ခရမ်းချဉ်သီး

အမည် – ခရမ်းချဉ်

သိပ္ပံအမည်  – Lycopersicon esculentum

မျိုးရင်း   – Solanaceae

ခရမ်းချဉ်သည်ကျန်းမာရေးအထောက်အကူပြုသီးနှံတစ်ခုဖြစ်ပြီးယခုအခါကမ္ဘာအဝှမ်းနိုင်ငံအားလုံး၌အမှန်တကယ်လိုအပ်သောဟင်းလျာများ၏လက်စွဲစားဖိုဆောင်သီးနှံတစ်ခုအဖြစ်ကျော်ကြားခဲ့သည်။ခရမ်းချဉ်ကိုပီရူးနိုင်ငံ၊ဘိုလီဗီးယားနှင့်အီကွေဒေါတို့တွင်အေဒီ၇၀၀အစောပိုင်းကပင်အရိုင်ပင်းများအဖြစ်စိုက်ပျိုးခဲ့ပြီး၁၃ရာစုနှစ်ကအမေရိကန်နိုင်ငံမက္ကဆီကိုတွင်စတင်စိုက်ပျိုးခဲ့ပါသည်။ကမ္ဘာပေါ်တွင်ဒုတိယအများဆုံးစိုက်ပျိုးထုတ်လုပ်သောဟင်းသီးဟင်းရွက်အုပ်စုဝင်သီးနှံတစ်မျိုးဖြစ်သည်။

မြန်မာနိုင်ငံတွင် (၂၀၁၄-၂၀၁၅)စာရင်းအရခရမ်းချဉ်စိုက်ဧရိယာစုစုပေါင်း (၁၁၀၁၉၇) ဟက်တာရှိပြီး၊စစ်ကိုင်းတိုင်းတွင် (၂၉၉၂၉) ဟက်တာ၊မကွေးတိုင်းတွင်(၂၃၉၁၇) ဟက်တာ၊မန္တလေးတိုင်းတွင် (၂၂၂၉၁) ဟက်တာနှင့်ရှမ်းပြည်နယ်တွင် (၁၁၃၆၆) ဟက်တာနှင့်အများဆုံးစိုက်ပျိုးလျှက်ရှိပါသည်။

ခရမ်းချဉ်ကိုစားသုံးမှုပုံစံအရTable type, Saladtypeနှင့်Processing type ဟူ၍ခွဲခြားလေ့ရှိကြပါသည်။

စိုက်ပျိုးမည့်မြေနေရာရွေးချယ်ခြင်း

  • စိုက်ပျိုးမြေနှင့်အနီးပတ်ဝန်းကျင်ရှိမြေသည်ဓါတုနှင့်ဇီဝဆိုင်ရာအန္တရာယ်ရှိသည့်မြေနေရာမဖြစ်စေရ။ဓာတ်ခွဲစစ်ဆေးရမည်။စိုက်ကွင်းမြေပုံနှင့်မှတ်တမ်းထားရှိရမည်။
  • ခရမ်းချဉ်ကိုမြေအမျိုးအစားအမျိုးမျိုးတွင်စိုက်ပျိုးနိုင်သည်။အသင့်တော်ဆုံးမှာနုန်းမြေဖြစ်သည်။
  • ရေဝပ်သောမြေကိုရှောင်ကြဉ်ရမည်။မြေချဉ်ငံဓါတ်(၆-၆.၅)တွင်အကောင်းဆုံးဖြစ်ထွန်းသည်။
  • မြေကိုထယ်ရေးနက်နက်ညက်ညက်ထွန်ပြီးရေသွင်းရေထုတ်မြောင်းများစနစ်တကျဖော်၍ဆောင်ရွက်ရမည်။

ရေ

  • စိုက်ပျိုးရာတွင်အသုံးပြုမည့်ရေအရည်အသွေးကိုဓါတ်ခွဲစစ်ဆေးရမည်။
  • မွေးမြူရေးဇုံ၊ဆေးရုံ၊စက်ရုံများမှဖြတ်သန်းလာသောရေ၊မြူနီစပယ်စွန့်ပစ်ရေနှင့်သဘာဝပတ်ဝန်းကျင်ကိုအန္တရာယ်ဖြစ်ပေါ်နိုင်သည့်ရေများကိုအသုံးမပြုရ။ (ရေဆိုးရေညစ်များကိုပြန်လည်စီရင်၍အသုံးပြုလျှင် WHO Guideline အရလိုက်နာအသုံးပြုရန်)။
  • ရွှေ့ပြောင်းစိုက်ပျိုးချိန်တွင်စိုက်ခင်း၌အစိုဓါတ်မပြတ်စေရန်အထူးဂရုပြုသင့်သည်။
  • မြေတွင်းအစိုဓါတ်နည်းသွားပါကအပွင့်အသီးများကြွေကျတတ်၍ရေသွင်းပေးသင့်သည်။(မှတ်ချက်- ရေများပြီးရေဝပ်လျှင်အပင်သေနိုင်သည်။)
  • စိုက်ဘောင်ဖြင့်စိုက်ပျိုးပါကရေလောင်းစနစ်၊ရေဖျန်းစနစ်(sprinkler)၊အစက်ချစနစ် (Drip irrigation) တို့ကိုဆောင်ရွက်ခြင်းဖြင့်အပင်ဖြစ်ထွန်းမှုပိုမိုကောင်းမွန်သည်။ရွှေ့ပြောင်းစိုက်ပျိုးချိန်တွင်စိုက်ခင်း၌အစိုဓါတ်မပြတ်စေရန်အထူးဂရုပြုရပါမည်။အပင်လှန်ချိန်နှင့်ပန်းစတင်ပွင့်ချိန်တွင်အစိုဓါတ်မပြတ်စေရန်ရေသွင်းပေးခြင်းလုပ်ငန်းကိုဆောင်ရွက်ပါ။
  • သီးနှံစိုက်သည့်အကွက်များ၊အခင်းများ (သို့) ဒေသများတွင်ရေများဖြတ်သန်းစီးဆင်းနေပါကမြေဆောင်ရောဂါများ၏ရွှေ့လျားမှုကိုပိုမိုလျှင်မြန်တိုးတက်စေသည်။သင်ပိုင်ဆိုင်သည့်စိုက်ခင်းတွင်ယခင်ကကျရောက်ခဲ့သည့်ရောဂါဧရိယာများကိုသိရှိပါကအဆိုပါဧရိယာ၏အောက်ဘက်အရပ်ရှိနေရာများတွင်ရောဂါကူးစက်နိုင်ကြောင်းသတိရှိရမည်။

မျိုးစေ့/ပျိုးပင်

  • ရေမြေဒေသနှင့်ကိုက်ညီပြီးပိုးမွှားရောဂါကင်းစင်သည့်အရည်အသွေးကောင်းမျိုးများကိုရွေးချယ်စိုက်ပျိုးသင့်သည်။
  • စိုက်ပျိုးမည့်မျိုးစေ့၊ပျိုးပင်နှင့်မျိုးပွားအစိတ်အပိုင်းများရရှိသည့်ဒေသ၊ရရှိသည့်အရေအတွက်နှင့်ရရှိသည့်နေ့စွဲတို့ကိုမှတ်တမ်းတင်ထားရှိရမည်။
  • ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီ၍ဒေသရေ၊မြေ၊ရာသီဥတုနှင့်ကိုက်ညီသည့်ခရမ်းချဉ်မျိုးကောင်းမျိုးသန့်များအသုံးပြုသင့်သည်။စိုက်ပျိုးမည့်သီးနှံမျိုးနှင့်စိုက်ပျိုးနည်းစနစ်များသည်ပိုးသတ်ဆေးအသုံးပြုမှုတတ်နိုင်သမျှအနည်းဆုံးဖြစ်သင့်ပြီးပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းစေနိုင်မည့်နည်းစနစ်များနှင့်တွဲဖက်အသုံးပြုဆောင်ရွက်သင့်သည်။ခရမ်းချဉ်တွင်အဆုံးမရှိပန်းခိုင်ထွက်သည့်မျိုးနှင့်အဆုံးရှိပန်းခိုင်ထွက်သည့်မျိုးဟူ၍ (၂) မျိုးရှိပါသည်။အဆုံးမရှိပန်းခိုင်ထွက်သည့်မျိုးကိုစိုက်မည်ဆိုပါကကြိုးတန်းပေးရန်တိုင်ထောင်ပေးရန်လိုအပ်ပါသည်။
  • တစ်ဧကလျှင်မျိုးစေ့ (၄၀-၅၀) ဂရမ်အပင် (၈၀၀၀မှ၁၀၀၀၀) ထိဝင်ဆန့်အောင်စိုက်ပျိုးရမည်။စားသုံးသူကြိုက်ပြီးစိုက်ပျိုးသူလည်းကြိုက်သည့်မျိုးများကိုစိုက်ပျိုးသင့်ပါသည်။

