ကျွဲကောသီး

အမည်         –       ကျွဲကောသီး

သိပ္ပံအမည်            –       Citrus grandis / C. maxima

မျိုးရင်း               –       Rutaceae

မူရင်းဒေသမှာ အရှေ့တောင်အာရှမှဖြစ်ပြီး မြန်မာနိုင်ငံသည်လည်း ကျွဲကော၏ မူရင်းဒေသတစ်ခု ဖြစ်ဖွယ်ရှိပါသည်။ မြန်မာနိုင်ငံတွင် ကျွဲကောမျိုးပေါင်း (၁၇)မျိုး ခန့်ရှိပြီး အဓိကစိုက်ပျိုးထားသောမျိုးများမှာ ပန်းရောင် ၁၊ သောင်ဒီ၊ ကျောက်စိမ်း၊ အခွံပါး၊ သကြား မျိုးတို့ဖြစ်ပါသည်။ စိုက်ပျိုးဧရိယာစုစုပေါင်း (၄၀၀၀)ဧကခန့် ရှိပါသည်။ မြန်မာနိုင်ငံ လူဦးရေနှင့် စိုက်ပျိုးဧရိယာအရ ပြည်တွင်းစားသုံးမှုခန့်သာ ရှိပါသည်။ ပြည်ပသို့  အနည်း ငယ်သာတင်ပို့နိုင်ပြီး ထိရောက်သော တင်ပို့မှုမရှိသေးပါ။ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့် ကောင်းများနှင့် ကျွဲကောသီးနှံ စိုက်ပျိုးထုတ်လုပ်မည်ဆိုပါက အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရပါမည်။

စိုက်ပျိုးမည့်မြေနေရာရွေးချယ်ခြင်း

ကျွဲကောစိုက်ပျိုးသည့်မြေမှာ မြေဆီသြဇာထက်သန်ကောင်းမွန်ပြီး စိုက်ပျိုးမြေနှင့်    အနီးပတ်ဝန်းကျင်ရှိမြေသည် ဓာတုနင့် ဇီဝဆိုင်ရာ အန္တရာယ်ရှိသည့် မြေနေရာမဖြစ်စေရ။ ကျွဲကောသီးနှံပင်များ မစိုက်ပျိုးခင်တွင် မြေကြီး၏ ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိများကို ကြိုတင်စစ်ဆေးရန် လိုအပ်သည်။ စိုက်ကွင်းမြေပုံနှင့် မှတ်တမ်းထားရှိရမည်။

ရေ

  • ကျွဲကောသီးနှံစိုက်ပျိုးရာတွင် အသုံးပြုမည့်ရေအရည်အသွေးကို ဓါတ်ခွဲစစ်ဆေးရမည်။
  • မွေးမြူရေးဇုံ၊ ဆေးရုံ၊ စက်ရုံများမှ ဖြတ်သန်းလာသောရေ၊ မြူနီစပယ်မှ စွန့်ပစ်ရေ နှင့် သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်ပေါ်နိုင်သည့် ရေများကို အသုံးမပြုရ။ (ရေဆိုး၊ ရေညစ်များကို ပြန်လည်စီရင်၍ အသုံးပြုလျှင် WHO Guideline အရ လိုက်နာအသုံးပြုရန်)။

မျိုးစေ့/ပျိုးပင်

  • ရေမြေဒေသနှင့်ကိုက်ညီပြီး ပိုးမွှားရောဂါကင်းစင်သည့် အရည်အသွေးကောင်း ကျွဲကောမျိုးများကို ရွေးချယ်စိုက်ပျိုးရပါမည်။
  • စိုက်ပျိုးမည့် ပျိုးပင်နှင့် မျိုးပွားအစိတ်အပိုင်းများ ရရှိသည့်နေရာ ရရှိသည့် အရေအတွက်နှင့် ရရှိသည့်နေ့စွဲတို့ကို မှတ်တမ်းတင်ထားရှိရပါမည်။
  • အရည်အသွေးကောင်းပြီး ရောဂါကင်းစင်သောမိခင်ပင်မှ ရယူထားသောပျိုးပင် ဖြစ်ရပါမည်။

မြေသြဇာနှင့်မြေဆီလွှာဖြည့်စွက် ပစ္စည်းများ

မြေဆီလွှာထိန်းသိမ်းခြင်း နည်းစနစ်များ၊ စီမံခန့်ခွဲအသုံးပြုသည့် နည်းစနစ်ကောင်း များသည် ပတ်ဝန်းကျင်ညစ်ညမ်းစေမှု၊ မြေဆီလွှာညစ်ညမ်းစေမှုတို့ကို လျော့နည်းစေရမည်။ ထုံးထည့်ခြင်းကို မြေဆီလွှာစစ်ဆေးမှုအပေါ် အခြေခံ၍ ထည့်သွင်းသင့်ပါသည်။

  • ကျွဲကောစိုက်ပျိုးရာတွင် အသုံးပြုသည့်မြေသြဇာ (သို့မဟုတ်) မြေဆီလွှာဖြည့်စွက် ပစ္စည်းများတွင် အန္တရာယ်ဖြစ်စေသော ဓါတုနှင့် ဇီဝဆိုင်ရာပစ္စည်းများ ပါဝင်ခြင်း မရှိစေရပါ။
  • သဘာဝမြေသြဇာများအား ကောင်းစွာဆွေးမြေ့အောင် ဆောင်ရွက်ပြီးမှ အသုံးပြု ရပါမည်။
  • မြေသြဇာ (သို့မဟုတ်) မြေဆီလွှာဖြည့်စွက်ပစ္စည်းများ ရောနှောခြင်းနှင့်  သိုလှောင် ခြင်း၊ အော်ဂဲနစ်ပစ္စည်းများ ဆွေးမြေ့စေရန် ဆောင်ရွက်ခြင်းတို့ကို မြေနှင့်ရေ အရင်းအမြစ် သန့်ရှင်းမှုထိခိုက်စေသော နေရာများတွင် မပြုလုပ်ရပါ။
  • မြေသြဇာ (သို့မဟုတ်) မြေဆီလွှာဖြည့်စွက်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် မှတ်ပုံတင်ထားသော ပစ္စည်းများဖြစ်ရမည့်အပြင် မှတ်တမ်းများထားရှိရမည်။
  • တိရိစ္ဆာန်အညစ်အကြေးပုံများကို မြစ်ချောင်းများ၊ ရေသိုလှောင်ကန်များနှင့်  ဝေးရာတွင် ထားသင့်ပါသည်။

စိုက်ပျိုရေးသုံး ဓါတုဆေးများနှင့် အခြားဓါတုပစ္စည်းများ

  • ဓါတုဆေးများအသုံးပြုမှု အနည်းဆုံးဖြစ်စေရန် ဘက်စုံပိုးမွှားကာကွယ်ရေး  နည်းစနစ်များကို အသုံးပြုရပါမည်။
  • ပိုးသတ်ဆေးဥပဒေ၊ မြေသြဇာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပတ်ဝန်းကျင် ညစ်ညမ်းခြင်းနှင့် လူသားတို့၏ကျန်းမာရေးထိခိုက်မှုများ မဖြစ်စေရန် အထူး ဂရုပြုရပါမည်။
  • ဓါတုဆေးများကို အသုံးပြုရန်လိုအပ်ပါက တရားဝင်အသိအမှတ်ပြု မှတ်ပုံတင် ထားသည့် ဓါတုဆေးများကိုသာ အသုံးပြုရပါမည်။
  • ဆေးဖျန်းပြီးနောက် မရိတ်သိမ်းမီ စောင့်ဆိုင်းရမည့် ကာလအပိုင်းအခြားကို   အတိအကျ လိုက်နာရပါမည်။
  • ပိုးသတ်ဆေး စနစ်တကျ ကိုင်တွယ်သုံးစွဲနည်းများကို သိရှိနားလည်ထားရမည်။
  • ဓါတုဆေးများ ဝယ်ယူ၊ သိုလှောင်၊ သုံးစွဲမှု၊ အသုံးချမှုနှင့် စွန့်ပစ်မှုတို့ကို စနစ်တကျဆောင်ရွက်၍ မှတ်တမ်းများ ထားရှိရပါမည်။
  • လောင်စာဆီ၊ ချောဆီနှင့် အခြားသော စိုက်ပျိုးရေးသုံးမဟုတ်သည့် ဓါတုဆေး များကို သီးနှံများညစ်ညမ်းမှုအန္တရာယ် အနည်းဆုံးဖြစ်စေရန် ကိုင်တွယ်အသုံးပြု ခြင်း၊ သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်းတို့ကို ပြုလုပ်ရပါမည်။

