တိုးတက် ပြန့်ပွားမှု အတွက် အရေးကြီးသည်။

ရောဂါကင်းစင်သော မျိုးစေ့ ပျိုးပင်ကိုသာ စိုက်ပါ။ ရေသွင်း ရေထုတ် ညံ့သောမြေကို ရှောင် ကြဉ်ပါ။ ကြက်သွန် မျိုးရင်းဝင် မဟုတ်သော အခြားသီးနှံများ နှင့်သာအလှည့်ကျစိုက်ပါ။ ပေါင်းမြက်ရှင်းလင်းပါ။ ရေပန်းစနစ်ဖြင့်ရေသွင်းခြင်းကို ရှောင်ကြဉ်ပါ။Azoxystrobin

Dimethomorph

Propineb ၊ Metalaxyl ၊

Fosetyl-AL ၊ Mancozeb ၊

မှိုသတ်ဆေးများ အသုံးပြုနိုင် ပါသည်။

 

၆။ ကြက်သွန်ဥထိပ်ပုပ်ရောဂါ

 

Botrytis allii  ကြက်သွန်ဥ၏ ဂုတ်ပတ်လည်တွင် တစ်သျှူးသားပျော့၍ အညိုရောင်ဖြစ် ပေါ်သည်။ ထပ်ဆင့်၍ အနက်ရောင် ပြောင်းလာသည်။ နေလောင်သကဲ့သို့ ခြောက်ပြီး ဥတစ်ခုလုံး ပုံပျက်သွား သည်။၄င်းမှတစ်ဆင့်ဘက်တီးရီးယား ဝင်ရောက်ခြင်းကြောင့် အပျော့ပုပ် ရောဂါ ထပ်ဆင့် ဖြစ်နိုင်သည်။ ကြက်သွန်ပွင့်များတွင် ကျရောက် ပါက အထွက်နှုန်း ထိခိုက်သည်။ ကြက်သွန်ပင် အကြွင်း အကျန်များနှင့် မြေကြီး အတွင်း ခိုအောင်းရှင်သန် သည်။ အရွက်ရင့်များတွင် စတင်ကျရောက်သည်။ ရောဂါကင်းသော မျိုးစေ့ပျိုးပင် များကို အသုံးပြုပါ။ စိုက်ချိန် နောက်ပိုင်းတွင် ပုလဲမြေသြဇာ လွန်ကဲစွာ မကျွေးရ။ ကြက်သွန် မတူးဖော်မီ ( ၁၀-၁၄ ) ရက် အတွင်းရေမသွင်းရ။ ခြောက်သွေ့သော ရာသီ၌သာ ကြက်သွန်တူးဖော်ပါ။ သိုလှောင်ခြင်းမပြုမီ လေဝင် လေထွက်ကောင်းစေရန် ပြုလုပ်ပါ။ ရောဂါကျအခင်းမှ မျိုးစေ့ကို Homai 80 WP မှိုသတ်ဆေးဖြင့် လူးနယ်စိုက် ပျိုးပါ။Thiophanate methyl, Carbendazim

Azoxystrobin မှိုသတ်ဆေးများအသုံးပြုပါ။

မိုးနှင့်ဆောင်းကြက်သွန်နီ စိုက်ပျိုးမည့် လုပ်ငန်းဇယား

စိုက်ပျိုးရေးနှင့်အခြားဆက်စပ်ပစ္စည်းကိရိယာများ

  • ထွက်ကုန်သီးနှံအတွက် အသုံးပြုသော ပစ္စည်းကိရိယာများ၊ သိုလှောင်ပစ္စည်းများနှင့် အခြားပစ္စည်းများသည် သန့်ရှင်းပြီးထွက်ကုန်သီးနှံကို ညစ်ညမ်းမှုမရှိသင့်ပါ။
  • စွန့်ပစ်ပစ္စည်းများ၊ ဓါတုဆေးများနှင့် အခြားအန္တရာယ်ဖြစ်စေသည့် အရာများ  အသုံးပြုသည့် ပစ္စည်းများကို တိတိကျကျ သတ်မှတ်ထားရမည်။ ၎င်းပစ္စည်းများဖြင့်် ထွက်ကုန်သီးနှံများ ထည့်ခြင်း၊ သိုလှောင်ခြင်း မပြုလုပ်သင့်ပါ။