မြေသြဇာနှင့်မြေဆီလွှာဖြည့်စွက် ပစ္စည်းများ

  • စိုက်ပျိုးသည့်သီးနှံတစ်ခုချင်းအတွက်အသုံးပြုသည့်မြေသြဇာ (သို့မဟုတ်) မြေဆီလွှာဖြည့်စွက်ပစ္စည်းများတွင်အန္တရာယ်ဖြစ်စေသောဓါတုနှင့်ဇီဝဆိုင်ရာပစ္စည်းများပါဝင်ခြင်းမရှိစေရ။
  • သဘာဝမြေသြဇာများအားကောင်းစွာဆွေးမြေ့အောင်ဆောင်ရွက်ပြီးမှအသုံးပြုရမည်။
  • မြေသြဇာ (သို့မဟုတ်) မြေဆီလွှာဖြည့်စွက်ပစ္စည်းများရောနှောခြင်းနှင့်သိုလှောင်ခြင်း၊အော်ဂဲနစ်ပစ္စည်းများဆွေးမြေ့စေရန်ဆောင်ရွက်ခြင်းတို့ကိုမြေနှင့်ရေအရင်းအမြစ်သန့်ရှင်းမှုထိခိုက်စေသောနေရာများတွင်မပြုလုပ်ရ။
  • မြေသြဇာ (သို့မဟုတ်) မြေဆီလွှာဖြည့်စွက်ပစ္စည်းများဝယ်ယူသုံးစွဲရာတွင်တရားဝင်မှတ်ပုံတင်ထားသောပစ္စည်းများဖြစ်ရမည့်အပြင်မှတ်တမ်းများထားရှိရမည်။
  • ခရမ်းချဉ်အတွက်သဘာဝမြေသြဇာနှင့်ဓါတ်မြေသြဇာများကိုလိုအပ်ပါကစနစ်တကျထည့်ပေးသင့်သည်။
  • ရွှေ့စိုက်ပြီး(၂၀)ရက်သားတွင်ပေါင်းလိုက်ပါ။စိုက်ပြီးတစ်လသားတွင်ယူရီးယားအိတ်ဝက်ထည့်၍မြေတောင်မြှောက်ပေးပါ။
  • အဆုံးမရှိပန်းခိုင်ထွက်သည့်မျိုးများအတွက်စိုက်စနစ်ပေါ်မူတည်၍ခေါင်နှိမ်ခြင်း၊ကိုင်းရွေးချယ်ခြင်းများပြုလုပ်နိုင်သည်။ရက်(၆၀) သားတွင်ယူရီးယားအိတ်ဝက်ထပ်မံထည့်၍မြေတောင်မြှောက်ပါ။
  • ကွန်ပေါင်းဓါတ်မြေသြဇာနှင့်နွားချေးမြေသြဇာကိုထည့်၍ရွှေ့ပြောင်းမစိုက်ပျိုးမီစိုက်ဘောင်ကိုကြိုတင်ပြင်ဆင်သင့်သည်။
  • နွားချေးဆွေး၊တီစူပါနှင့်ပိုတက်(ရှ်)တစ်ဝက်တို့ကိုမြေပြုပြင်ချိန်တွင်ထည့်သွင်း၍၊ကျန်မြေသြဇာများကိုအပင်လှန်ချိန်၊ပန်းစတင်ပွင့်ချိန်၊ပထမပန်းခိုင်အသီးတင်ချိန်၊ပထမအကြိမ်အသီးခူးဆွတ်ချိန်နှင့်ဒုတိယအကြိမ်အသီးခူးဆွတ်ချိန်တို့တွင်ထပ်မံထည့်သွင်းရမည်။

စိုက်ပျိုရေးသုံး ဓါတုဆေးများနှင့် အခြားဓါတုပစ္စည်းများ

  • ပိုးသတ်ဆေးကိုအပင်ထွက်ပိုးသတ်ဆေးနှင့်အဏုဇီဝပိုးသတ်ဆေးများကိုသုံးသင့်ပါသည်။
  • ဓါတုဆေးများအသုံးပြုမှုအနည်းဆုံးဖြစ်စေရန်ဘက်စုံပိုးမွှားကာကွယ်ရေးနည်းစနစ်များကိုအသုံးပြုရပါမည်။
  • ပိုးသတ်ဆေးဥပဒေ၊မြေသြဇာဥပဒေ၊နည်းဥပဒေများနှင့်အညီပတ်ဝန်းကျင်ညစ်ညမ်းခြင်းနှင့်လူသားတို့၏ကျန်းမာရေးထိခိုက်မှုများမဖြစ်စေရေးကိုအထူးဂရုပြုရမည်။
  • ဓါတုဆေးများကိုအသုံးပြုရန်လိုအပ်ပါကတရားဝင်အသိအမှတ်ပြုမှတ်ပုံတင်ထားသည့်ဓါတုဆေးများကိုသာအသုံးပြုရပါမည်။
  • ဆေးဖျန်းပြီးနောက်ဆေးအုပ်စုအလိုက်မရိတ်သိမ်းမီစောင့်ဆိုင်းရမည့်ရက်ကာလအပိုင်းအခြားကိုအတိအကျလိုက်နာရမည်။
  • ပိုးသတ်ဆေးစနစ်တကျကိုင်တွယ်သုံးစွဲနည်းသင်တန်းများတက်ရောက်ထားရမည်။
  • ဓါတုဆေးများဝယ်ယူ၊သိုလှောင်၊သုံးစွဲမှု၊အသုံးချမှုနှင့်စွန့်ပစ်မှုတို့ကိုစနစ်တကျဆောင်ရွက်၍မှတ်တမ်းတွင်ရေးသွင်းထားရှိရမည်။
  • ခရမ်းချဉ်အတွက်အပင်ရှည်ဆေး၊အပွင့်ညှာခိုင်ဆေး၊အသီးကြီးထွားဆေးများသုံးမည်ဆိုပါကအန္တရာယ်အနည်းဆုံးဖြစ်စေရန်ကိုင်တွယ်အသုံးပြုခြင်း၊သိုလှောင်ခြင်းနှင့်စွန့်ပစ်ခြင်းတို့ကိုပြုလုပ်ရမည်။မှတ်တမ်းတွင်ရေးသွင်းထားရှိရမည်။
  • လောင်စာဆီ၊ချောဆီနှင့်အခြားသောစိုက်ပျိုးရေးသုံးမဟုတ်သည့်ဓါတုဆေးများကိုသီးနှံများညစ်ညမ်းမှုအန္တရာယ်အနည်းဆုံးဖြစ်စေရန်ကိုင်တွယ်အသုံးပြုခြင်း၊သိုလှောင်ခြင်းနှင့်စွန့်ပစ်ခြင်းတို့ကိုပြုလုပ်ရမည်။

အပင်ပြုစု စောင့်ရှောက်ခြင်း

အရည်အသွေးကောင်းခရမ်းချဉ်စိုက်ပျိုးရန်အောက်ဖော်ပြပါနည်းလမ်းများကိုလိုက်နာဆောင်ရွက်သင့်သည်။