အပင်ပြုစု စောင့်ရှောက်ခြင်း

အရည်အသွေးကောင်း ကျွဲကောစိုက်ပျိုးရန် အောက်ဖော်ပြပါနည်းလမ်းများကို လိုက်နာ ဆောင်ရွက်သင့်သည်။

၆-၁။  မြေအနေအထားနှင့်ရာသီဥတု
  • ကျွဲကောစိုက်ပျိုးမည့်မြေသည် မြေသားကောင်းမွန်ပြီး ရေစိမ့်ဝင် စီးဆင်းမှု      ကောင်းသောမြေ၊ မြေအောက်ရေမျက်နှာပြင်အနက် အနည်းဆုံး (၄) ပေခန့် ရှိသင့် ပါသည်။
  • ကျွဲကောသီးနှံသည် ပူအိုက်စွတ်စိုသော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး ပျမ်းမျှအပူ ချိန် (၂၅-၃၀)°C နှင့် မိုးရေချိန် (၁၀၀)လက်မခန့် ရွာသွန်းသော ဒေသများတွင် ပိုမို ဖြစ်ထွန်းပါသည်။
  • ရေထုတ်မြောင်းစနစ်များ မပြုလုပ်နိုင်သောနေရာ၊ ပင်ခြေရင်း ကြာရှည် ရေဝပ် နိုင်သော မြေမျိုးကို ရှောင်ရှားသင့်ပါသည်။
၆-၂။  မြေပြုပြင်ခြင်း

ကျွဲကောခြံအဖြစ် စတင်စိုက်ပျိုးမည်ဆိုပါက ကျွဲကောစိုက်ပျိုးမည့်မြေနေရာကို မိုးမကျမီ (မတ်-ဧပြီ) လမှ စတင်၍  ပြုပြင်မှုများပြုလုပ်ရမည်။ မြေအစောင်းဆင်ခြေ      လျှောကိုကြည့်၍ ရေသွင်း၊ ရေနှုတ်မြောင်းများ ကြိုတင်တူးထားရပါမည်။ လေကာပင်များကို လည်းစိုက်ပျိုးထားရမည်။ မြေအနေအထား၊ မြေအမျိုးအစားနှင့် အလင်းရောင် ရရှိမှုအပေါ် မူတည်၍ လေဝင်၊ လေထွက်ကောင်းစေရန် သင့်လျှော်သော ပင်ကြား၊ တန်းကြားတို့ဖြင့် စိုက်ပျိုးကြသည်။

  • ပင်ကြား၊ တန်းကြား ပေ ၂၀ နှင့် စိုက်ပျိုးလျှင် တစ်ဧကအပင် (၁၀၈)ပင် ဝင်ဆံ့ပါသည်။ ပင်ကြား၊ တန်းကြား ၂၀ ပေ ´ ၂၅ ပေ နှင့်စိုက်ပျိုးလျှင် တစ်ဧက အပင် (၈၇)ပင် ဝင်ဆံ့ပါသည်။
  • ပန္နက်ရိုက်သည့်နေရာတွင် (၂)ပေ ပတ်လည် ကျင်းတူးပြီး နွားချေး (၁) တင်း၊ ကျောက်မှုန့် (၁.၅)ကီလိုခန့် ၊ နေရာဒေသပေါ်မူတည်၍ ထုံး(၀.၅ ကီလို ဂရမ်) ရော၍ ကျင်းအတွင်းထည့်ကာ အပေါ်ယံမြေသားကို ကျင်းထဲသို့ ပြန်ဖြည့်ပေးရ ပါမည်။
  • ရေလောင်းကာ (၂-၄)ပတ်ခန့်ကြာ နှပ်ထားသင့်ပါသည်။
  • မိုးဦးကျ မိုးတစ်ကြိမ် နှစ်ကြိမ်ရွာပြီးချိန်တွင် အပင်များချ၍ စိုက်ပျိုးရပါမည်။ စိုက်ပျိုးချိန်တွင် မြေအောင်းအင်းဆက်များဖြစ်သော ခြ၊ ပုရွက်ဆိတ်တို့၏ ဖျက်ဆီးခြင်းမှ ကာကွယ်ရန် မြေအောင်းပိုးသတ် ဆေးတစ်မျိုးမျိုးကို အသုံးပြု    ရပါမည်။ အပင်ကို မြေချစိုက်ပြီးအစတွင် နေအပူရှိန်နှင့် လေပြင်းဒဏ်မှ ကာကွယ်ရန် အကာအကွယ် ပြုလုပ်ပေးရန် လိုအပ်ပါသည်။
  • ပြောင်းရွှေ့စတွင် ပြောင်းရွှေ့ဒဏ်ခံနိုင်စေရန် ညနေပိုင်းတွင်သာ မြေချစိုက်ပျိုး သင့်ပါသည်။
  • အပင်စိပ်စိပ်စိုက်ပျိုးလိုပါက မှန်ကန်သော အပင်ပုံသွင်းနည်းစနစ်ကို လိုက်နာ ဆောင်ရွက်ရပါမည်။

–   စိုက်ပျိုးပြီးအပင်ငယ်အား ရာသီဥတုဒဏ်ကြောင့် ယိမ်းယိုင်လှုပ်ရှားခြင်း မရှိစေရန် ထိန်းတိုင်တစ်တိုင်ဖြင့် ကပ်ချည် ထိန်းပေးရပါမည်။

၆-၃။ အပင်ကိုင်းဖြတ်ပုံသွင်းခြင်း
  • အပင်ပုံသွင်းခြင်းဆိုသည်မှာ အပင်ပိုင်းကြီးထွားခြင်းနှင့် ပုံမှန်သီးထွက်နှုန်းရရှိ နိုင်ခြင်းတို့ကို ဟန်ချက်ညီစေရန် လိုအပ်သည့်ပုံစံအတိုင်း ပုံသွင်းခြင်း ဖြစ်သည်။
  • ကျွဲကောသီးနှံအတွက် ပင်ကြား၊ တန်းကြား အကွာအဝေးနှင့် သဟဇာတဖြစ်စေရန် အပင်(ကိုင်းဖြတ်) ပုံသွင်းခြင်းဖြင့် အပင်၏ ကြီးထွားခြင်းကို လျော့ချသင့်ပါသည်။
  • အပင်ငယ်စဉ် စစိုက်ပြီး (၆)လသားခန့်ကစ၍ မြေပြင်အထက် ၁ပေ-၁ပေခွဲ ခန့်မှစ၍ သန်မာသောကိုင်း (၃)ကိုင်းထား မွေးမြူသောစနစ်ကို ကျင့်သုံးသင့်ပါသည်။
  • အသီးသီးသော အပင်ကြီးများတွင် အသီးဆွတ်ခူးပြီးတိုင်း တစ်နှစ်လျှင်တစ်ကြိမ် အောက်ပါကိုင်းများဖြတ်ခြင်းကို ဆောင်ရွက်သင့်ပါသည်
  1. မကောင်းသောကိုင်းများ
  2. ရှုပ်ထွေးနေသောကိုင်းများ
  3. ပုံပျက်နေသောကိုင်းများ
  4. အင်းဆက်ပိုးများကြောင့် ပျက်စီးနေသောကိုင်းများ
  5. မြေကြီးနှင့်နီးသော ကိုင်းများ၊ ပင်စည်တစ်ဝိုက်ရှိ ကိုင်းသေးများကို ဖယ်ရှားပါ။
၆-၄။  မြေသြဇာကျွေးခြင်း