ရိတ်သိမ်းခြင်းနှင့် ထွက်ကုန်ပြုပြင်ခြင်း

  • ရွှေ့ပြောင်းစိုက်ပြီး (၁၀၀-၁၁၀)ရက်တွင် (အမြိတ်များခြောက်ချိန်) ဥများ မထိခိုက် အောင် တူးဖော်ရမည်။ တူးပြီးဥများကို အမြိတ်ဖြတ်ပြီး အတန်းစားခွဲရ မည်။ ဥသေးများကို မျိုးဥအဖြစ်ထား၍ ကျန်ဥများကို စျေးကွက်သို့ တင်ပို့နိုင်ပြီး (သို့) သိုလှောင်နိုင်သည်။
  • ကြက်သွန်နီ ရိတ်သိမ်းမည်ဆိုပါက သီးနှံများ မထိခိုက်မပျက်စီးစေသော နည်းလမ်းများကို အသုံးပြုရန်လိုအပ်ပါသည်။
  • ရိတ်သိမ်းပြီးသော ကြက်သွန်နီများအား ထည့်ရာတွင်အသုံးပြုမည့်ထည့်စရာ၊ ခြင်း စသည်တို့ကို ရေဆေး၍ ကလိုရင်း(Chlorine)ဖြင့် ပိုးသန့်ထားရန် လိုအပ် ပါမည်
  • ရိတ်သိမ်းပြီးသော ကြက်သွန်နီများအား သန့်ရှင်းသောထည့်စရာ(Container) ထဲထည့်၍ ထုပ်ပိုးမည့်နေရာ(Packing House) ထဲမပို့ခင်အချိန်ထိ အရိပ်ရသော နေရာတွင်ထားရန်လိုအပ်ပါမည်။
  • သီးနှံအလိုက် သတ်မှတ်ထားသော စံချိန်စံညွှန်းအတိုင်း အဆင့်တန်း ခွဲခြား၍ စနစ်တကျ ထုပ်ပိုးရမည်။

သိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း

  • ကြက်သွန်ဥများကို ဓါတု၊ ဇီဝနှင့် ရုပ်ဝတ္ထုဆိုင်ရာ ညစ်ညမ်းမှု အန္တရာယ်ဖြစ်စေ နိုင်သော ကုန်ပစ္စည်းများနှင့် သီးခြားခွဲ၍ သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း ပြုလုပ်ရမည်။
  • သယ်ယူပို့ဆောင်မည့် ယာဉ်များကို အသုံးမပြုမီ သန့်ရှင်းမှု၊ ဓါတုဆေး ဖိတ်စင်မှု၊ အခြားပစ္စည်းများနှင့် ပိုးမွှားကျရောက်မှု ရှိ/မရှိ ကို စစ်ဆေးရမည်။
  • ထွက်ကုန်များထုပ်ပိုးခြင်း၊ ကိုင်တွယ်ပြုပြင်ခြင်း၊ သိုလှောင်ခြင်း ပြုလုပ်သည့် နေရာများ၊ သိုလှောင်ပစ္စည်းများကို သန့်ရှင်းစွာထားရမည်။
  • သန့်ရှင်းရေးပြုလုပ်ရန် ဓါတုဆေးများကို ရွေးချယ်ရာတွင် ထွက်ကုန်များကို ထိခိုက်မှုအန္တရာယ်အနည်းဆုံးဖြစ်စေရေးအတွက် အသင့်လျော်ဆုံးဓါတု ဆေးများ ကိုသာ ရွေးချယ်ရမည်ဖြစ်သည်။

အဆောက်အဦများ ဆောက်လုပ်ထားခြင်း

  • ကြက်သွန်နီများအား ထုပ်ပိုးခြင်း၊ ကိုင်တွယ် ပြုပြင်ခြင်းနှင့် သိုလှောင်ထားရှိခြင်း တို့တွင် ဘေးဥပါဒ်အန္တရာယ်ကျရောက်မှု နည်းပါးစေရန် သီးသန့်အဆောက်အဦ များတည်ဆောက်ခြင်း (သို့မဟုတ်)  သီးသန့်ဆောင်ရွက်မည့် နေရာများ သတ်မှတ် ရမည်။  ပြုပြင်ထိန်းသိမ်းပေးရမည်။
  • လောင်စာဆီ၊ ပိုးသတ်ဆေးနှင့် မြေသြဇာများ၊ လယ်ယာသုံး ကိရိယာများ အပါအဝင် အခြားပစ္စည်းများနှင့် ထွက်ကုန်များကို ရောနှောသိုလှောင်ခြင်း မပြုရ။

တိရိစ္ဆာန်နှင့်ဖျက်ပိုးများထိန်းချုပ်ခြင်း

အိမ်မွေးနှင့် လယ်ယာလုပ်ငန်းသုံး တိရိစ္ဆာန်များကို ရိတ်သိမ်း၊  ထုပ်ပိုး၊ သိုလှောင် သည့် နေရာများတွင် မရှိစေရ။

အထောက်အထားနှင့်မှတ်တမ်းများ

  • ထုတ်လုပ်သူသည် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများနှင့် ပတ်သက် သည့် မှတ်တမ်းများကို အနည်းဆုံး (၂) နှစ် သိမ်းဆည်းထားရမည်။
  • လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းအတွက် သတ်မှတ်ထားသည့် မှတ်တမ်းပုံစံတွင် မှတ်တမ်းရေးသွင်း ထားရမည်။

နောက်ကြောင်းပြန်စစ်ဆေးခြင်းနှင့်ပြန်လည်သိမ်းဆည်းခြင်း

  • ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်သည့် နေရာအား နောက်ကြောင်းပြန် စစ်ဆေးနိုင်ရန် အတွက် ထုပ်ပိုးပစ္စည်းများအပေါ်တွင် သိသာထင်ရှားသည့် အမှတ်အသားနှင့် မှတ်ပုံတင်အမှတ်အသား ပြုလုပ်ထားရှိရမည်။
  • ကြက်သွန်နီ တင်ပို့သည့်နေရာနှင့်  ပေးပို့သည့်ရက်စွဲတို့ကို မှတ်တမ်းထားရှိရမည်။

သင်တန်း

ထုတ်လုပ်သူနှင့်လုပ်သားများအား မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းနယ်ပယ်အလိုက် ကျွမ်းကျင်မှုနည်းပညာများရရှိစေရန် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း သင်တန်းများ တက်ရောက်ထားရမည်။

ဆောင်ရွက်ကျင့်သုံးမှု များကိုပြန်လည် သုံးသပ်ခြင်း

  • ထုတ်လုပ်သူများအနေဖြင့် ကျင့်သုံးနေသည့် နည်းလမ်းများအား မှန်မှန်ကန်ကန် ဆောင်ရွက်ကြောင်းသေချာစေရန် ဆောင်ရွက်ချက်လုပ်ငန်းအားလုံးကို သက်ဆိုင် ရာကျွမ်းကျင်ပညာရှင်များ ပါဝင်သောအဖွဲ့ဖြင့် အနည်းဆုံး တစ်နှစ်တစ်ကြိမ် ပြန်လည်စစ်ဆေးရမည်။
  • တိုင်ကြားချက်များရှိပါက မိမိကိုယ်တိုင် ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ပြီး၊

 

တစ်ကိုယ်ရည်သန့်ရှင်းခြင်းနှင့် လုပ်သားများဘဝ သာယာဝပြောရေး

  • လုပ်ငန်းခွင်ရှိ သိသာထင်ရှားသော နေရာများတွင် တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် ပတ်သက်သည့် ညွှန်ကြားချက်များကို ရေးသားပြသထားရမည် (သို့မဟုတ်) လုပ်သားများ သိရှိအောင် ဖြန့်ဝေပေးထားရမည်။
  • မိလ္လာရေနှင့် စွန့်ပစ်အညစ်အကြေးရေများကို အန္တရာယ်မရှိအောင် ဂရုတစိုက် စွန့်ပစ်ရမည်။
  • လုပ်သားများကျန်းမာရေးနှင့် လူမှုဘဝသာယာဝပြောရေး အလေးထားဆောင်ရွက် ပေးရမည်။

မှီငြမ်းကိုးကားချက်များ

  • ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း (၂၀၀၀) ၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ လယ်ယာ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ။
  • သီးနှံကာကွယ်ရေးဌာနခွဲ (၂၀၀၆)၊ ဟင်းသီးဟင်းရွက်တွင်ကျရောက်တတ်သော ပိုးမွှား ရောဂါနှင့်ကာကွယ်နှိမ်နှင်းနည်းများ၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ လယ်ယာ

စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ။

  • ဒေါက်တာခင်မောင်လွင်၊ အော်ဂဲနစ်စိုက်ပျိုးရေး၊ အော်ဂဲနစ်အစားအစာများ နှင့် ကျန်မာရေး။