  • ခရမ်းချဉ်ကိုပျိုးဘောင်ဖြင့်ပျိုးထောင်ခြင်းနှင့်ပျိုးအိတ်ဖြင့်ပျိုးထောင်ခြင်းတို့ဖြင့်ဆောင်ရွက်နိုင်ပါသည်။ပျိုးအိတ်နှင့်ပျိုးဘောင်အတွက်သဲ၊နွားချေးဆွေး၊စက်ဖွဲပြာဆတူရောစပ်ထားသောမြေကိုအိုးတစ်ခုတွင်ထည့်ကာ၁၀မိနစ်ခန့်အပူပေးပါ။အပူပေးသောအခါခြောက်သွေ့မသွားစေရန်ရေအနည်းငယ်ထည့်ပေးရမည်။(သို့မဟုတ်) ပလပ်စတစ်အိတ်အနက်ထဲတွင်စပ်မြေကိုထည့်၍နေရောင်အောက်တွင်နေ့ဝက်ခန့်ထားပါ။
  • စပ်မြေအေးသွားသောအခါပျိုးအိတ်/ ပျိုးဘောင်ပြုလုပ်နိုင်ပါသည်။
  • ပူပြင်းသောရာသီနှင့်မိုးရာသီတွင်ပျိုးဘောင်ကိုအမိုးပြုလုပ်ပေးရန်လိုပါသည်။မြေတွင်း​အောင်းပိုးမွှားရန်မှကာကွယ်ရန်ပျိုးဘောင်ကိုဖျူရာဒန်ဆေးဖြူးပေးခြင်း၊ပုရွက်ဆိတ်ရန်မှကင်းရန်မျိုးစေ့ကိုစီဗင်ဆေးမှုန့်လူးနယ်ခြင်းတို့ပြုလုပ်ပေးသင့်သည်။
  • အစိုဓါတ်မပြတ်စေရန်ရေမှန်မှန်လောင်းပေးသင့်သည်။
  • စိုက်ခင်းမြေပြင်ရန်ယခင်စိုက်ပျိုးပြီးရောဂါကျသီးနှံပင်ကြွင်းပင်ကျန်များကိုမီးရှို့ဖျက်ဆီးခြင်းပြုလုပ်သင့်သည်။
  • ထယ်ထိုးထွန်မွှေခြင်းပြုလုပ်ပြီးမြက်ကောက်ခြင်း၊ဘောင်ဆွဲခြင်းပြုလုပ်သင့်သည်။စိုက်ဘောင်ကို၃ပေအကျယ်၊၂၅ပေအရှည်၊၆လက္မအမြင့်ဖြင့်ဘောင်ဆွဲသင့်သည်။
  • မြေတွင်း​အောင်းပိုးမွှားရန်မှကာကွယ်ရန်ပျိုးဘောင်ကိုဖျူရာဒန်ဆေးဖြူးပေးကာအရောင်ပြန်ပါသောပလပ်စတစ်စဖြင့်ဘောင်ကိုဖုန်းအုပ်ပေးခြင်းဖြင့်မြေတွင်းစိုထိုင်းဆထိန်းခြင်း၊မြေအောင်းပိုးများသေစေခြင်း၊ပေါင်းမြက်ကာကွယ်ပြီးဖြစ်ခြင်း၊အပင်အားကျွေးသည့်အာဟာရဓါတ်များအပြည့်အဝရရှိစေခြင်း၊ပိုးမွှားများကာကွယ်ခြင်းစသည့်အကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။
  • ခရမ်းချဉ်မျိုးကိုလိုက်၍ပင်ကြားx တန်းကြား (၂’x ၂’)၊ (၂’x ၃’)  စိုက်နိုင်ပါသည်။
  • ရွှေ့ပြောင်းစိုက်ပျိုးပြီး (၁၅)ရက်အကြာအပင်လှန်ချိန်တွင်ပထမအကြိမ်ခါးဆွမြေတောင်မြှောက်ပေး၍မြေသြဇာကျွေးရန်လိုအပ်ပါသည်။ယင်းအချိန်တွင်မိမိစိုက်ပျိုးသောမျိုးပေါ်မူတည်၍တိုင်ထောင်မျိုးဆိုပါကလိုအပ်သောအတက်ဖဲ့ပေးခြင်း၊တိုင်ထောင်တန်းပစ်၊ကြိုးချည်ပေးခြင်းများပြုလုပ်သင့်သည်။
  • (၃)ပတ်သားတွင်အမြင့်ပေ(၁-၂)အထိတက်လာပြီးဘေးညွှန့်များထွက်လာသည်။ခရမ်းချဉ်ပင်၏ဘေးတက်များသည်ပင်မအညွှန့်ထက်ပို၍သန်မာတတ်သောကြောင့်ဘေးတက်များကိုဖဲ့ပေးရပြီးပင်မအညွှန့်ကိုကြိုးဖြင့်အလိုက်သင့်ရစ်ပေးရပါသည်။ဤနည်းလမ်းကိုတစ်ရာသီလုံးပြုလုပ်ပေးသင့်သည်။
  • ရေွှပြောင်းစိုက်ပြီး(၁၅)ရက်အကြာတွင်အသီးခိုင်စတင်ယူနိုင်သောပန်းခိုင်များထွက်လာပါသည်။ခရမ်းချဉ်ပင်သည်(Self Pollinated Plant) ဖြစ်သော်လည်းနောက်ပိုင်းတွင်အောင်မြင်သောဝတ်မှုံကူးခြင်းနှင့်အသီးတင်ခြင်းရရှိစေရန်အတွက်ပျားများ၏အကူအညီကိုရယူသင့်ပါသည်။
  • ခရမ်းချဉ်အတက်ဖဲ့နည်းမှာပထမဆုံးထွက်ရှိလာသောပန်းခိုင်အောက်ရှိအရွက်ကြားမှထွက်ပြူလာသောဘေးတက်အားသီးကိုင်းအဖြစ်မွေးမြူချန်လှပ်ကာကျန်အောက်ဘက်ရှိဘေးတက်အားလုံးကိုဖဲ့ခြွေရန်လိုအပ်ပါသည်။ဘေးတက်ဖဲ့ရာတွင်လက်အိတ်များ၊ကပ်ကြေးများကိုသန့်ရှင်းစွာပြင်ဆင်ရမည်။
  • စိုက်ပျိုးထားရှိသောခရမ်းချဉ်ပင်အားခရမ်းချဉ်သီးစျေးကွက်အခြေအနေအရလည်းကောင်း၊မျိုးစေ့ထုတ်လုပ်ရန်ရည်ရွယ်ထားရှိမှုအရလည်းကောင်း၊အပင်ပုံသွင်းပြုစုနည်းကို (၃)မျိုးခွဲခြားဆောင်ရွက်နိုင်ပါသည်။(၁)ပင်စည်(၃)ကိုင်းထားရှိခြင်း (၂)ပင်စည်(၂)ကိုင်းထားရှိခြင်း (၃)ပင်စည်ထီးထီးရှိခြင်းစသည်ဖြင့်ထားရှိစိုက်ပျိုးနိုင်ပါသည်။
  • စိုက်ကျင်းတစ်ကျင်းလျှင် (၂)ပင်စီစိုက်ပျိုး၍အပင်လှန်ချိန်တွင် (၁)ပင်သာချန်လှပ်ထားရှိခြင်းဖြင့်တစ်ဧကအပင်ဦးရေ (၈၀၀၀-၁၀၀၀၀)ထက်မပိုစေပဲထားရှိသင့်သည်။စနစ်တကျဘေးတက်ဖဲ့ပုံသွင်းပြုစုခြင်းဖြင့်အပင်များလေဝင်လေထွက်မှန်ပြီးပိုး/ရောဂါကျရောက်မှုအခွင့်အလမ်းနည်းပါးစေသည်။
  • ခရမ်းချဉ်သက်တမ်း (၄၅)ရက်သားတွင်အပွင့်အားကောင်းစေရန်အတွက်တရားဝင်မှတ်ပုံတင်ထားပြီးအပွင့်အားပေးသောရွက်ဖျန်းမြေသြဇာဖျန်းပေးသင့်သည်။ခရမ်းချဉ်ပန်းခိုင်မှပန်းပွင့်ချိန်သည်ပူပြင်းသောအချိန်မဖြစ်စေရပါ။