ကျွဲကောသီးနှံ ရေရှည်စိုက်ပျိုးထုတ်လုပ်မှုအတွက် မြေဆီသြဇာ ထက်သန်မှုနှင့်      မြေအမျိုးအစားအမျိုးမျိုးတွင် သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ (၂)မျိုးလုံးထည့်ရန် လိုအပ်သည်။ အရွယ်ရောက် အပင်များ ဓာတ်မြေသြဇာကျွေးရာတွင် အောက်ဖော်ပြပါ အတိုင်း  သုံးကြိမ် ခွဲ၍ (၁) ပင်လျှင် (၂) ကီလိုဂရမ် နှုန်းနှင့် စုစုပေါင်း (၆ကီလို/အပင်/ တစ်နှစ်)နှုန်းဖြင့် ကျွေးပါသည်။

  • ပထမအကြိမ်ကို (၁၆:၁၆:၁၆) သို့မဟုတ် (၁၅:၁၅:၁၅) ဓာတ်မြေသြဇာအား အသီးခူးဆွတ်ပြီး အကိုင်းဖြတ်ပြီးချိန်တွင် သွင်းရေနှင့် အတူလည်းကောင်း၊
  • ဒုတိယအကြိမ်ကို (၁၆:၁၆:၁၆) သို့မဟုတ် (၁၅:၁၅:၁၅) ဓာတ်မြေသြဇာအား အသီးအရွယ်အစား သံပုရာသီးအရွယ် ရှိသော အသီးငယ်အဆင့် (Young Fruiting Stage) တွင်လည်းကောင်း၊
  • တတိယအကြိမ်ကို ပိုတက်ရှ် အချိုးများသော မြေသြဇာ (သို့မဟုတ်) ပိုတက်ရှ်အား အသီး အရည်အသွေးကောင်းမွန်လာစေရန်  ဇွန်လနှောင်းပိုင်း အသီးမခူးမီ (၂) လ အလိုတွင်လည်းကောင်း ကျွေးသင့် ပါသည်။

ပေးသင့်ပါသည်။ နွားချေးဆွေး၊ မြေဆွေး၊ သစ်ရွက်ဆွေးများကို တစ်ပင်လျှင် အနည်းဆုံး (၅၀)ကီလိုဂရမ် နှုန်းဖြင့် အသီးခူးဆွတ်ပြီးချိန်တိုင်း မြေဆီသြဇာကောင်းမွန်လာစေရန် ထည့်သွင်းပေးသင့်ပါသည်။ ကျွေးလိုက်သောမြေသြဇာ အကျိုးသက်ရောက်မှုရှိစေရန် အပင်အရိပ်အဝန်းအပေါ် မူတည်၍ ပင်စည်မှ ၃ပေ -၆ပေခန့်အကွာတွင် (၁၀) လက်မ အကျယ်၊ အနက်(၁၀-၁၂)လက်မခန့် မြောင်းဖော်ကျွေးခြင်းဖြင့်လည်းကောင်း၊ ရွက်ဖျန်း မြေသြဇာများကို ရွက်နုထွက်ချိန်တိုင်း၌ ပက်ဖျန်းပေးသင့်ပါသည်။ အနည်းလို အာဟာရ ဓာတ်များအနေဖြင့် မဂ္ဂနီစီယမ်(Mg)၊ ဇင့်(Zn)၊ မင်းဂနိ (Mn)၊ သံဓာတ်(Fe)၊ ကြေးနီဓာတ်(Cu) နှင့် ဘိုရွန်(Bo) တို့လိုအပ်သည်။

၆-၅။  ရေသွင်းခြင်း

မိုးရာသီတွင် ကြားကာလမိုးပြတ်၍ ခြောက်သွေ့မှသာ ရေပေးသွင်းရန် လိုအပ် ပါသည်။ ပန်းပွင့်ကြွေကျခြင်းကို ကာကွယ်ရန် ပန်းမပွင့်မီနှင့် ပန်းစပွင့်သည့်အဆင့်မှ အသီးကင်း ဖြစ်ပေါ်သည်အထိ အနည်းဆုံး (၃)ရက် တစ်ကြိမ် ရေသွင်းသင့်ပါသည်။ အသီးကင်းအဆင့် (သံပုရာသီး) အရွယ်တွင် ရေပေးသွင်းသည့် အကြိမ်ရေကို လျော့ချ နိုင်သည်။ သီးထွက်ကို ပုံမှန်အချိန်တွင် ယူမည်ဆိုပါက အောက်ပါအတိုင်း ရေသွင်းပေးသင့် ပါသည်။

(၁)    အပင်ပိုင်းဆိုင်ရာကြီးထွားမှုကာလအတွင်း ကျွဲကောပင်မှာ ရေအမြောက်အများ လိုအပ်သည်။

(၂)    ပန်းပွင့်စဉ်နှင့် အသီးကင်းဝင်ချိန် အဆင့်များတွင် ​ရေလိုအပ်မှုများပါသည်။ သို့ရာတွင် ရေပေးသွင်းသည့် ပမာဏကို တဖြည်းဖြည်းချင်းတိုး၍ သွင်းပေးသင့် ပါသည်။ ရေမလုံလောက်ပါက ပန်းပွင့်နှင်အသီးကင်းများ ကြွေကျခြင်း (သို့) အသီးဖွံ့ဖြိုးမှု ရပ်တန့်ခြင်း ဖြစ်စေနိုင်သည်။ ထို့ကြောင့် (၃) ရက်ခြားတစ်ကြိမ် ရေသွင်းပေးသင့်ပါသည်။

(၃)    ကျွဲကောပင်ကို ကြာရှည်စွာ ရေငတ်ခံထားပါက ပထမ မြေစိုရုံ   အနေဖြင့်သာ ရေသွင်းပေးပြီး တစ်နေ့လျှင် နည်းနည်းချင်း ရေပိုသွင်းပေးသင့်ပါသည်။

(၄)   ကျွဲကောပင်အားလုံးကို တစ်ချိန်တည်းပန်းပွင့်ရန် ရေဖြတ်ပေးပြီး ရေငတ်သည့် ဖိစီးမှု ခံစားစေခြင်းဖြင့်လည်း လိုအပ်သည့်အချိန်တွင် ပန်းပွင့်အောင် ဆောင်ရွက် နိုင်ပါသည်။ ရေငတ်သည့်ဖိစီးမှုကြောင့် အပင်တွင် ကစီဓာတ်များတိုးလာပြီး အပွင့်၊ အဖူး ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေနိုင်သည်။ ဤနည်းဖြင့် စျေးအမြင့်ဆုံး ရသည့် ကာလအတွင်းတွင် သီးထွက်အမြင့်ဆုံးရရန် ဆောင်ရွက်နိုင်ပါသည်။

အရည်အသွေးကောင်းနှင့် အထွက်နှုန်းကောင်းသော ကျွဲကောသီးများရရှိရန်အတွက်  ကျွဲကောပင်၏ ဇီဝကမ္မဖြစ်စဉ်အလိုက် ပြုစုပုံအဆင့်ဆင့်

အပင်နားနေချိန်ကာလသည် ကျွဲကောပင်များပေါ်၌ အသီးများရှိနေသော်လည်း အသီးများအတွင်း အစာရေစာဖြည့်တင်းခြင်း ရပ်ဆိုင်း၍ အရွက်များအနေဖြင့်လည်း အရွက်ရင့်များသာရှိနေပါသည်။  ဒီဇင်ဘာလအတွင်း အရွက်များ ချွေသော ကာလဖြစ်ပါ သည်။ ကျွဲကောပင်များ အရွက်ချွေခြင်းမှာလည်း အခြားအရွက်ကြွေပင်များကဲ့သို့ တစ်ပင်လုံးကြွေခြင်း မဟုတ်ဘဲ သီးကိုင်းများသာ အရွက်ကြွေလေ့ရှိပြီး၊ အပင်ကိုင်းများ အနေဖြင့် အရွက်ပေါ်အောင် ကြွေလေ့မရှိပါ။

ဆောင်ရွက်ရမည့်လုပ်ငန်းများ
  • မလိုလားအပ်သော ကိုင်းပိုကိုင်းတက်များ ဖြတ်တောက်ခြင်း၊ ကျီးပေါင်းများ ဖဲ့ခြင်းနှင့် အပင်ပုံသွင်း ပြုပြင်ခြင်းများကို ဆောင်ရွက်သင့်သည်။
  • အပင်၏အရွယ်နှင့် သက်တမ်းကိုလိုက်၍ အမြစ်ဖြတ် အစာမြောင်းများ တူးခြင်း နှင့်
  • တစ်ချိန်တည်းမှာပင် ရေ၀ပ်ကျင်းများနှင့် ရေမြောင်းများ အပြီး ပြင်ဆင်သင့် ပါသည်။
  • အစာမြောင်းများအတွင်း သဘာ၀မြေသြဇာနှင့် ဓာတ်မြေသြဇာတို့ကို သတ်မှတ်နှုန်းထားများအတိုင်း ထည့်သွင်းခြင်းနှင့်
  • ရေပေးသွင်းခြင်းလုပ်ငန်းကို ဆောင်ရွက်သင့်ပါသည်။
ရွက်နုတိုးချိန်

        အရွက်ကြွေထားသော အကိုင်းများမှ (Vegetative Bud) များ စတင်နိုးကြားချိန် ဖြစ်ပါသည်။ ရွက်ဖူးများနှင့်အတူ ပွင့်ဖူးများလည်း တစ်ပြိုင်တည်းပါလာမည်ဖြစ်၍ အပင်၏ အသီးထွက်နှုန်းအတွက် အလွန်အရေးကြီးသောအချိန် ဖြစ်ပါသည်။

ဆောင်ရွက်ရမည့်လုပ်ငန်းများ
  • ရွက်နုထိုးချိန်တွင် မွှားပင့်ကူနီ၊ Scale insect များ ကျရောက်တတ်ခြင်းနှင့်  ရွက်နုစုံချိန်တွင် ရွက်ထွင်းပိုးများ ကျရောက်တတ်သဖြင့် ကာကွယ်နိမ်နင်းရန် လိုအပ်ပါသည်။
  • အနည်းလိုအာဟာရများပါသော ရွက်ဖျန်းမြေသြဇာများ ဖျန်းပေးခြင်းနှင့်
  • အပင်အရွယ်အစားနှင့် မြေအနေအထားပေါ် မူတည်၍ ရေသွင်းခြင်းအား     (၃) ရက်တစ်ကြိမ်ခန့် သွင်းပေးသင့်ပါသည်။
ပန်းပွင့်ချိန်

အစိမ်းရောင်ပန်းဖူးမှ အဖြူရောင်ပန်းပွင့်အထိ (၁၄)ရက်ခန့်ကြာပြီး အပွင့်မှ ပွင့်ဖတ် ကြွေ၍ သီးကင်းစတင်ချိန်ထိ တစ်ပတ်ခန့်ကြာသည်။

ဆောင်ရွက်ရမည့်လုပ်ငန်းများ
  • ပွင့်ညှာ၊ သီးညှာ ခိုင်ခံ့စေသည့် နီကယ်ပါသော ရွက်ဖျန်းမြေသြဇာများကို ပက်ဖျန်းခြင်းနှင့်
  • ရေစိုဓာတ်မပျက်စေရန် ဂရုစိုက်သင့်ပါသည်။
သီးကင်း၀င်ချိန်

အပင်ပေါ်၌ ကျွဲကောငယ်များ ဇီးကင်းခန့် အရွယ်မှ သံပုရာသီးအရွယ်ထိ ရှိနေပြီး မျိုးကွဲအလိုက် ခွံပါး၊ သောင်ဒီမျိုးများအနေဖြင့် တစ်လုံးချင်း သီးတတ်သော်လည်း ကျောက်စိမ်း၊ ပန်းရောင်(၁)မျိုးများမှာ အတွဲလိုက် သီးတတ်သည်။

ဆောင်ရွက်ရမည့်လုပ်ငန်းများ
  • (၁၅:၁၅:၁၅) ဓာတ်မြေသြဇာကို သတ်မှတ်နှုန်းထားအတိုင်း ဒုတိယအကြိမ် ကျွေးပေးသင့်ပါသည်။
  • အသီးငယ်များပေါ်တွင် ထွင်းပိုးများကျရောက်ပါက အသီးပုံပျက်တတ်၍ ကာကွယ်ရန်  လိုအပ်ပါသည်။
  • ရွက်ဖျန်းမြေသြဇာများကို ပက်ဖျန်းပေးခြင်းနှင့်
  • အသီး တင်းနစ်ဘောလုံးအရွယ်ခန့်တွင် အသီးညှာ၏ ခိုင်ခံ့မှုပေါ်တွင် မူတည် ၍ အသီးခိုင်တစ်ညှာတွင် တစ်လုံးမှ နှစ်လုံးခန့်သာထားပြီး အသီးများသော အခိုင်များအား မဖြစ်မနေ ချွေပေးသင့်သည်။ သို့မှသာ အသီးလှပမှုနှင့် သင့်တော်သော အရွယ်အစား ရရှိမည်ဖြစ်ပါသည်။
  • ရေသွင်းခြင်းအား မိုးမှန်သည်အထိ ဂရုစိုက်ဆောင်ရွက်ခြင်းနှင့်
  • ပေါင်းမြက်များအား ရှင်းလင်းပေးသင့်ပါသည်။
အသီးကြီးထွားချိန်

ဤအချိန်သည် ကျွဲကောပင်များမှ အသီးများအတွင်းသို့ အစာရေစာ ဖြည့်သွင်းချိန် ကာလဖြစ်သည်။

ဆောင်ရွက်ရမည့်လုပ်ငန်းများ
  • ဓာတ်မြေသြဇာကို တတိယအကြိမ်အဖြစ် သတ်မှတ်နှုန်းထားအတိုင်း      ကျွေးပေးသင့်ပါသည်။
  • အနည်းလိုအာဟာရဓာတ်များပါဝင်သည့် (၁၀:၅၂:၁၇) ကဲ့သို့သော ရွက်ဖျန်း မြေသြဇာများ ပက်ဖျန်းပေးခြင်းနှင့်
  • မှိုရောဂါများကျရောက်တတ်၍ သတိထားကာကွယ်ပေးသင့်ပါသည်။
  • အသီးကြီးထွားလာပြီး အသီးကိုင်းများ ကျိုးကျတတ်သောကြောင့် အသီး ကိုင်းထောက်ခြင်းလုပ်ငန်းအား မဖြစ်မနေ ဆောင်ရွက်သင့်ပါသည်။
  • သီးထိုးယင်နှင့် သီးလုံးဖောက်ပိုးများ ကျရောက်တတ်သောကြောင့် အသီး    (၄ – ၅) လသားအရွယ်ခန့်တွင် အသီးအိတ်စွပ်ခြင်းလုပ်ငန်းအား မဖြစ်မနေ လုပ်ဆောင်ပေးခြင်းဖြင့် သီးထိုးယင်အန္တရာယ်မှ ကာကွယ်ပေးသည့်အပြင် နေလောင်ဒဏ်မှပါ ကာကွယ်ပေးနိုင်ပြီး အသီးအရောင် ပိုမိုလှပလာမည် ဖြစ်ပါသည်။
အသီးရင့်မှည့်ချိန်

ကျွဲကောမျိုးကွဲအလိုက် အသီးရင့်မှည့်ချိန် အနည်းငယ် ကွာခြားမှုရှိပါသည်။ သောင်ဒီ မျိုးသည် ၇လခွဲနှင့် အစောဆုံးရင့်မှည့်ပြီး ပန်းရောင်(၁)နှင့် ကျောက်စိမ်းမျိုးတို့ မှာ (၈)လမှ (၉)လအထိ ကြာတတ်သည်။