စိုက်ပျိုးရေးနှင့်အခြားဆက်စပ်ပစ္စည်းကိရိယာများ

  • ထွက်ကုန်သီးနှံအတွက်အသုံးပြုသောပစ္စည်းကိရိယာများ၊သိုလှောင်ပစ္စည်းများနှင့်အခြားပစ္စည်းများသည်သန့်ရှင်းပြီးထွက်ကုန်သီးနှံကိုညစ်ညမ်းမှုမရှိစေရ။
  • စွန့်ပစ်ပစ္စည်းများ၊ဓါတုဆေးများနှင့်အခြားအန္တရာယ်ဖြစ်စေသည့်အရာများအသုံးပြုသည့်ပစ္စည်းများကိုတိတိကျကျသတ်မှတ်ထားရမည်။၎င်းပစ္စည်းများဖြင့််ထွက်ကုန်သီးနှံများထည့်ခြင်း၊သိုလှောင်ခြင်းမပြုရ။
  • ထွက်ကုန်သီးနှံအတွက်အသုံးပြုနေသောပစ္စည်းကိရိယာများ၊သိုလှောင်ပစ္စည်းများနှင့်အခြားပစ္စည်းများသည်ထွက်ကုန်သီးနှံကိုညစ်ညမ်းမှုမရှိစေရ။
  • စွန့်ပစ်ပစ္စည်းများ၊ဓါတုဆေးများနှင့်အခြားအန္တရာယ်ဖြစ်စေသည့်အရာများသိုလှောင်ရန်အသုံးပြုသည့်ပစ္စည်းများကိုတိတိကျကျသတ်မှတ်ထားရမည်ဖြစ်ပြီး၎င်းပစ္စည်းများတွင်ထွက်ကုန်သီးနှံများထည့်ခြင်း၊သိုလှောင်ခြင်းမပြုရ။
  • ရိတ်သိမ်းပြီးထွက်ကုန်သီးနှံများကိုမြေကြီး (သို့မဟုတ်) ကိုင်တွယ်ထုပ်ပိုးသည့်ကြမ်းပြင် (သို့မဟုတ်) သိုလှောင်သည့်နေရာကြမ်းခင်းနှင့်တိုက်ရိုက်ထိတွေ့ခြင်းမရှိအောင်ထားရမည်။
  • ခရမ်းချဉ်ကိုစတင်စိုက်ပျိုးသည်မှခူးဆွတ်ရောင်းချသည်အထိအသုံးပြုသောပစ္စည်းများကိုအသုံးမပြုခင်စနစ်တကျဆေးကြောသန့်စင်ပြီးမှသုံးစွဲခြင်းသိမ်းဆည်းခြင်းများဆောင်ရွက်သင့်သည်။

ရိတ်သိမ်းခြင်းနှင့် ထွက်ကုန်ပြုပြင်ခြင်း

  • ရိတ်သိမ်းပြီးခရမ်းချဉ်သီးများကိုမြေကြီး (သို့မဟုတ်)   ကိုင်တွယ်ထုပ်ပိုးသည့်ကြမ်းပြင် (သို့မဟုတ်) သိုလှောင်သည့်နေရာကြမ်းခင်းနှင့်တိုက်ရိုက်ထိတွေ့ခြင်းမရှိအောင်သန့်ရှင်းသောအခင်း/ ခုံများပေါ်တွင်ထားရှိရမည်။
  • သီးနှံအလိုက်သတ်မှတ်ထားသောစံချိန်စံညွှန်းအတိုင်းအဆင့်တန်းခွဲခြား၍စနစ်တကျထုပ်ပိုးရမည်။

ခရမ်းချဉ်သီးကို (၈၀)ရာခိုင်နှုန်းမှည့်ချိန်တွင်ဆွတ်ခူးနိုင်ပါသည်။ဆွတ်ခူးရာတွင်ကတ်ကြေးဖြင့်ခူးဆွတ်ပါကအသုံးပြုသည့်ကတ်ကြေးကိုနွားနို့ရည်တွင်စိမ်ခြင်း၊အရက်ပြန်ဖြင့်ဆေးကြောခြင်းများပြုလုပ်ပြီးမှအသုံးပြုသင့်သည်။

ဆွတ်ခူးရာတွင်လက်အိတ်ကိုအသုံးပြုရမည်။ခူးဆွတ်ထားသည့်အသီးများထည့်ရာတွင်အသုံးပြုမည့်ပုံး/သေတ္တာများကိုလည်းသန့်ရှင်းစင်ကြယ်စွာထားရမည်။

ခရမ်းချဉ်သီးကိုရိတ်သိမ်းရာတွင်အသီးတင်ချိန်မှရင့်မှည့်ချိန်အတွင်းသင့်တော်မည့်အဆင့်တွင်ခူးဆွတ်ရောင်းချရန်လိုအပ်ပါသည်။ခရမ်းချဉ်သီးအစိမ်းရောင်မှအစိမ်းဖျော့၊ထိုမှတစ်ဆင့်အဖြူရောင်များလာချိန်တွင်ခူးဆွတ်ပါကအဝေးစျေးကွက်သို့တင်ပို့နိုင်ပြီးလမ်းခရီးတွင်အပျက်အဆီးအဆုံးအရှုံးသက်သာမည်ဖြစ်သည်။အင်းလေးဒေသတွင်အစိမ်းရောင်မှအစိမ်းဖျော့ရောင်ပြောင်းချိန်တွင်ခူးဆွတ်ပြီးပွဲရုံဂိုထောင်တွင်ထားကာအသီးရွမ်းပြင်းများကိုရွေးချယ်၍မိမိတို့ပို့ဆောင်မည့်ဒေသများသို့ပို့ဆောင်ကြသည်။မိမိဒေသဝန်းကျင်စျေးတွင်သာပို့ဆောင်ရောင်းချမည်ဆိုပါကရွမ်းပြင်းအဆင့်အဝါရောင်ပြောင်းစအသီးများကိုဆွတ်ခူးရောင်းချနိုင်ပါသည်။

စျေးကွက်ပို့မည့်အသီးများကိုအဆင့်အတန်းခွဲ၍ပို့ရာတွင်ပြင်ပသွင်ပြင်လက္ခဏာအရလတ်ဆတ်ရမည်။ပုပ်သိုးမှုနှင့်ပုပ်သိုးမှုကြောင့်စားသုံးရန်မဖြစ်နိုင်သောအသီးများမပါရှိရ။သန့်ရှင်းရမည်။မျက်စိဖြင့်မြင်နိုင်သောခရမ်းချဉ်မဟုတ်သောပစ္စည်းများကင်းရှင်းရမည်။ဈေးကွက်တွင်ရောင်းချရန်မသင့်တော်သောကြေမွပျက်စီးမှုကင်းရှင်းရမည်။ဖျက်ပိုးကြောင့်ဖြစ်သောပျက်စီးမှုကင်းရမည်။အပူချိန်နိမ့်ခြင်း၊မြင့်ခြင်းကြောင့်ဖြစ်သောပျက်စီးမှုကင်းရမည်။

သိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း

  • ခရမ်းချဉ်သီးများကိုဓါတု၊ဇီဝနှင့်ရုပ်ဝတ္ထုဆိုင်ရာညစ်ညမ်းမှုအန္တရာယ်ဖြစ်စေနိုင်သောကုန်ပစ္စည်းများနှင့်သီးခြားခွဲ၍သိုလှောင်ခြင်း၊သယ်ဆောင်ခြင်းပြုလုပ်ရမည်။
  • လူအများစုသည်ခရမ်းချဉ်သီးများကိုရေခဲသေတ္တာထဲတွင်သိုလှောင်ခြင်းသည်သင့်တော်သည့်နည်းဟုယုံကြည်နေကြပါသည်။သို့သော်ဤနည်းသည်ခရမ်းချဉ်၏အနံ့အရသာနှင့်မူလအရည်အသွေးများကိုအမှန်တကယ်ပျက်ဆီးစေနိုင်ပါသည်။
  • ကောင်းစွာရင့်နေသောအစိမ်းရောင်ရှိခရမ်းချဉ်သီးများအား (၁၃-၂၁)°Cတွင်သိုလှောင်သင့်သည်။ခရမ်းချဉ်သီးများရင့်မှည့်ရန်သင့်တော်သောအပူချိန်မှာ(၁၈-၂၁)°C ဖြစ်၍ပုပ်ရိမှုကိုပိုမိုမဖြစ်စေပဲဖြည်းညှင်းစွာရင့်မှည့်ခြင်းအတွက်အသင့်တော်ဆုံးအပူချိန်မှာ(၁၄-၁၆)°C ဖြစ်သည်။မှည့်စပြုနေသောခရမ်းချဉ်သီးမှာ (၇-၁၀)°C ထိအပူချိန်လျှော့ချပြီးသိုလှောင်နိုင်သည်။ပန်းရောင်အဆင့်ရှိခရမ်းချဉ်သီးများအား (၁၀-၁၅)°C တွင်ချက်ချင်းသိုလှောင်ရမည်။သိုလှောင်သည့်မည်သည့်အခြေအနေတွင်မဆိုစိုထိုင်းဆ(၉၀-၉၅)ရာခိုင်နှုန်းရှိသင့်သည်။အခန်းအပူချိန်တွင်ကောင်းစွာရင့်နေသောအစိမ်းရောင်ရှိခရမ်းချဉ်သီးအား(၂-၆)ပတ်အထိထားနိုင်ပြီးခရမ်းချဉ်သီးအမှည့်အား (၁)ပတ်ထားနိုင်သည်။
  • ခရမ်းချဉ်သီးများကိုထုပ်ပိုးရာတွင်အသီးကိုကောင်းစွာအကာအကွယ်ပေးနိုင်သည့်နည်းဖြင့်ထုပ်ပိုးခြင်းပြုသင့်သည်။ထုပ်ပိုးခွံအတွင်းပိုင်းတွင်အသုံးပြုသောပစ္စည်းမှာသန့်ရှင်းသင့်သည်။ထုတ်ကုန်၏အတွင်းအပြင်ပိုင်းမည်သည့်ပျက်စီးမှုကိုမှမဖြစ်စေသောအရည်အသွေးရှိသင့်သည်။
  • သယ်ယူပို့ဆောင်မည့်ယာဉ်များကိုအသုံးမပြုမီသန့်ရှင်းမှု၊ဓါတုဆေးဖိတ်စင်မှု၊အခြားပစ္စည်းများနှင့်ပိုးမွှားကျရောက်မှုရှိ/မရှိကိုစစ်ဆေးရမည်။

အဆောက်အဦများ ဆောက်လုပ်ထားခြင်း

  • ထွက်ကုန်များအားထုပ်ပိုးခြင်း၊ကိုင်တွယ်ပြုပြင်ခြင်းနှင့်သိုလှောင်ထားရှိခြင်းတို့တွင်ဘေးဥပါဒ်အန္တရာယ်ကျရောက်မှုနည်းပါးစေရန်သီးသန့်အဆောက်အဦများတည်ဆောက်ခြင်း (သို့မဟုတ်)  သီးသန့်ဆောင်ရွက်မည့်နေရာများသတ်မှတ်ရမည်။ပြုပြင်ထိန်းသိမ်းပေးရမည်။
  • လောင်စာဆီ၊ပိုးသတ်ဆေးနှင့်မြေသြဇာများ၊လယ်ယာသုံးကိရိယာများအပါအဝင်အခြားပစ္စည်းများနှင့်ထွက်ကုန်များကိုရောနှောသိုလှောင်ခြင်းမပြုရ။

တိရိစ္ဆာန်နှင့်ဖျက်ပိုးများထိန်းချုပ်ခြင်း

  • အိမ်မွေးနှင့်လယ်ယာလုပ်ငန်းသုံးတိရိစ္ဆာန်များကိုရိတ်သိမ်း၊ထုပ်ပိုး၊သိုလှောင်သည့်နေရာများတွင်မရှိစေရ။
  • မိုးမရွာမီပိုးမွှားရောဂါကာကွယ်နှိမ်နှင်းသည့်နည်းများကိုပြုလုပ်ရမည်။မိုးရွာပြီးနောက်တွင်လည်းမြန်နိုင်သမျှမြန်မြန်ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းခြင်းကိုပြုလုပ်သင့်သည်။
  • မိုးသည်းထန်စွာရွာခြင်းနှင့်ရေလွှမ်းခြင်းတို့သည်အမြစ်ဇုံအတွင်းရှိမြေအောင်းပိုးများကိုနှိမ်နင်းမည့်ဓါတုဆေးများကိုရေနှင့်အတူမျောပါသွားစေသည်။
  • ပင်လုံးပြန့်အင်းဆက်သတ်ဆေး/ နီမတုတ်သတ်ဆေးများအားအညွှန်းကိုသေချာစွာဖတ်၍ငရုတ်နှင့်ခရမ်းချဉ်ပင်များကြီးထွားစဉ်တွင်သုံးပေးနိုင်သည်။
  • စွတ်စိုသောအခြေအနေများတွင်ဘတ်တီးရီးယားနှင့်မှိုရောဂါများဆိုးရွားစွာဖြစ်ပေါ်နိုင်သည်။ကွင်းထဲရှိဘက်တီးရီးယားရောဂါများအတွက်ကော့ပါးကိုအခြေခံသောဆေးများကိုသာမှတ်ပုံတင်ထားပြီးအဆိုပါဆေးများမှာကာကွယ်ဆေးများသာဖြစ်သည်။ငရုတ်နှင့်ခရမ်းချဉ်တို့တွင်ဘတ်တီးရီးယားရောဂါများအလွယ်တကူကျရောက်နိုင်ပြီးအရွက်ဝါခြင်းနှင့်အရွက်ကြွေခြင်းတို့ဆိုးရွားစွာဖြစ်ပေါ်စေနိုင်သည်။

ခရမ်းချဉ်သီးနှံတွင်အဓိကကျရောက်သောပိုးမွှားများ

စဉ် ဖျက်ပိုးအမည် သိပ္ပံအမည် လက္ခဏာရပ် ကျရောက်ချိန် ကာကွယ်နှိမ်နင်းနည်း
၁။ ယင်ဖြူ Bemisia tabaci အရွက်အောက်တွင်အဖြူမှုန်များကပ်နေ၍အရွက်ကိုခါကြည့်ပါကဖလံနှင့်တူသောအဖြူရောင်အကောင်များပျံထွက်လာသည်ကိုတွေ့ရမည်။ယင်ဖြူသည်ဗိုင်းရပ်စ်ရောဂါကိုသယ်ဆောင်နိုင်ပါသည်။ ပျိုးပင်ပေါက်အဆင့်မှပင်ပိုင်းကြီးထွားချိန်တစ်လျှောက်ကျရောက်နိုင်ပါသည်။ ရောဂါရပင်ကြွင်းပင်ကျန်များကိုမီးရှို့ပါ။သီးလှည့်စိုက်ပါ။ထယ်ရေးနက်နက်ထိုးပါ။အပင်စိပ်စိပ်စိုက်ခြင်းမှရှောင်ပါ။အရွက်အောက်မျက်နှာပြင်ရောက်အောင်ပင်လုံးပြန့်ပိုးသတ်ဆေးတစ်မျိုးမျိုးပက်ဖျန်းပါ။
၂။ ပျပိုး Aphis gossypii အပွင့်များ၊အရွက်များပုံသဏ္ဍာန်မမှန်ခြင်း၊အရောင်ပြောင်း၍ညိုးသွားခြင်းနှင့်ကြပ်ခိုးမှိုများဖြစ်ပေါ်စေနိုင်သည်။ပင်ပိုင်းကြီးထွားမှုနှေးကွေးပြီးအပင်များပု၍သေးကွေးခြင်းဖြစ်ပေါ်မည်။ ပန်းပွင့်ချိန်၊အသီးသီးချိန်နှင့်ပင်ပိုင်းကြီးထွားချိန်တစ်လျှောက်ကျရောက်နိုင်ပါသည်။ အပင်များအားလေဝင်လေထွက်ကောင်းစေရန်ကိုင်းခုတ်/ ကိုင်းဖြတ်ခြင်းများပြုလုပ်ပါ။ပင်လုံးပြန့်အာနိသင်ရှိသောပိုးသတ်ဆေးတမျိုးမျိုးပက်ဖျန်းပါ။
၃။ သီးလုံးဖောက်ပိုး Helicoverpa armigera