ဆောင်ရွက်ရမည့်လုပ်ငန်းများ
  • အသီးများကို ဒဏ်ရာအနာတရမဖြစ်အောင် ပိုက်ခြင်းများဖြင့် ခူးဆွတ်သင့် ပါသည်။
  • ဤအချိန်၌ ဓါတုပိုး/ မှိုသတ်ဆေးများပက်ဖျန်းခြင်း လုံး၀မပြုလုပ်ရပါ။ တမာ ပိုးသတ်ဆေးကဲ့သို့သော လူနှင့်တိရစ္ဆာန်များအား အန္တရာယ်မဖြစ်စေသည့် ပိုးသတ်ဆေးများကိုသာ သုံးသင့်သည်။
  • ရင့်မှည့်ချိန် ကာလအတွင်းသာ ခူးဆွတ်ရမည်။ သို့မှသာ အသီးအရည်အသွေး ပြည့်၀ကောင်းမွန်မည်ဖြစ်ပြီး ရင့်မှည့်ချိန်ကျော်လွန်ပါက အသားခြောက်သွေ့ တတ်သည်။
  • ကျွဲကောသီးနှံသည် ခူးဆွတ်ပြီးပါက အခန်းအပူချိန်တွင် အနည်းဆုံး          (၂)ပတ်ခန့် ထားသိုနိုင်ပြီး ၁၂°- ၁၅°C နှင့် ၉၅% စိုထိုင်းဆရှိသော အခြေအနေတွင် ၄ ပတ် မှ ၆ ပတ်ထိ ထားသိုနိုင်သည်။

၆-၆။  ပိုးသတ်ဆေးအသုံးပြုခြင်း

စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများကို လိုက်နာဆောင်ရွက်ရာတွင် နိုင်ငံ၏ ဥပဒေအရ အသိအမှတ်ပြု မှတ်ပုံတင်သွင်းထားသည့် ပိုးသတ်ဆေးများကိုသာ အသုံးပြုရ ပါမည်။

  • ဘက်စုံသီးနှံကာကွယ်ရေး (IPM) စနစ်များကို ဆောင်ရွက်ရပါမည်။ ကျွဲကော သီးနှံတွင် ရောဂါမကျရောက်စေရန် ကြိုတင်ကာကွယ်ခြင်းမှာ ပို၍ကောင်းမွန် ပါသည်။ လိုအပ်မှသာလျှင် ဓာတုပိုးသတ်ဆေးများ အသုံးပြုသင့်ပါသည်။
ကျွဲကောသီးနှံတွင်အဓိကကျရောက်သောပိုးမွှားများ
စဉ် ဖျက်ပိုးအမည် သိပ္ပံအမည် လက္ခဏာရပ် ကျရောက်ချိန် ကာကွယ်နှိမ်နင်းနည်း
၁။ ရွက်ထွင်းပိုး Phyllocnistis citrella အရွက်မျက်နှာပြင်ပေါ်တွင်လောက်ကောင် ဝင်ရောက်ထွင်းစားထားသော လမ်းကြောင်းအား တွေ့နိုင်သည်။ အရွက် များအကွက် ဖြစ်၍ ပုံသဏ္ဍာန်မမှန်ခြင်း အရွက်ကြွေခြင်းများ ဖြစ်ပေါ်နိုင်သည်။

 

ပင်ပိုင်းကြီးထွားမှု တစ်လျောက် ကျရောက်

နိုင်ပါသည်။

ပေါင်းမြက်များအားရှင်းလင်းပါ။ ပင်လုံးပြန့်အာနိသင်ရှိသော ပိုးသတ်ဆေးတစ်မျိုးမျိုး ပက်ဖျန်းပါ။
၂။ အကြေးပိုး Chrysonphalus dictyospermi &

Chrysonphalus aonidum

အပင်နှင့် အသီးကြီးထွားမှု ထိခိုက်ခြင်း၊ အသီးများ ပုံသဏ္ဍာန်မမှန်ခြင်းတို့ကြောင့် စျေးကွက်ကို ထိခိုက်နိုင်ပါသည်။ အရွက် များအရောင်ပြောင်းခြင်း၊အရွက်ကြွေခြင်း၊ ကိုင်းဖျားများခြောက်၍ ကြွေကျခြင်းများ ဖြစ်ပေါ်မည်။ ပျိုးပင်ပေါက်အချိန်မှ ခူးဆွတ်ပြီးနောက်ပိုင်းထိ ကျရောက် နိုင်ပါသည်။

 

 

 

 

ကင်းထောက်ပါ။ အပင်ကြဲကြဲ စိုက်ခြင်း၊ ကိုင်းခုတ်ခြင်းများ ပြုလုပ်ပါ။ ပင်လုံးပြန့် ပိုးသတ် ဆေး တစ်မျိုးမျိုးအား ပက်ဖျန်း ပါ။အကြေးပိုးများအား

ခြစ်ထုတ်ခြင်း၊ပွတ်တိုက်ဖယ်ရှား ခြင်းများ ပြုလုပ်ပါ။

 

၃။ ပျပိုး Aphis gossypii အပွင့်များ၊အရွက်များပုံသဏ္ဍာန်မမှန်ခြင်း၊ အရောင်ပြောင်း၍ညိုးသွားခြင်းနှင့်ကြပ်ခိုး မှိုများ ဖြစ်ပေါ်စေနိုင်သည်။ ပင်ပိုင်း ကြီးထွားမှု နှေးကွေးပြီး အပင်များပု၍ သေးကွေးခြင်း ဖြစ်ပေါ်မည်။

ပန်းပွင့်ချိန်၊ အသီးသီးချိန် နှင့် ပင်ပိုင်းကြီးထွားချိန် တစ်လျောက်ကျရောက်         နိုင်ပါသည်။

 

အပင်များအား လေဝင်လေထွက် ကောင်းစေရန် ကိုင်းခုတ်/ ကိုင်း ဖြတ်ခြင်းများပြုလုပ်ပါ။      ပင်လုံးပြန့်အာနိသင်ရှိသော ပိုးသတ်ဆေးတစ်မျိုးမျိုး

ပက်ဖျန်းပါ။

၄။ သီးထိုးယင် Bactrocera spp. ယင်မသည် ဥထိုးတံဖြင့် ကျွဲကောသီး အမှည့်များပေါ်တွင် အချိုင့်လေးများ ပြုလုပ်ကာ ဥအုလေ့ ရှိသည်။ လောက်ကောင်သည် အသီးအတွင်း ဝင်ရောက် နေထိုင် စားသောက်သော ကြောင့် အသီးများ အရောင်ပျက်ခြင်း၊ အနာကွက်များဖြစ်ပေါ်ခြင်း၊ အသီးပုံ ပြောင်းလာခြင်း၊ အက်ကွဲခြင်း၊ ပြုတ်ကျ ခြင်းများ ဖြစ်ပေါ်ကာ ၄င်းအနာများမှ တစ်ဆင့် မှို၊ ဘက်တီးရီးယားများ ဝင်ရောက်ကာ အသီးများ ပုပ်စေပါသည်။ အသီးပုပ်များ အတွင်းတွင် အဖြူရောင် လောက်ကောင်ငယ်များအား တွေ့ရသည်။ အသီးသီးချိန်တွင်ကျရောက်နိုင် ပါသည်။ ရုပ်ဖုံးများမြေကြီးအတွင်း ဆက်လက် နေထိုင်နိုင်သဖြင့် မြေဆွခြင်း၊ မြေပြုပြင်ခြင်းများ ပြုလုပ်ပါ။ ကြွေကျ အသီးများကို ၁ပေခွဲ-၂ပေခန့် ကျင်းတူး၍ မြေမြှုပ် ဖျက်ဆီးပါ။ သီးထိုးယင် ဦးရေအား ကင်းထောက်ရန် မီသိုင်းယူဂျီနောဆေး

ထောင်ချောက်ကို တစ်ဧကလျှင် (၅)ခု နှုန်း တပ်ဆင်ပါ။ ပန်း စတင်ပွင့်ချိန်မှ      (၄-၆) လ အတွင်း အိတ်စွပ်ပါ။ အိတ် မစွပ်ခင် (၂-၃)ရက် ကြိုတင်၍ ထိသေစားသေအာနိသင်ရှိ ပိုးသတ်ဆေးတမျိုးမျိုးကို အညွှန်းအတိုင်း ပက်ဖျန်းပါ။

 