လောက်ကောင်များသည်အပွင့်၊အရွက်၊အသီးနုတို့ကိုစားသောက်ကြသည်။အသီးတွင်းဝင်ရောက်စားသုံး၍ရေစိုနာကွက်များဖြစ်ပေါ်ပြီးမရင့်မှည့်ခင်ကြွေကျနိုင်ပါသည်။အရွက်များပေါ်တွင်ကြပ်ခိုးမှိုများတွေ့နိုင်သည်။

ပန်းပွင့်ချိန်၊အသီးသီးချိန်နှင့်ပင်ပိုင်းကြီးထွားချိန်တစ်လျှောက်ကျရောက်နိုင်ပါသည်။ ပေါင်းမြက်များရှင်းလင်းပါ။ထယ်ရေးနက်နက်ထွန်ပေးပါ။မြေပြင်ချိန်တွင်ပိုးသတ်ဆေးတစ်မျိုးမျိုးထည့်ပါ။မီးထောင်ချောက်ထွန်းပါ။ထိသေစားသေပိုးသတ်ဆေးတစ်မျိုးမျိုးအားပက်ဖျန်းပါ။
၄။ ရွက်ထွင်းပိုး Phyllocnistis citrella အရွက်မျက်နှာပြင်ပေါ်တွင်လောက်ကောင်ဝင်ရောက်ထွင်းစားထားသောလမ်းကြောင်းအားတွေ့နိုင်သည်။အရွက်များအကွက်ဖြစ်၍ပုံသဏ္ဍာန်မမှန်ခြင်းအရွက်ကြွေခြင်းများဖြစ်ပေါ်နိုင်သည်။ ပင်ပိုင်းကြီးထွားမှုတစ်လျောက်ကျရောက်နိုင်ပါသည်။ ပေါင်းမြက်များအားရှင်းလင်းပါ။ပင်လုံးပြန့်အာနိသင်ရှိသောပိုးသတ်ဆေးတစ်မျိုးမျိုးပက်ဖျန်းပါ။
၅။ ပိုးနဂါး Spodoptera litura ပျိုးခင်းတွင်ဆိုးဝါးစွာကျရောက်သည်။အပင်ငယ်စဉ်တွင်အရွက်အစိမ်းပိုင်းကိုစုပြုံ၍ခြစ်စားကြသဖြင့်အရွက်များရွက်ကြောသာကျန်ပြီးအစိမ်းရောင်ပျောက်နေ၍ဇကာပေါက်ကဲ့သို့ဖြစ်မည်။အကောင်ကြီးအဆင့်တွင်အရွက်များကိုကိုက်ဖြတ်စားကြသည်။အချို့အပင်ငယ်များကိုအရင်းမှကိုက်ဖြတ်ချတတ်သည်။ ပန်းပွင့်ချိန်၊အသီးသီးချိန်နှင့်ပင်ပိုင်းကြီးထွားချိန်တစ်လျှောက်ကျရောက်နိုင်ပါသည်။ ပေါင်းမြက်များရှင်းလင်းပါ။ထယ်ရေးနက်နက်ထွန်ပေးပါ။မြေပြင်ချိန်တွင်ပိုးသတ်ဆေးတမျိုးမျိုးထည့်ပါ။မီးထောင်ချောက်ထွန်းပါ။ထိသေစားသေပိုးသတ်ဆေးတစ်မျိုးမျိုးအားညနေပိုင်းတွင်ပက်ဖျန်းပါ။

ခရမ်းချဉ်တွင်ကျရောက်သောရောဂါများ

စဉ် ရောဂါအမည် ရောဂါဖြစ်စေသောသက်ရ ရောဂါလက္ခဏာ ကျရောက်သည့်အချိန် ကာကွယ်နှိမ်နင်းနည်း
စောပင်နာကျရောဂါ(Early Blight) Alternaria solani အောက်​ခြေအရွက်ရင့်များတွင်ညိုမဲရောင်အဝိုင်းရစ်များဘေး၌အဝါရောင်အနားသားများပါသောအနာကွက်များဖြစ်ပေါ်သည်။ရောဂါပြင်းထန်ပါကတစ်ရွက်လုံးဝါပြီးခြောက်သွားသည်။ရိုးတံနှင့်ပင်စည်ပေါ်တွင်အညိုရောင်အဝိုင်းရစ်အနာကွက်ကိုတွေ့ရသည်။ ခရမ်းချဉ်စိုက်ပျိုးသောဒေသတိုင်းတွင်ကျရောက်လေ့ရှိပါသည်။ စိုက်ခင်းသန့်ရှင်းရေးဆောင်ရွက်ပါ။ရောဂါကျ ပင်ကြွင်းပင်ကျန်များမီးရှို့ ဖျက်စီးပါ။ Iprodione၊Mancozeb၊ Chlorothalonil၊Benomyl၊Thiophanatemethyl Copper ပါဝင်သော ဆေးများကိုအသုံးပြုပက်ဖျန်းနိုင်သည်။
နှောင်းပင်နာကျရောဂါ(Late Blight) Phytophthora infestans အရွက်ပေါ်တွင်ပုံသဏ္ဍာန်မမှန်သောအစိမ်းရောင်ရေစိုနာကွက်များစတင်ဖြစ်ပေါ်ပြီးရောဂါပြင်းထန်ပါကအညိုရောင်ပြောင်းသွားကာတစ်ရွက်လုံးခြောက်သွားသည်။အရွက်၊အသီး၊အကိုင်းများကိုလည်းရောဂါဖြစ်စေသည်။ အနာကွက်ပေါ်တွင် မှိုအစုအဝေးကို မြင်နိုင်သည်။ အစဉ်အေး၍မိုးရွာလေ့ရှိသောရာသီဥတုတွင်အဆိုးရွားဆုံးကျရောက်သည်။ ရောဂါကျအပင်အစိတ်အပိုင်းများအားစိုက်ခင်းအတွင်းမှဖယ်ရှားပါ။ Metalaxyl၊Dimethomorph၊Azoxystrobin၊ Mancozeb၊ Cymoxanil၊Fosetyl-Alဆေးများကိုတစ်လှည့်စီအသုံးပြုပါ။
ဖားဥမှိုရောဂါ(Powdery Mildew) Leveillula taurica အရွက်ရင့်များပေါ်တွင်အဝါရောင်အကွက်များစတင်ဖြစ်ပေါ်သည်။ရောဂါရအရွက်၏ အပေါ်နှင့်အောက်မျက်နှာပြင်တို့တွင်အဖြူရောင်ပေါင်ဒါမှုန့်များသဖွယ်မှိုမျှင်ကွက်များတွေ့နိုင်သည်။ရောဂါပျံ့နှံ့ပါကတစ်ပင်လုံးခြောက်၍သေသွားသည်။ ပူနွေးခြောက်သွေ့သောပတ်ဝန်းကျင်တွင်ရောဂါဖြစ်ပေါ်တတ်သည်။မှိုစပိုးများသည်လေဖြင့်ပျံ့နှံ့သည်။ ခံနိုင်ရည်ရှိသောမျိုးကိုစိုက်ပျိုးပါ။Sulphur၊CarbendazimKresoxim methyl၊Hexaconazole ဆေးတစ်မျိုးမျိုးကိုဖျန်းပါ။
ခါးရိရောဂါ(Damping-off)

 

Pythium aphanidermatum မြေကြီးနှင့်ကပ်လျက်ရှိသောပျိုးပင်မျာ၏ပင်စည်ပိုင်းသည်ရေစိုနာဖြစ်လာပြီးပျော့လာကာအပင်ယိုင်လဲ၍သေဆုံးကြသည်။အမြစ်များလည်းရောဂါဖြစ်ကာအပင်သေသွားသည်။အသီးများမြေနှင့်ထိစပ်မှုရှိပါကအသီးသို့ကူးစက်နိုင်သည်။ရံဖန်ရံခါပျိုးခင်းတစ်ခုလုံးထိခိုက်နိုင်သည်။ အေး၍စိုစွတ်ထိုင်းမှိုင်းသောရာသီဥတုနှင့်ပူနွေးစိုထိုင်းသောအခြေအနေတွင်ရောဂါဖြစ်စေသည်။ပျိုးပင်ပေါက်များသည်နှစ်ပတ်အတွင်းခံနိုင်ရည်မဲ့ကြသည်။ Homaiဆေးဖြင့်လူးနယ်စိုက်ပျိုးပါ။ Azoxystrobin၊Mancozeb၊Metalaxylဆေးကိုမြေပြင်နှင့်ကပ်လျက်ရွှဲရွှဲဖျန်းပါ။
ဘက်တီးရီးယားပင်ညှိုးရောဂါ

(Bacterial Wilt)

Ralstonia solanacearum ထိပ်ပိုင်းရွက်များသည်အဝါရောင်ပြောင်းလဲခြင်းမရှိပဲစတင်ညှိုးလာပြီး(၂-၃)ရက်အကြာတွင်တစ်ပင်လုံးညှိုးလာသည်။ပင်စည်ကိုခွဲကြည့်လျှင်အစာကြော၊ရေကြောများအညိုရောင်ပြောင်းလဲနေသည်။ မြေဆောင်ရောဂါဖြစ်သည်။မြေတွင်းအစိုဓာတ်များခြင်းသည်ဘက်တီးရီးယားရှင်သန်ပေါက်ဖွားမှုကိုပိုမိုဖြစ်စေသည်။မြေချဉ်ငံဓာတ်(၇)အောက်တွင်ပိုမိုပွားများသည်။ ခရမ်းချဉ်မျိုးရင်းဝင်မဟုတ်သည့်သီးနှံများဖြင့်သီးလှည့်စိုက်ပါ။ထုံးထည့်ပေးပါ။ပြောင်းရွှေ့စိုက်ပျိုးစဉ်အမြစ်များဒဏ်ရာမရအောင်ဆောင်ရွက်ပါ။Copperပါသော ဆေးများနှင့်  Kasugamycinပါသောဆေးများကိုအသုံးပြုပက်ဖျန်းနိုင်သည်။
မှဲ့ပြောက်စွန်းရောဂါ (Anthracnose) Colletotrichum coccodes -မိုးရွာစဉ်မိုးစက်များမြေကြီးသို့ထိမှန်ရာမှမြေကြီးထဲတွင်ရှိသောမှိုသည်မိုးရေစက်နှင့်အတူခရမ်းချဉ်သီးကိုထိမှန်ရာမှရောဂါစတင်ဖြစ်ပွားသည်။ခရမ်းချဉ်သီးအမှည့်များပေါ်တွင်ချိုင့်ဝင်နေသောအဝိုင်းပုံအစက်များစတင်ဖြစ်ပေါ်သည်။ရောဂါကွက်သည်ကြီးထွားလာပြီးအလယ်တွင်မဲလာသည်။အနာကွက်သည်စက်ဝိုင်းရစ်သဏ္ဍာန်ဖြစ်ပေါ်နေပြီးသေးငယ်သောအစက်ကလေးများကိုအနာကွက်ပေါ်တွင်တွေ့ရသည်။အရွက်နှင့်ပင်စည်ပေါ်တွင်ရောဂါကွက်ဖြစ်ပေါ်မှုနည်းသည်။ရောဂါရပင်ကြွင်းပင်ကျန်များတွင်ခိုအောင်းနေထိုင်သည်။ရောဂါဖြစ်စေသောမှိုသည်အခွံအားတိုက်ရိုက်တိုက်ခိုက်နိုင်သည်။အင်းဆက်များကိုက်သောဒဏ်ရာများမှလည်းဝင်ရောက်တိုက်ခိုက်နိုင်သည်။ရောဂါဖြစ်စေ

သောမှိုသည်ခရမ်းချဉ်သီး(အစိမ်း)အားတိုက်ခိုက်သော်လည်းအသီးမှည့်ပြီးမှသာရောဂါလက္ခဏာကိုမြင်ရသည်။

-စစိုက်သည်မှရိတ်သိမ်းချိန်အတွင်းအပင်၏မည်သည့်သက်တမ်း၌မဆိုကျရောက်သည်။ -ရောဂါကင်းသောမျိုးကိုသုံးပါ။ရောဂါကျသောပင်ကြွင်းပင်ကျန်များအားမီးရှို့ဖျက်ဆီးပါ။ရောဂါကွက်စတင်တွေ့ရှိပါကမှိုသတ်ဆေးတစ်မျိုးမျိုးအသုံးပြုပက်ဖျန်းနိုင်သည်။ခရမ်းချဉ်မျိုးရင်းဝင်မဟုတ်သောသီးနှံများနှင့်သီးလှည့်စိုက်ပါ။Copper ပါဝင်သော ဆေးများ၊ Mancozcb, Carbendazin, Azoxystrobin, Thiophanate methyl မှိုသတ်ဆေးများဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။
အမြစ်ပုပ်၊ပင်ခြေပုပ် ရောဂါ

(Sclerotium root rot

(wilt),Southern Blight

Sclerotium  rolfsii -အမြစ်ပုပ်၊ ပင်ခြေပုပ်၊ အပင်ညှိုးခြင်းလက္ခဏာကိုစတင်တွေ့ရှိရသည်။အပင်သေဆုံးသည်အထိအရွက်၏အရောင်ပြောင်းလဲခြင်းမရှိပေ။မြေပြင်နှင့်ကပ်လျှက်အပင်ခြေရင်းတွင်မုန်ညင်းစေ့ခန့်ရှိသောအညိုရောင်၊ အဖြူရောင် စကလိုးရှား(Sclerotium)များကိုတွေ့ရသည်။မြေကြီးထဲတွင်ရှိနေသောရောဂါဖြစ်စေသောမှိုသည်မြေတွင်းအစိုဓါတ်များပြားပါကပေါက်ပွားလာပြီးမြေပြင်နှင့်ထိစပ်နေသောပင်စည်ပိုင်းကိုတိုက်ခိုက်သည်။အဖြူရောင်မှိုမျှင်များ ကပ်နေသော ရေစိုနာကွက်ကိုအပင်ခြေရင်းတွင်တွေ့နိုင်သည်။မြေပြင်နှင့်ထိနေသောအသီးများကိုလည်းရောဂါဖြစ်စေသည်။ရောဂါဖြစ်စေသောမှိုသည်မြေကြီးထဲတွင်နှစ်ပေါင်းများစွာရှင်သန်နိုင်သည်။ အမြစ်ကို တိုက်ခိုက်သဖြင့် အပင်ညှိုးကာ သေစေသည်။ တစ်နေရာမှတစ်နေရာသို့သွင်းရေမှတဆင့်ကူးစက်သည်။ -စစိုက်သည်မှရိတ်သိမ်းချိန်အတွင်းအပင်၏မည်သည့်သက်တမ်း၌မဆိုကျရောက်သည်။ -ရောဂါကင်းသောမျိုးကိုသုံးပါ။-ရောဂါကျသောပင်ကြွင်းပင်ကျန်များအားမီးရှို့ဖျက်ဆီးပါ။

-ရောဂါရအပင်များကိုချက်ချင်းဖျက်ဆီးပစ်ရန်လိုအပ်သည်။

-ရေမဝပ်စေရန်အထူးသတိပြုဆောင်ရွက်ပါ။

-ရောဂါကွက်စတင်တွေ့ရှိပါကTebuconazole, Carbendazim, Benomyl, Hymexazol မှိုသတ်ဆေးတစ်မျိုးမျိုးအသုံးပြုပက်ဖျန်း နိုင်သည်။

 

ခရမ်းချဉ်အဝါရောင်ရွက်တွန့်ဗိုင်းရပ်(စ်)ရောဂါ(Tomato Yellow Leaf Curl) Tomato Yello Leaf Curl Virus ရောဂါတိုက်ခိုက်ခံရသောအပင်၏အရွက်နှင့်အညွန့်များကြီးထွားမှုရပ်တန့်ပြီးအပင်မှာချုံပုတ်သဏ္ဍာန်ဖြစ်သွားသည်။အရွက်များသည်အပေါ်အတွင်းဘက်သို့တွန့်လိမ်ပြီးအပင်မှာပုသွားသည်။ -စစိုက်သည်မှရိတ်သိမ်းချိန်အတွင်းအပင်၏မည်သည့်သက်တမ်း၌မဆိုကျရောက်သည်။ ရောဂါကင်းသော မျိုးကိုသုံးပါ။ ရောဂါကျသောပင်ကြွင်း၊ပင်ကျန်များအားမီးရှို့ဖျက်ဆီးပါ။ ခရမ်းချဉ်မျိုးရင်းဝင်မဟုတ်သော သီးနှံများ၊ ပဲမျိုးစုံမဟုတ်သောသီးနှံများနှင့် သီးလှည့်စိုက်ပါ။-ရောဂါရအပင်အား နှုတ်ယူဖျက်ဆီး မီးရှို့ပစ်ပါ။

-အပင်ငယ်စဉ်ကတည်းက ဗိုင်းရပ်စ်ပိုးသယ်ဆောင်ကောင် ဖြစ်သောယင်ဖြူများအား အောက်ပါဆေးများ ပက်ဖျန်းကာကွယ်ပါ။ Imidacloprid, Dimethoate, Spiromesifen

အထောက်အထားနှင့်မှတ်တမ်းများ

  • ထုတ်လုပ်သူသည်စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများနှင့်ပတ်သက်သည့်မှတ်တမ်းများကိုအနည်းဆုံး (၂) နှစ်သိမ်းဆည်းထားရမည်။
  • လုပ်သားများအတွက်မှတ်တမ်းများထားရှိရမည်။
  • လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းအတွက်သတ်မှတ်ထားသည့်မှတ်တမ်းပုံစံတွင်မှတ်တမ်းရေးသွင်းထားရမည်။

နောက်ကြောင်းပြန်စစ်ဆေးခြင်းနှင့်ပြန်လည်သိမ်းဆည်းခြင်း

  • သီးနှံစိုက်ပျိုးထုတ်လုပ်သည့်နေရာအားနောက်ကြောင်းပြန်စစ်ဆေးနိုင်ရန်အတွက်ထုပ်ပိုးပစ္စည်းများအပေါ်တွင်သိသာထင်ရှားသည့်အမှတ်အသားနှင့်မှတ်ပုံတင်အမှတ်အသားပြုလုပ်ထားရှိရမည်။
  • သီးနှံထွက်ကုန်ပစ္စည်းတစ်ခုခြင်းစီအတွက်တင်ပို့ရာဒေသနှင့်ပေးပို့သည့်ရက်စွဲကိုမှတ်တမ်းထားရှိရမည်။

သင်တန်း

ထုတ်လုပ်သူနှင့်လုပ်သားများအားမိမိတို့ဆောင်ရွက်နေသည့်လုပ်ငန်းနယ်ပယ်အလိုက်ကျွမ်းကျင်မှုနည်းပညာများရရှိစေရန်စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းသင်တန်းများတက်ရောက်ထားရမည်။ဘက်စုံသီးနှံကာကွယ်နှိမ်နင်းရေးအခြေခံသောသင်တန်းများကိုလည်းတက်ရောက်ထားသင့်ပါသည်။

 

ဆောင်ရွက်ကျင့်သုံးမှု များကိုပြန်လည် သုံးသပ်ခြင်း

  • ထုတ်လုပ်သူများအနေဖြင့်ကျင့်သုံးနေသည့်နည်းလမ်းများအားမှန်မှန်ကန်ကန်ဆောင်ရွက်ကြောင်းသေချာစေရန်အားလုံးကိုအနည်းဆုံးတစ်နှစ်တစ်ကြိမ်ပြန်လည်စစ်ဆေးရမည်။
  • တိုင်ကြားချက်များရှိပါကမိမိကိုယ်တိုင်ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ပြီးဤဆောင်ရွက်မှုများအတွက်မှတ်တမ်းများထိန်းသိမ်းထားရမည်။

တစ်ကိုယ်ရည်သန့်ရှင်းခြင်းနှင့် လုပ်သားများဘဝ သာယာဝပြောရေး

  • လုပ်ငန်းခွင်ရှိသိသာထင်ရှားသောနေရာများတွင်တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့်ပတ်သက်သည့်ညွှန်ကြားချက်များကိုရေးသားပြသထားရမည်ဖြစ်သည်။သို့မဟုတ်လုပ်သားများသိရှိအောင်ဖြန့်ဝေပေးထားရမည်။
  • မိလ္လာရေနှင့်စွန့်ပစ်အညစ်အကြေးရေများကိုအန္တရာယ်မရှိအောင်ဂရုတစိုက်စွန့်ပစ်ရမည်။
  • လုပ်သားများကျန်းမာရေးနှင့်လူမှုဘဝသာယာဝပြောရေးအလေးထားဆောင်ရွက်ပေးသင့်သည်။
  • လုပ်သမားများ၏သာယာဝပြောရေး၊ကျန်းမာရေးနှင့်ပါတ်ဝန်းကျင်ထိခိုက်မှုကိုကာကွယ်သည့်ဘေးအန္တရာယ်ကင်းရှင်းပြီးအရည်အသွေးကောင်းမွန်သောထွက်ကုန်များရရှိရန်သီးနှံအလိုက်နည်းလမ်းမှန်ကန်စွာပြုစုစောင့်ရှောက်ဆောင်ရွက်ရမည်။
  • ခရမ်းချဉ်ခင်းတွင်အလုပ်လုပ်သောလုပ်သားများသည်တစ်ကိုယ်ရေသန့်ရှင်းရေးကိုအထူးဂရုပြုရမည်ဖြစ်ပြီးကွမ်းစားသူများ၊ဆေးလိပ်သောက်သူများဖြစ်ပါကအခင်းထဲတွင်ကွမ်းစားခြင်း၊ဆေးလိပ်သောက်ခြင်းမပြုလုပ်ရပါ။

မှီငြမ်းကိုးကားချက်များ

  • ဥယျာဉ်-ဇီဝဌာနခွဲ (၂၀၁၆)၊ မြန်မာနိုင်ငံ၏စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့် ကောင်းများ ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ၊ မြန်မာ-GAP ၊ စိုက်ပျိုးရေး ဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ။
  • ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း (၂၀၀၀)၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ။
  • သီးနှံကာကွယ်ရေးဌာနခွဲ (၂၀၀၆)၊ ဟင်းသီးဟင်းရွက်တွင်ကျရောက်တတ်သော ပိုးမွှား ရောဂါနှင့်ကာကွယ်နှိမ်နှင်းနည်းများ၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ။
  • Shika Agblor and Doug Waterer(2001), Peppers Post-harvest Handling and Storage. Guide H-236၊ Department of Plant Sciences, University of Saskatchewan, Canada- Saskatchewan Irrigation Diversification Centre
  • Department of Employment, Economic Development and Innovation (2011)၊ Managing capsicum, chilli, eggfruit and tomato crops during wet weather ။
  • North American Tomato Trade Working Group ( 2007 ) , Food Safety Guidelines for the Fresh Tomato Supply Chain, Edition 1.0: A Guide to Tomato Good Agricultural Practices (T-GAP) &Tomato Best Management Practices (T-BMP)