၅။ ပင်စည်ထိုး ကျိုင်း Anoplophora     chinensis ပင်စည်တွင်းသို့ အပေါက်ဖောက်၍ ဝင်ရောက်စားသောက်မှုကြောင့် အစာကြောစည်း ရေကြောစည်းများ ပျက်၍ အကိုင်းများ ကျိုးကျခြင်းနှင့် ဆိုးဝါးစွာ ကျရောက်ပါက အပင် သေသည် အထိ ဖြစ်နိုင်ပါသည်။ ပင်စည်တွင်းသို့ ပိုးကောင်ဝင်သွားသောအပေါက်ပတ်လည် တွင် ပိုးချေးများကို တွေ့ရှိရပါမည်။ ပင်ပိုင်းကြီးထွားမှု တစ်လျောက် ကျရောက်

နိုင်ပါသည်။

ပင်စည်တွင်းသို့ အဆိပ်ငွေ့ အာနိသင်ရှိသော ပိုးသတ်ဆေး ထည့်သွင်းခြင်း၊ အပင်ခြေသို့ ပိုးသတ်ဆေး ထည့်ခြင်း ပြုလုပ် ပါ။
ကျွဲကောတွင်ကျရောက်သောရောဂါများ
စဉ် ရောဂါအမည် ရောဂါဖြစ်စေသော သက်ရှိ ရောဂါလက္ခဏာရပ် ကျရောက်မှု ကာကွယ်နှိမ်နင်းနည်း
၁။ ကြပ်ခိုးမှို

(Sooty mould)

Capnodium  citri အရွက်များ၊ အကိုင်းများနှင့် အသီး အညှာတွင် အမဲရောင် ကြပ်ခိုးမှိုများ တွေ့ရသည်။ အကြေးပိုးကျပြီးနောက် ၎င်းမှစစ်ထုတ်သော အချိုရည်ကြောင့် ကြပ်ခိုးမှို ကျရောက်စေသည်။ မိုးဦး၊ မိုးနှောင်းတွင် ရောဂါ အကျများသည်။ အပင် ကြီးထွားချိန်တွင် အရွက်မှ အသီးသို့ ရောဂါ ကူးစက် ကျရောက်တတ် သည်။

 

ဆပ်ပြာရည် (သို့) ရေဖြင့် အပင်ပေါ်သို့ ပက်ဖျန်းခြင်းဖြင့် ကာကွယ်နိုင်သည်။ အခြားရောဂါအတွက် အသုံးပြုသော   ဆေးများသည် ၎င်းရောဂါအတွက် ထိရောက်သည်။ စိုက်ခင်းသန့်ရှင်းရေးကို ဂရုတစိုက် ဆောင်ရွက်ပါ။
၂။ မှဲ့ပြောက်စွန်း

(Anthracnose)

Glomerella cingulata အသီးနှင့် အရွက်များပေါ်တွင် အစက် အပြောက်များတွေ့ရပြီးနောက်တွင် အသီးများကြွေကျသွားသည်။ အရွက်တွင် ရေစိုနာကွက်တွေ့ရပြီး တဖြည်းဖြည်းကြီးလာကာ အလယ်တွင် အဖြူရောင်ကွင်းများ တွေ့ရသည်။ အရွက်မှ အသီးသို့ ကူးစက် ပြန့်နှံ့နိုင်သည်။

 

အသီးများပေါ်နှင့် အသီးသီးချိန်၊ အချိန်မရွေး

ကျရောက်နိုင်သည်။

Azoxystrobin, Thiophanate methyl, Carbendazim နှင့် ကြေးနီပါသော မှိုသတ်ဆေးတစ်မျိုးမျိုး ပက်ဖျန်းပါ။စိုက်ခင်းကိုသန့်ရှင်းအောင် ဂရုစိုက်ပါ။ ရောဂါကျ အပိုင်းများကို ခုတ်ထွင်း ရှင်းလင်းပစ်ပါ။ မီးရှို့ ဖျက်ဆီးပါ။
၃။ ပင်ခြေပုပ်/

အရွက်ကြွေ၊ အခေါက်ပုပ်၊ အသီးပုပ်

Foot rot of Citrus/ Gummosis of Citrus

Phytophthora citrophthora/

 

Phytophthora palmivora

 

အပင်ငယ်စဉ် ကျရောက်ပါက အရွက် များ စတင်ခြောက်လာပြီး တစ်ပင်လုံး ခြောက်သည်အထိဖြစ်ကာ တဖြည်းဖြည်း အပင်သေဆုံးသွား သည်။ အပင်ကြီးချိန် ကျရောက်ပါက အထွက် နှုန်းကျဆင်း စေသည်။ ပင်စည်နှင့် အကိုင်းသစ် စထွက်သော အပေါ်တွင် အနက်စက်များ ဖြစ်ပေါ် စေသည်။ အဝါရောင်အစေးများ စိမ့်ထွက်လာပြီးနောက် အသီးပုပ်စေ သည်။ အပင်ငယ်စဉ်မှ အပင် ကြီးချိန်အထိ ကျရောက် နိုင်သည်။ မိုးရာသီနှင့် အစိုဓာတ်များ၍ ပူနွေး စွတ်စိုသောအချိန် လေဖြင့် ကူးစက်တတ် သည်။ ပျိုးပင်ဘဝတွင် Trichoderma မှိုကို ထည့်၍ ပျိုးထုပ်ပြင်နိုင်သည်။ အပင်ရွှေ့ ပြောင်းမစိုက်မီစိုက်မည့်အခင်းတွင် Trichoderma မှိုထည့်နိုင်သည်။     အရွက်ခြောက်များတွင် တွေ့ရှိပါက Trichoderma မှိုကို ရေဖျော်၍ ဖွဲ့နုဖြင့် ရောနယ်၍ အသုံးပြု နိုင်သည်။ Mancozeb, Benomyl, Fosetyl-AL, Dimethomorph, Cymoxanil ဆေးများ အသုံးပြုပါ။ ကော့ပါး ပါဝင်သော မှိုသတ်ဆေးများကိုလည်း သုံးစွဲနိုင်သည်။

 

၄။ ရှောက်၊သံပုရာ သီးစိမ်းကိုင်းဝါ ရောဂါ

(Citrus Greening disease)

citrus huanglongbing (greening) disease

 

(Candidatus liberibacter africanus)

ရွက်ကြောများ အရွက်များ အရောင် ပျက်၍ အရွက်များ ပိုထူလာပြီး ငယ်သွားသည်။တစ်ခါတစ်ရံ ရင့်သော အရွက်ဖျားမှစ၍ ခြောက်သွေ့သော အနာများ ဖြစ်လာသည်။ အပင်ကြီးထွားချိန်နှင့် သီးကင်းဝင်ချိန်တို့တွင် တွေ့နိုင်သည်။ ကျန်းမာသန်စွမ်းသော မိခင်ပင်မှ မျိုးပွားပါ။ ၎င်းရောဂါကို သယ်ဆောင် သော အင်းဆက်ပိုးများ(Citrus Psyllid) ကို ပင်လုံးပြန့် အင်းဆက် သတ်ဆေး အသုံးပြုပါ။ ရောဂါကျ အစိတ်အပိုင်းများကို မီးရှို့ဖျက်ဆီးပါ။ ခံနိုင်ရည်ရှိသောမျိုးကို စိုက်ပါ။
၅။ ရှောက်၊သံပုရာ အနာချိုင့်ရောဂါ

(Citrus Canker)

Xanthomonas axonopodis

pv. citri

 

အသီးနှင့် အကိုင်းအရွက်တို့တွင် အဝါဖျော့၊ အစိမ်းဖျော့ရောင် ခပ်ဖောင်းဖောင်း အချိုင့်ငယ်များ စတင်ဖြစ်ပေါ်လာပြီး နောက်ပိုင်းတွင် အညိုရောင်သို့ ပြောင်းသွားသည်။ အသီးပေါ်တွင် ကျရောက်ပါက အရွယ်အစား အမျိုမျိုး ဖြစ်နိုင်သည်။ အရွက်ပေါ်ကျပြီး (၇)ရက်ခန့်ကြာ လျှင် မျက်နှာပြင် နှစ်ဖက်စလုံး၌ ဆဲလ်သေသွားသည့် အကွက်ပတ်ပတ် လည်တွင် ရေစိုနာကွက်ကို တွေ့ရ သည်။

 

ပျိုးခင်းမှစ၍ အပင်ကြီးထိ ကျရောက်နိုင်သည်။ ရောဂါအခြေအနေဆိုးလျှင် ဓာတုဆေးဖြင့် ကာကွယ်၍ မရနိုင်ပါ။ ရောဂါကျသော အပင်အစိတ်အပိုင်း များကို ဖြတ်ပစ်ပါ။ အရွက်သစ် စထွက်ချိန် ကြေးနီပါသော ဆေး၊ Kasugamycin စသည့်ဆေး တစ်ခုခု သုံးစွဲပါ။
၆။ ရှောက်၊သံပုရာ     မီလန်နို့ ရောဂါ

(Melanose of Citrus)

 

Diaporthe citri

 

အရွက်နု၊ ကိုင်းနု၊ ပင်စည် နှင့် အသီး များပေါ်တွင် ကျရောက်သည်။ စိုထိုင်းဆမြင့်မားချိန် အပင်ပေါ်ရှိ အစိမ်းရောင် အချိုင့်ငယ်လေးများ အရွက်မျက်နှာပြင် နှစ်ဖက်စလုံးတွင် တွေ့ရပြီး အစိမ်းရောင် ပြယ်ကာ အရွက်ကြွေကျသွားသည်။ အသီးပေါ်တွင် ၀.၂ -၀.၅ မီလီမီတာ ရှိသော အညိုရင့်ရောင် အစက်များ ဖြစ်ပေါ်လာပြီး သာမန်မျက်စိဖြင့် မြင်နိုင်သည်။  ရောဂါရနေသောအသီး များသည် ကြီးထွားမှုမရှိတော့ဘဲ နောက်ဆုံး ကြွေကျသွားသည်။

 

ရာသီမရွေး ကျရောက်နိုင် သည်။ အကိုင်းများကိုစနစ်တကျ ဖြတ်တောက် ပြီး သန့်ရှင်းမှုကို ဂရုစိုက်ပါ။ ကိုင်းခြောက်များ၊ ရောဂါရအပိုင်းများ၊ အပင်သေများ၊ အသီးပုပ်များကို စနစ်တကျဖယ်ရှားပါ။   Chlorothalonil၊ ကော့ပါးပါသော ဆေးများ၊

Azoxystrobin၊

trifloxystrobin  ဆေးများပက်ဖျန်းပါ။

၆-၇။ ပိုးသတ်ဆေးဘူးများ သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်း
  • ပိုးသတ်ဆေးဘူးများ ထားသိုသည့်နေရာတွင် မှတ်တမ်းများထားရှိရပါမည်။
  • အပြောင်းအလဲရှိပါကလည်း မှတ်တမ်းများ ထားရှိရပါမည်။
  • ပိုးသတ်ဆေးဘူးခွံများ (သို့) ပစ္စည်းကိရိယာများကို ရေတွင်း၊ ရေကန်၊ မြစ်၊ ချောင်း၊ စိုက်ပျိုးမြေဧရိယာဘေး ပတ်ဝန်းကျင်တွင် ဆေးကြောခြင်း၊ စွန့်ပစ်ခြင်း နှင့် ဘူးခွံများကို အခြားနေရာများတွင် ပြန်လည်အသုံးပြုခြင်း မပြုရပါ။

စိုက်ပျိုးရေးနှင့်အခြားဆက်စပ်ပစ္စည်းကိရိယာများ

  • ကျွဲကောသီးနှံအတွက် အသုံးပြုသော ပစ္စည်းကိရိယာများ၊ သိုလှောင်ပစ္စည်းများ နှင့် အခြားပစ္စည်းများသည် သန့်ရှင်းပြီး ထွက်ကုန်သီးနှံကို ညစ်ညမ်းမှုမရှိစေ သင့်ပါ။
  • စွန့်ပစ်ပစ္စည်းများ၊ ဓါတုဆေးများနှင့် အခြားအန္တရာယ်ဖြစ်စေသည့် အရာများ အသုံးပြုသည့် ပစ္စည်းများကို တိတိကျကျ သတ်မှတ်ထားရမည်။ ၎င်း ပစ္စည်း များဖြင့် ထွက်ကုန်သီးနှံများ ထည့်ခြင်း၊ သိုလှောင်ခြင်းမပြုရ။

ရိတ်သိမ်းခြင်းနှင့် ထွက်ကုန်ပြုပြင်ခြင်း

၈-၁။  ခူးဆွတ်/ရိတ်သိမ်းခြင်း
  • ကျွဲကောသီးနှံအတွက် ရိတ်သိမ်းခြင်းနှင့် သက်ဆိုင်သည့် မှန်ကန်ကောင်းမွန်သော နည်းစနစ်များကို လိုက်နာရန်လိုအပ်ပါသည်။ ကျွဲကောသီးနှံတွင် ပန်းပွင့်ပြီး (၈) လ အကြာတွင် ခူးဆွတ်နိုင်ပါသည်။
  • ခူးဆွတ်ပြီး ကျွဲကောသီးများကို မြေကြီး (သို့) ကိုင်တွယ်ထုပ်ပိုးသည့် ကြမ်းပြင် (သို့) သိုလှောင်သည့် နေရာကြမ်းခင်းနှင့် တိုက်ရိုက်ထိတွေ့ခြင်း မရှိအောင် သန့်ရှင်းသော အခင်း/ပစ္စည်းပေါ်တွင် ထားရှိရမည်။
  • အသီးများအား ဆေးကြောသန့်စင်ရာတွင် အသုံးပြုသောရေသည် သန့်ရှင်းစင် ကြယ်ရမည်။
  • ကျွဲကောသီးနှံအတွက် သတ်မှတ်ထားသော စံချိန်စံညွှန်းအတိုင်း အဆင့်အတန်း ခွဲခြား၍ စနစ်တကျ ထုပ်ပိုးသင့်ပါသည်။
  • ခူးဆွတ်ပြီးကျွဲကောသီးများကို သန့်ရှင်းသောထည့်စရာ (Container) ထဲထည့်၍ ထုပ်ပိုးမည့်နေရာ (Packing House) ထဲမပို့ခင်အချိန်ထိ အရိပ်ရသောနေရာတွင် ထားရန်လိုအပ်သည်။ သီးနှံများ အတွင်းသား ပျက်စီးခြင်းနှင့် ထိခိုက်ဒဏ်ရာ ဖြစ်ခြင်းများမှ ကာကွယ်နိုင်ရန် ရိတ်သိမ်းပြီးသောသီးနှံများအား  Poly Ethylene ကဲ့သို့ ပလပ်စတစ်အိတ်များဖြင့်ထည့်၍ သယ်ယူခြင်း (သို့) နူးညံ့သော အရာဝတ္ထုနှင့် လိုင်းအလိုက် အကန့်လိုက် ထည့်ရန် လိုအပ်ပါသည်။
  • ခူးဆွတ်မှုပြုလုပ်နေစဉ်ကျွဲကောသီးများ ထည့်ထားသောခြင်းများဆင့်ထပ်ရာတွင် ခြင်းတစ်ခြင်းနှင့် တစ်ခြင်းကြားတွင် ကြားခံထားပြီး မြေပြင်နှင့် တိုက်ရိုက် ထိတွေ့ခြင်းမှ ရှောင်ရန်လိုအပ်မည်။
  • ကျွဲကောသီးများအား ခူးဆွတ်မည်ဆိုပါက မခူးဆွတ်မီနှင့် ခူးဆွတ်ပြီးနောက် အသုံးပြုမည့် ကိရိယာများအား သန့်ရှင်းသောရေနှင့် သန့်စင်ရန်လိုအပ်ပါမည်။
  • ခူးဆွတ်သည့်နေရာ၊ ခူးဆွတ်သည့်နေ့ရက်၊ အချိန်၊ ခူးဆွတ်သည့်လုပ်သားစသည် တို့ကိုတိတိကျကျ မှတ်တမ်းများထားရှိရန် လိုအပ်ပါမည်။
  • –    ကျွဲကောသီးများကို သင့်တော်သောခူးဆွတ်ချိန် ယေဘူယျအားဖြင့် အသီးများ      အားလုံးနီးပါး ရင့်မှည့်ချိန်ရောက်မှသာ ခူးဆွတ်ရန် ဆုံးဖြတ်သင့်ပါသည်။

သိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း

  • ကျွဲကောသီးနှံများကို ဓါတု၊ ဇီဝနှင့် ရုပ်ဝတ္ထုဆိုင်ရာ ညစ်ညမ်းမှုအန္တရာယ် ဖြစ်စေနိုင်သော ကုန်ပစ္စည်းများနှင့် သီးခြားခွဲ၍သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း ပြုလုပ်ရပါမည်။
  • သယ်ယူပို့ဆောင်မည့် ယာဉ်များကို အသုံးမပြုမီ သန့်ရှင်းမှု၊ ဓါတုဆေးဖိတ်ဆင်မှု၊ အခြားပစ္စည်းများနှင့် ပိုးမွှားကျရောက်မှု ရှိ/မရှိကို စစ်ဆေးရမည်။
  • စျေးကွက်လိုအပ်ချက်အရ ကျွဲကောသီးများ သယ်ယူပို့ဆောင်ခြင်းနှင့် သိုလှောင် ခြင်းများအတွက် ကျန်းမာရေးနှင့်ညီညွတ်ရန် ထုတ်ကုန်များအား သန့်ရှင်းစွာ ထားရန်နှင့် ထုတ်လုပ်မှုကွင်းဆက်တိုင်းတွင် ထုတ်ကုန်၏ အရည်အသွေးအား အထူးမြှင့်တင်ခြင်း လုပ်ငန်းစဉ်များ လုပ်ဆောင်ရန်လိုအပ်ပါသည်။

အဆောက်အဦများ ဆောက်လုပ်ထားခြင်း

  • ကျွဲကောသီးနှံများအား ထုပ်ပိုးခြင်း၊ ကိုင်တွယ်ပြုပြင်ခြင်းနှင့် သိုလှောင်       ထားရှိခြင်းတို့တွင် ဘေးဥပါဒ်အန္တရာယ် ကျရောက်မှုနည်းပါးစေရန် သီးသန့် အဆောက်အဦများ တည်ဆောက်ခြင်း (သို့မဟုတ်) သီးသန့်ဆောင်ရွက်မည့် နေရာများ သတ်မှတ်ထားသင့်ပါသည်။
  • လောင်စာဆီ၊ ပိုးသတ်ဆေးနှင့် မြေသြဇာများ၊ လယ်ယာသုံးကိရိယာများ အပါအဝင် အခြားပစ္စည်းများနှင့် ထွက်ကုန်များကို ရောနှော သိုလှောင်ခြင်း မပြုရပါ။

တိရိစ္ဆာန်နှင့်ဖျက်ပိုးများထိန်းချုပ်ခြင်း

  • အိမ်မွေးနှင့် လယ်ယာလုပ်ငန်းသုံး တိရစ္ဆာန်များကို ကျွဲကောသီးများ ရိတ်သိမ်း၊ ထုပ်ပိုး၊ သိုလှောင်သည့် နေရာများတွင် မရှိစေရပါ။
  • ကျွဲကောသီးများ ကိုင်တွယ်ပြုပြင်၊ ထုပ်ပိုး၊ သိုလှောင်သည့် နေရာများနှင့်အနီး တဝိုက်တွင် အင်းဆက်ဖျက်ပိုးများ ရှိမနေစေရန်အတွက် ကြိုတင်စီမံကာကွယ် ထားရပါမည်။
  • ကျွဲကောသီးများ ထုပ်ပိုးခွံ ပစ္စည်းများ၊ အခြားပစ္စည်းများကို ညစ်ညမ်းမှု အန္တရာယ်အနည်းဆုံးဖြစ်စေရန် အတွက် မျှားစာများ၊ ထောင်ချောက်များကို သတ်မှတ်နေရာတွင် ထားရှိရမည်ဖြစ်ပြီး ကြပ်မတ်ကြည့်ရှုရမည်။ မျှားစာများ၊ ထောင်ခြောက်များ ထားရှိသည့်နေရာကိုလည်း မှတ်သားထားရပါမည်။

အထောက်အထားနှင့်မှတ်တမ်းများ

  • ကျွဲကော စိုက်ပျိုးသူသည် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများနှင့် ပတ်သက်သည့် မှတ်တမ်းများကို အနည်းဆုံး(၂)နှစ် သိမ်းဆည်းထားရပါမည်။
  • လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းအတွက် သတ်မှတ်ထားသည့်  မှတ်တမ်းပုံစံတွင် မှတ်တမ်းရေးသွင်းထားရပါမည်။

နောက်ကြောင်းပြန်စစ်ဆေးခြင်းနှင့်ပြန်လည်သိမ်းဆည်းခြင်း

  • ကျွဲကောသီးနှံ စိုက်ပျိုးထုတ်လုပ်သည့် နေရာအား နောက်ကြောင်းပြန် စစ်ဆေး နိုင်ရန်အတွက် ထုပ်ပိုးပစ္စည်းများ အပေါ်တွင် သိသာထင်ရှားသည့် အမှတ်အသား နှင့် မှတ်ပုံတင်အမှတ်အသား ပြုလုပ်ထားရှိရပါမည်။
  • တင်ပို့သည့်နေရာနှင့် ပေးပို့သည့်ရက်စွဲတို့ကို မှတ်တမ်းထားရှိရပါမည်။

သင်တန်း

ကျွဲကောသီးနှံ စိုက်ပျိုးထုတ်လုပ်သူများနှင့် လုပ်သားများအား မိမိတို့ဆောင်ရွက် နေသည့် လုပ်ငန်းနယ်ပယ်အလိုက် ကျွမ်းကျင်မှုနည်းပညာများရရှိစေရန် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း သင်တန်းများ တက်ရောက်ထားသင့်ပါသည်။

ဆောင်ရွက်ကျင့်သုံးမှု များကိုပြန်လည် သုံးသပ်ခြင်း

  • ကျွဲကောသီးနှံထုတ်လုပ်သူများအနေဖြင့် ကျင့်သုံးနေသည့် နည်းလမ်းများအား မှန်မှန်ကန်ကန် ဆောင်ရွက်ကြောင်း သေချာစေရန် လုပ်ငန်းအားလုံးကို အနည်းဆုံး တစ်နှစ်တစ်ကြိမ် ပြန်လည်စစ်ဆေးရပါမည်။
  • တိုင်ကြားချက်များရှိပါက မိမိကိုယ်တိုင် ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ပြီး ဤဆောင်ရွက်မှုများအတွက် မှတ်တမ်းများ ထိန်းသိမ်းထားရှိရပါမည်။

တစ်ကိုယ်ရည်သန့်ရှင်းခြင်းနှင့် လုပ်သားများဘဝ သာယာဝပြောရေး

  • လုပ်ငန်းခွင်ရှိ သိသာထင်ရှားသော နေရာများတွင် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်သက်သည့် ညွှန်ကြားချက်များကို ရေးသားပြသထားရမည်။ (သို့မဟုတ်) လုပ်သားများ သိရှိအောင် ဖြန့်ဝေပေးထားရပါမည်။
  • မိလ္လာရေနှင့် စွန့်ပစ်အညစ်အကြေးရေများကို အန္တရာယ်မရှိအောင် ဂရုစိုက်စွန့်ပစ် ရပါမည်။
  • လုပ်သားများကျန်းမာရေးနှင့်လူမှုဘဝသာယာဝပြောရေး အလေးထားဆောင်ရွက် ပေးရပါမည်။

မှီငြမ်းကိုးကားချက်များ

  • စိုက်ပျိုးပညာပေးရေးဌာနခွဲ၊(၂၀၀၆)၊ သစ်သီးဝလံစိုက်ပျိုးနည်း၊ မြန်မာ့ စိုက်ပျိုးရေး လုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ။
  • ဥယျာဉ်-ဇီဝဌာနခွဲ (၂၀၁၆)၊ မြန်မာနိုင်ငံ၏စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့် ကောင်းများ ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ၊ မြန်မာ-GAP ၊ စိုက်ပျိုးရေး ဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ။