သရက်သီး

အမည်  –    သရက်

သိပ္ပံအမည်    –    Mangifera indica

မျိုးရင်း   –    Anacardiaceae

သရက်သီးနှံ၏ မူရင်းဒေသသည် အရှေ့တောင်အာရှ၊ အိန္ဒိယနှင့် မြန်မာဒေသဟု  သတ်မှတ်ထားခဲ့ကြပါသည်။ သရက်ပင်ကို လွန်ခဲ့သောနှစ်ပေါင်း (၄၀၀၀) ကျော်ကတည်းက စားသုံးရန်အတွက်လည်းကောင်း၊ အသုံးပြုရန်အတွက်လည်းကောင်း စတင်စိုက်ပျိုးခဲ့ကြ သည်။

သရက်သည် မြန်မာနိုင်ငံ၏ ပင်လယ်ရေမျက်နှာပြင်အနိမ့်အမြင့်၊ အီကွေတာအနီး အဝေးတို့တွင် သဘာဝအလျောက်သော်လည်းကောင်း၊ စိုက်ပျိုးမှုအရသော်လည်းကောင်း များစွာ ဖြစ်ထွန်းလျှက်ရှိပြီး သရက်မျိုးစုစုပေါင်း (၃၀၀) ခန့်ရှိပါသည်။ အဓိက စိုက်ပျိုးသောမျိုးများမှာ စိန်တလုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ ပတ္တမြားငမောက် နှင့် R2E2 တို့ဖြစ်သည်။ စိုက်ပျိုး ဧရိယာစုစုပေါင်း (၉၅၉၉၃) ဟက်တာရှိပါသည်။ ပြည်ပတင်ပို့မှု အနေဖြင့် (၂၀၁၅-၁၆) ခုနှစ်တွင် တန်ချိန် ထောင်ပေါင်း (၂.၇၈) တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာသန်းပေါင်း (၉.၄၇) ရရှိခဲ့ပါသည်။

စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများဆိုသည်မှာ မြေပြုပြင်စိုက်ပျိုးထုတ်လုပ် သည်မှ စားသုံးသူလက်ဝယ်ရောက်သည်အထိ ထုတ်လုပ်မှုကွင်းဆက်တိုင်းတွင် စားသုံးသူ အတွက် အန္တရာယ်ဖြစ်စေသည့် ကူးစက်ညစ်ညမ်းမှုအနည်းဆုံးဖြစ်စေရန် လိုက်နာရမည့် နည်းလမ်းများကို စုစည်းထားသည့် စံလုပ်ထုံးလုပ်နည်းလမ်းညွှန်မှုများဖြစ်ပါသည်။

စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများနှင့် သရက်သီးနှံ စိုက်ပျိုးထုတ်လုပ် မည်ဆိုလျှင် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရပါမည်။

စိုက်ပျိုးမည့်မြေနေရာရွေးချယ်ခြင်း

စိုက်ပျိုးမြေနှင့် အနီးပတ်ဝန်းကျင်ရှိမြေသည် ဓါတုနှင့်ဇီဝဆိုင်ရာ အန္တရာယ်ရှိသည့်   မြေနေရာ မဖြစ်စေရ။ ဆောင်ရွက်မှုများကို လွယ်ကူစွာစစ်ဆေးနိုင်ရန် ခြံ/ စိုက်ကွင်းမြေပုံနှင့် မှတ်တမ်းထားရှိရမည်။

  • သရက်စိုက်ပျိုးမည့်မြေသည် မြေသားနက်ရှိုင်းပြီး ရေစီးစိမ့်မှုကောင်းသော မြေ၊ မြေချဉ်/ငံဓါတ် (pH-၅.၅မှ၇.၅) အတွင်းရှိ၍ မြေအောက်ရေမျက်နှာပြင် သည် မြေအောက်အနက် (၆)ပေအောက်ရှိခြင်းကို ကြိုက်နှစ်သက်ပါသည်။
  • သရက်သီးနှံသည် ပူအိုက်စွတ်စိုသောရာသီဥတု၊ သမပိုင်းရာသီဥတုတို့ကို ကြိုက်နှစ်သက်ပြီး ပျမ်းမျှအပူချိန် ၃၂C နှင့်မိုးရေချိန်လက်မ (၃၀-၁၀၀) ခန့် ရွာသွန်းသော ဒေသများတွင် ပိုမိုဖြစ်ထွန်းပါသည်။
  • သရက်ပန်းပွင့်မှုဖြစ်ပေါ်နိုင်စေရန် အနည်းဆုံးနေ့အပူချိန် (၂၀-၂၅)C ၊ ညအပူချိန်  (၁၀-၁၅)C ရှိရမည်။
  • တစ်နှစ်လျင် (၅-၆) လခန့် ခြောက်သွေ့ရန်လိုအပ်သည်။
  • ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ (၄၀၀၀)အထိ စိုက်ပျိုးနိုင်သော်လည်း ပေ(၂၀၀၀) အောက် ဒေသများတွင်သာ စီးပွားဖြစ်စိုက်ပျိုးသင့်သည်။
  • ရေထုတ်မြောင်းစနစ်များ မပြုလုပ်နိုင်သော အပင်ခြေ ရေဝပ်နိုင်သည့် မြေမျိုး ကိုရှောင်ရှားရမည်။

ရေ

သရက်စိုက်ပျိုးရာတွင် အသုံးပြုမည့် ရေအရည်အသွေးကို ဓါတ်ခွဲစစ်ဆေးရမည်။        မွေးမြူရေးဇုံ၊ ဆေးရုံ၊ စက်ရုံများမှ ဖြတ်သန်းလာသောရေ၊ မြူနီစပယ်စွန့်ပစ်ရေနှင့် သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်ပေါ်နိုင်သည့် ရေများကိုအသုံးမပြုရ။ (ရေဆိုး၊ ရေညစ်များကို ပြန်လည်စီရင်၍အသုံးပြုလျှင် WHO Guideline အရလိုက်နာ အသုံးပြုရန်)။

မျိုးစေ့/ပျိုးပင်

ရေ၊ မြေ၊ ဒေသ၊ ရာသီဥတုနှင့် ကိုက်ညီပြီး ပိုးမွှားရောဂါကင်းစင်သည့် အရည်အသွေးကောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးရမည်။ စိုက်ပျိုးမည့်မျိုးစေ့၊ ပျိုးပင်နှင့် မျိုးပွားအစိတ်အပိုင်းများ ရရှိသည့်နေရာ၊ ရရှိသည့်အရေအတွက်နှင့် ရရှိသည့်နေ့စွဲတို့ကို မှတ်တမ်းတင်ထားရှိရမည်။

သရက်ပင်ကို အစေ့မှသော်လည်းကောင်း ကိုင်းကူး၍သော်လည်းကောင်း စိုက်ပျိုး    နိုင်သည်။ အစေ့မှပျိုးထောင်စိုက်ပျိုးပါက (၅ – ၇) နှစ်ခန့်ကြာမှအသီးရရှိနိုင်ပြီး ကိုင်းကူး ပင်မှ စိုက်ပျိုးပါက (၃) နှစ်အတွင်း အသီးစတင် ရရှိနိုင်ပါသည်။

မြေသြဇာနှင့်မြေဆီလွှာဖြည့်စွက် ပစ္စည်းများ

စိုက်ပျိုးသည့်သီးနှံတစ်ခုချင်းအတွက် အသုံးပြုသည့်မြေသြဇာ(သို့မဟုတ်) မြေဆီလွှာ ဖြည့်စွက်ပစ္စည်းများတွင် အန္တရာယ်ဖြစ်စေသော ဓါတုနှင့်ဇီဝဆိုင်ရာပစ္စည်းများ ပါဝင်ခြင်း မရှိစေရ။

  • သရက်ပင်များအတွက် သဘာဝမြေသြဇာများ အသုံးပြုလျှင် ကောင်းစွာ   ဆွေးမြေ့အောင်ဆောင်ရွက်ပြီးမှ အသုံးပြုရမည်။
  • သရက်ပင်တွင် အသုံးပြုသောမြေသြဇာ(သို့မဟုတ်) မြေဆီလွှာဖြည့်စွက် ပစ္စည်းများ ရောနှောခြင်းနှင့် သိုလှောင်ခြင်း၊ အော်ဂဲနစ်ပစ္စည်းများ ဆွေးမြေ့ စေရန် ဆောင်ရွက်ခြင်းတို့ကို မြေနှင့်ရေအရင်းအမြစ် သန့်ရှင်းမှုကို ထိခိုက် စေသော နေရာများတွင် မပြုလုပ်ရ။
  • သရက်ပင်အတွက် လိုအပ်သော မြေသြဇာ (သို့မဟုတ်) မြေဆီလွှာဖြည့်စွက် ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် တရားဝင်မှတ်ပုံတင်ထားသော ပစ္စည်းများ ဖြစ်ရမည့်အပြင် မှတ်တမ်းများလည်း ထားရှိရမည်။

စိုက်ပျိုရေးသုံး ဓါတုဆေးများနှင့် အခြားဓါတုပစ္စည်းများ

သရက်ပင်များတွင် ဓါတုဆေးများအသုံးပြုမှု အနည်းဆုံးဖြစ်စေရန် ဘက်စုံပိုးမွှား ကာကွယ်ရေးနည်းစနစ်များကို အသုံးပြုရမည်။

  • ပိုးသတ်ဆေးဥပဒေ၊ မြေသြဇာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပတ်ဝန်းကျင် ညစ်ညမ်းခြင်းနှင့် လူသားတို့၏ကျန်းမာရေးထိခိုက်မှုများ မဖြစ်စေရေး အထူး ဂရုပြုရမည်။
  • သရက်ပင်များတွင် ဓါတုဆေးများကို အသုံးပြုရန်လိုအပ်ပါက တရားဝင် မှတ်ပုံတင်ထားသည့် ဓါတုဆေးများကိုသာ အသုံးပြုရမည်။
  • ဆေးဖျန်းပြီးနောက် မရိတ်သိမ်းမီ စောင့်ဆိုင်းရမည့် ကာလအပိုင်းအခြားကို အတိအကျ လိုက်နာရမည်။
  • သရက်စိုက်ပျိုးထုတ်လုပ်သူများနှင့် လုပ်သားများသည် ပိုးသတ်ဆေး စနစ်တကျ ကိုင်တွယ် သုံးစွဲနည်းများကို သိရှိနားလည်ထားရမည်။
  • သရက်ပင်အတွက် အသုံးပြုသော ဓါတုဆေးများ ဝယ်ယူ၊ သိုလှောင်၊ သုံးစွဲမှု၊ အသုံးချမှုနှင့် စွန့်ပစ်မှုတို့ကို စနစ်တကျဆောင်ရွက်၍  မှတ်တမ်းများ ထားရှိရ မည်။
  • လောင်စာဆီ၊ ချောဆီနှင့် အခြားသော စိုက်ပျိုးရေးသုံးမဟုတ်သည့် ဓါတုဆေး များကို သရက်သီးများ၏ ညစ်ညမ်းမှုအန္တရာယ် အနည်းဆုံးဖြစ်စေရန် ကိုင်တွယ်အသုံးပြုခြင်း၊ သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်းတို့ကို ပြုလုပ်ရမည်။

သရက်သီးတွင် ရောဂါကျရောက်မှုမရှိစေရန် ကြိုတင်ကာကွယ်ခြင်းမှာ ပို၍ ကောင်းမွန်ပါသည်။ လိုအပ်မှသာလျှင် ဓာတုပိုးသတ်ဆေးများ အသုံးပြုသင့်ပါသည်။

အပင်ပြုစု စောင့်ရှောက်ခြင်း

အရည်အသွေးကောင်းသရက်သီးနှံ စိုက်ပျိုးထုတ်လုပ်ရန် အောက်ဖော်ပြပါနည်းလမ်း များကို လိုက်နာ ဆောင်ရွက်သင့်သည်။

၆-၁။ စိုက်ပျိုးနည်းစနစ်

သရက်ခြံအဖြစ် စတင်စိုက်ပျိုးမည်ဆိုပါက သရက်စိုက်ပျိုးမည့်မြေနေရာကို မိုးမကျမီ မတ် – ဧပြီလမှစတင်၍ ပြုပြင်မှုများပြုလုပ်ရမည်။ မြေအနေအထားကိုကြည့်၍ ရေသွင်း၊ ရေနှုတ်မြောင်းများ ကြိုတင် တူးထားရမည်။ လေကာပင်များကိုလည်း စိုက်ပျိုးထားရမည်။

မြေအမျိုးအစားနှင့်အလင်းရောင်ရရှိမှုပေါ်မူတည်၍ လေဝင်၊ လေထွက်ကောင်းစေရန် သင့်လျော်သော ပင်ကြား၊ တန်းကြားဖြင့် ကျင်းတူး၍ စိုက်ပျိုးရမည်။  ကျင်းအရွယ်အစား (၂) ပေပတ်လည် တူးရပါမည်။

  • ပင်ကြား x တန်းကြား ၃၀ပေ  x  ၃၀ပေ  စိုက်ပျိုးလျှင် တစ်ဧက အပင် (၄၈) ပင် ဝင်ဆန့်ပါသည်။
  • ပင်ကြား x တန်းကြား ၂၀ပေ x  ၂၀ပေ  စိုက်ပျိုးလျှင် တစ်ဧက အပင် (၁၀၈) ပင် ဝင်ဆန့်ပါသည်။
  • ပင်ကြား x တန်းကြား ၁၅ပေ x  ၁၅ပေ  စိုက်ပျိုးလျှင် တစ်ဧက အပင် (၁၉၃) ပင် ဝင်ဆန့်ပါသည်။
  • ပင်ကြား၊ တန်းကြား စိပ်စိပ်စိုက်ပါက အပင်ငယ်စဉ်ကတည်းကပင် စနစ်တကျ ကိုင်းဖြတ် ပုံသွင်းပေးရမည်။
  • စိုက်ကျင်းကို (၁-၂) ပါတ်ခန့် လေသလပ် ခံထားရမည်။
  • စိုက်ခင်းရှင်းထားသော အမှိုက်များကို ကျင်းထဲထည့်၍ မီးရှို့ပေးရမည်။
  • နွားချေး(၈)ပြည်၊ ကျောက်မှုန့်နို့ဆီဗူး(၄)ဘူး၊ ပိုတက်ဓာတ်မြေဩဇာ နို့ဆီဘူး(၁)ဘူး၊ စပါးခွံ(၈)ပြည်တို့ကိုအပေါ်ယံမြေနှင့်ရောစပ်၍ ကျင်းအတွင်း ထည့်ပေးရမည်။
  • ရေလောင်းကာ (၁-၂)ပတ်ခန့်ကြာ နှပ်ထားရပါမည်။ ရေရရှိပါက ရေလောင်း၍ စိုက်ပျိုးနိုင်ပြီး ရေမရရှိပါက မိုးဦးကျ မိုးတစ်ကြိမ်နှစ်ကြိမ် ရွာပြီးချိန်တွင် အပင်များချ၍ စိုက်ပျိုးရမည်။
  • အပူဒဏ်ခံနိုင်စေရန် ညနေပိုင်းတွင်သာ မြေချစိုက်ပျိုးရမည်။
  • စိုက်ပျိုးပြီးခါစတွင် ရေနည်းနည်းနှင့် အကြိမ်ရေများများ ရေလောင်းပေးရန် လိုအပ်ပြီး မိုးနည်း၍ ပူပြင်းခြောက်သွေ့သော ဒေသများတွင် စိုက်ချိန်မှ (၃) နှစ်သားအထိ ရေပေးသွင်းရန်လိုအပ်မည်။
  • မိုးရာသီတွင် (၂) လ တစ်ကြိမ်၊ နွေရာသီနှင့် ဆောင်းရာသီတွင် (၃ – ၄) လ တစ်ကြိမ် အပင်ခြေရှိ ပေါင်းမြက်များကို ရှင်းလင်းပေးရပါမည်။

မြေဆီလွှာတိုက်စားခြင်းမှ ကာကွယ်ရန်နှင့် မြေဆီလွှာအတွင်း ဇီဝကမ္မဖြစ်စဉ်များ တိုးတက်လာစေရန် တောင်စောင်းများတွင် လှေကားထစ်စနစ်ဖြင့် စိုက်ပျိုးခြင်းများကို အသုံးပြုရမည်။ ဒေသအပင်မျိုးစိတ်များကို တတ်နိုင်သမျှထိန်းသိမ်းထားရမည်။

၆-၂။ အပင်ကိုင်းဖြတ်ပုံသွင်းခြင်း

သရက်ပင်များကို မှန်ကန်သော ကိုင်းဖြတ်ပုံသွင်းနည်းများ ဆောင်ရွက်ခြင်းအားဖြင့် ပင်ပိုင်းကြီးထွားခြင်း၊ ပုံမှန်သီးထွက်နှုန်းရရှိနိုင်ခြင်းနှင့် အသီးအရည်အသွေးကောင်းမွန်စေ နိုင်သည်။

သရက်သီးထွက်ရရှိနေသော အပင်တစ်ပင်လုံး အလင်းရောင်မျှတစွာရရှိစေရန်၊ လေဝင်လေထွက်ကောင်းစေရန်နှင့် အသီးကိုင်းများ ညီညာစွာဖြာထွက်စေရန် အသီးခူးပြီး နောက်ပိုင်း ခေါင်နှိမ်ခြင်းလုပ်ငန်းကို ဆောင်ရွက်သင့်သည်။

  • စိုက်ပျိုးထားသည့် သရက်သီးနှံ၏ ပင်ကြား၊ တန်းကြားအကွာအဝေးနှင့် သင့်လျော်သော ကိုင်းဖြတ်နည်းစနစ်များကို အသုံးပြုရမည်။
  • အပင်အနေအထားကိုကြည့်၍ နေရောင်ခြည် ကောင်းစွာ ရရှိနိုင်ရန် ထိပ်ဖွင့်ခြင်းကို ယေဘူယျအားဖြင့် ဆောင်ရွက်ရမည်။
  • အပင်ကြပ်ခြင်းများ မဖြစ်ပေါ်စေရန် အပင်၏အမြင့်မှာ ပင်ကြား၊ တန်းကြား အကွာအဝေး၏ ၆၀ ရာခိုင်နှုန်းထက် မပိုသင့်ပေ။
  • အပင်အုပ်ဆိုင်းမှုမှာလည်း တန်းကြားအကွာအဝေး၏ ၄၅ ရာခိုင်နှုန်းထက် မပိုသင့်ပေ။
  • သရက်ပင်ကိုင်းဖြတ်ပုံသွင်းခြင်းလုပ်ငန်းကို အပင်ငယ်စဉ်နှင့် အသီးယူကာလ များတွင် စနစ်တကျ ပြုလုပ်သင့်ပါသည်။
၆-၃။  ပေါင်းမြက်ကာကွယ်ခြင်း

စီးပွါးရေးတွက်ချေကိုက်ရန်နှင့် ပတ်ဝန်းကျင် ရေရှည်တည်တံ့နိုင်စေရန် အတွက် ပေါင်းမြက်များကို နှိမ်နှင်းပေးရန်လိုအပ်သည်။

  • ပေါင်းသတ်ဆေးများကို တစ်နှစ်တစ်ကြိမ်ထက် ပို၍အသုံးမပြုရပါ။
  • ပေါင်းအမျိုးအစားကိုလိုက်၍ သင့်လျော်သော ပေါင်းသတ်ဆေးကို ရွေးချယ် အသုံးပြုရမည်။
၆-၄။ ရေသွင်းခြင်း

သရက်သီးနှံအတွက် စိုက်ပျိုးမြေမျက်နှာပြင်အနေအထားနှင့်ကိုက်ညီသော ရေသွင်း နည်းစနစ်များကို အသုံးပြုရမည်။

  • သရက်သီးနှံ၏လိုအပ်ချက်အရအစာရေဖျော်ကျွေးခြင်းနှင့်ရေသွင်းခြင်းများကိုပြုလုပ်ရမည်။
  • သီးနှံရေလိုအပ်ချက်၊ ရေထိန်းထားနိုင်မှုစွမ်းအားနှင့်မူတည်၍ ထည့်သွင်းရ မည့် ရေပမာဏတွက်ချက်ရမည်။
  • သရက်ပင်များသည် အသီးကြီးထွားချိန်ကာလ အထူးသဖြင့် သီးကင်းဝင်ပြီး (၄) ပတ်မှ (၆) ပတ်ကြားကာလများသည် ရေအလိုအပ်ဆုံးအချိန်ဖြစ်သည်။
  • မြေအမျိုးအစားကိုလိုက်၍ အပင်ငယ်များ(၁၂နှစ်သား)အတွက် နွေရာသီတွင် (၂)ပတ်တစ်ကြိမ် ရေပေးသွင်းရမည်။ အသီးယူနေသော အပင်ကြီးများ အတွက် ပန်းဖူးစုံသည်မှခူးဆွတ်ရန် (၂) ပတ်အလိုအထိ (၃-၅) ကြိမ်ခန့် ရေပေးသွင်းရမည်။

သရက်စိုက်ခင်း ရေပေးသွင်းရာတွင်

  • ပထမအကြိမ်ရေပေးသွင်းခြင်းကို-သရက်သီးကင်းဝင်ချိန်တွင်ဆောင်ရွက်ပါ။
  • ဒုတိယအကြိမ်ရေ​ပေးသွင်းခြင်းကို-ပထမအကြိမ်ရေပေးသွင်းပြီး(၁)လအကြာ သရက်သီးကင်း ပေသီးလုံးအရွယ် ဖြစ်ချိန်တွင် ဆောင်ရွက်ပါ။
  • တတိယအကြိမ်ရေပေးသွင်းခြင်းကို-သရက်သီးမရင့်ခင်အချိန်(ဒုတိယအကြိမ် ရေသွင်းပြီး ၂၀ – ၃၀ ရက်အတွင်း) တို့တွင် ဆောင်ရွက်ရမည်။

သို့မှသာ သရက်သီးအရွယ်အစား၊ အရည်အသွေးမှန်ကန်စေမည်။

  • သရက်ပန်းပွင့်ချိန် နှင့် သရက်သီးမဆွတ်ခူးမီ (၁) လအလိုတွင် ရေသွင်းခြင်း မပြုလုပ်ရပါ။
  • ရေကိုခြွေတာပေးနိုင်သည့် အစက်ချရေသွင်းစနစ်နှင့် ရေမှုန်ဖျန်းသည့်စနစ်ကို အသုံးပြုနိုင်သည်။
  • စိုက်ခင်းရေသွင်းရန်အသုံးပြုမည့် ရေသိုလှောင်ကန်များ၊ မရိတ်သိမ်းမီနှင့် ရိတ်သိမ်းပြီးနောက်ပိုင်း လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် အသုံးပြုမည့် ရေသိုလှောင်ကန်များသည် တိရိစ္ဆာန်များနှင့် တောရိုင်းတိရိစ္ဆာန်များ မဝင် ရောက်စေရ။
၆-၅။ မြေသြဇာကျွေးခြင်း

သရက်သီးနှံ ရေရှည်စိုက်ပျိုးထုတ်လုပ်မှုအတွက် မြေကြီးထဲတွင် လုံလောက်သည့်အာဟာရဓါတ်ရှိရမည်။

  • လူနှင့် ပတ်ဝန်းကျင်ကို အန္တရာယ် မဖြစ်စေပြီး မှတ်ပုံတင်ထားသည့် မြေသြဇာ များကိုသာ အသုံးပြုရမည်။
  • မြေသြဇာသုံးစွဲခြင်းနှင့်ဆက်စပ်သည့် သီးနှံစိုက်ပျိုးရေးမှတ်တမ်းများ ထားရှိ ရမည်။
၆-၅-၁။ မြေသြဇာနှုန်းထား

သရက်ပင်တွင်ထည့်သွင်းရမည့်မြေသြဇာနှုန်းထားသည်

  • မြေအမျိုးအစား၊ မြေကြီးထဲတွင်ရှိသောအာဟာရဓါတ်၊
  • အရွက်နှင့် မြေဆီလွှာ ဓါတ်ခွဲစမ်းသပ်စစ်ဆေးမှုရလဒ်၊
  • အပင်၏ ကြီးထွားမှုဖြစ်စဉ်တို့ပေါ် မူတည်သည်။ သို့မှသာ ထည့်သွင်းရမည့် မြေသြဇာနှုန်းထားကို မှန်ကန်စွာဆုံးဖြတ်ပေးနိုင်မည်။
၆-၅-၂။ ထည့်သွင်းရမည့်အချိန်

မြေသြဇာကို (သရက်ပင်များ) စတင်စိုက်ပျိုးထားသည့်အချိန်မှစ၍ မြေသြဇာ စနစ်တကျထည့်သွင်းခြင်းလုပ်ငန်းကို ဆောင်ရွက်သင့်သည်။

  • အသီးမသီးသေးသည့်အပင်ဖြစ်ပါက အကြိမ်ကြိမ်အလီလီခွဲ၍ ထည့်သွင်းပါ။ သို့မှသာ အာဟာရဓါတ်ဆုံးရှုံးမှုကို ရှောင်ရှားနိုင်မည်။
  • အသီးသီးသည့်အပင်များတွင် အသီးဆွတ်ခူးပြီးချိန်၊ နောက်ဆုံးရေပေးသွင်း သည့်အချိန်နှင့် မိုးနှောင်းရာသီတို့တွင် မြေသြဇာထည့်သွင်းသင့်ပါသည်။
၆-၅-၃။ ထည့်သွင်းရမည့်မြေသြဇာအမျိုးအစား

သရက်သီးခူးဆွတ်ပြီးချိန်တွင်

  • နိုက်ထရိုဂျင်နှင့်ကယ်လ်ဆီယမ်ပါဝင်သည့် မြေသြဇာကိုထည့်သွင်းပါ။
  • သရက်သီးခူးဆွတ်ပြီး (၄) ပတ်မှ (၆)ပတ် အကြာတွင် ဖော့စဖရပ်စ် မြေသြဇာကို ထည့်သွင်းပါ။
  • ပန်းမပွင့်ခင် (၁)လအလိုတွင် ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်နှင့် ဘိုရွန်မြေသြဇာ များကိုထည့်သွင်းပါ။
  • အရွက်သစ်ထွက်ချိန်တွင် ကြေးနီ၊ သံဓါတ်၊ မဂ္ဂနီးစ်၊ သွပ်၊ မော်လီဘဒီနမ်တို့ကို ရွက်ဖျန်းမြေသြဇာအနေနှင့် အသုံးပြုပါ။
၆-၅-၄။ မြေသြဇာထည့်သွင်းရမည့်နေရာ
  • သရက်ပင်များတွင် အာဟာရဓါတ်စုပ်ယူစားသုံးမှုကို အပင်၏မြစ်မွှားများ၊ မြစ်မွှေးများမှ ဆောင်ရွက်သည့်အတွက် မြေသြဇာကို သရက်ပင်၏ ပင်စည်နား အလွန်ကပ်၍ မကျွေးရပါ။
  • သရက်ပင်၏ ပင်စည်မှ အနည်းဆုံး (၁) ပေခွဲခန့်အကွာ (သို့မဟုတ်) အပင်ရိပ်အဝန်းအဝိုင်းအတွင်း (၆) လက္မအနက်တွင်ထည့်သွင်းသင့်သည်။
  • ကြဲပက်ကျွေးပါက မြေသြဇာကြဲပက်ပြီး မြေဖြင့်ပြန်ဖုံးပေးရန် လိုအပ်ပါသည်။

ဖြစ်နိုင်လျှင် မြေသြဇာတစ်ခုချင်းစီတွင် ပါရှိသော နိုက်ထရိုဂျင် အချိုးအစားကို တွက်ချက် ၍ ဓါတုမြေသြဇာနေရာတွင် သဘာဝမြေသြဇာများ အစားထိုး၍ အသုံးပြုပါ။

  • မြေသြဇာမကျွေးခင်အပင်​ခြေရှိပေါင်းမြက်များကိုရှင်းလင်းရန်လိုအပ်ပါသည်။
  • မြေဩဇာကျွေးချိန် မြေကြီးထဲတွင် လုံလောက်သော အစိုဓာတ်ရှိရပါမည်။
အပင်သက်တမ်းအလိုက်လိုအပ်သောမြေသြဇာနှုန်းထားများ
အပင်သက်တမ်း

(နှစ်)

တစ်ပင်အတွက်လိုအပ်သော မြေသြဇာနှုန်းထား
သဘာဝမြေသြဇာ (ကီလိုဂရမ်) နိုက်ထရိုဂျင်

(ဂရမ်)

ဖော့စပရပ်

(ဂရမ်)

ပိုတက်စီယမ်

(ဂရမ်)

၁ နှစ်သား ၁၀၀ ၅၀ ၁၀၀
၂ နှစ်သား ၁၀ ၂၀၀ ၁၀၀ ၂၀၀
၃ နှစ်သား ၁၅ ၃၀၀ ၂၀၀ ၃၀၀
၄ နှစ်သား ၂၀ ၄၀၀ ၃၀၀ ၄၀၀
၅ နှစ်သား ၂၅ ၅၀၀ ၄၀၀ ၅၀၀
၆ နှစ်သား ၃၀ ၆၀၀ ၅၀၀ ၆၀၀
ရ နှစ်သား ၃၅ ရ၀၀ ၅၀၀ ရ၀၀
၁၀ နှစ်သားနှင့်အထက် ၅၀ ၁၀၀၀ ၅၀၀ ၁၀၀၀
၆-၆။  အော်ဂဲနစ်မြေသြဇာများအသုံးပြုခြင်း

ကောင်းစွာဆွေးမြေ့သော သဘာဝမြေသြဇာများကိုသာ အသုံးပြုရမည်။

  • ကျွဲ၊ နွား၊ တိရစ္ဆာန်အညစ်အကြေးများကို ကောင်းစွာဆွေးမြေ့ပြီးမှသာလျှင် မြေသြဇာအဖြစ် ထည့်သွင်းအသုံးပြုရမည်။
  • ရိတ်သိမ်းချိန်နှင့်နီးကပ်လာလျှင် အော်ဂဲနစ်မြေသြဇာ ထည့်သွင်းခြင်းကို လျှော့ချ သုံးစွဲရမည်။
  • တိရစ္ဆာန်အညစ်အကြေးပုံများနှင့် သဘာဝမြေဆွေးပုံများကို မြစ်ချောင်းများ၊ ရေသိုလှောင်ကန်များနှင့် ဝေးရာတွင်ထားရမည်။
၆-၇။ ပင်ကြွင်းပင်ကျန်များစွန့်ပစ်ခြင်း
  • အသီးသီးပြီးချိန်တွင် ပန်းခိုင်ဟောင်းများ၊ ကိုင်းသေ၊ ကိုင်းခြောက်များ ကျန်ရှိမနေစေရန် ရှင်းလင်းရမည်။
  • ထပ်နေသည့်အရွက်များ၊ အသီးနှင့်ကပ်လွန်းသောအရွက်များနှင့် ပုံမမှန် မသန်စွမ်းသည့် အသီးများနှင့် အပင်ခြေတွင် ကြွေကျနေသော အသီးပုပ် အကြွေများကို စနစ်တကျ ကောက်ယူဖျက်စီးပစ်ရမည်။
  • ပိုးမွှားကာကွယ်မှု ထိရောက်စေရန်နှင့် နေရောင်ခြည် လုံလောက်စွာ ရရှိနိုင်မည့် အသီးများကို ထိခိုက်စေနိုင်သော ကိုင်းများ၊ ပန်းခိုင်နှင့် အရွက်များကို ဖယ်ရှားရပါမည်။
  • အပင်ခြေမှာ ကြွေကျနေသော အသီးပုပ်အကြွေများကို စနစ်တကျကောက်ယူ ဖျက်စီးပစ်ရမည်။
၆-၈။  ပိုးသတ်ဆေးသုံးစွဲခြင်း

စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို လိုက်နာဆောင်ရွက်ရာတွင် မှတ်ပုံတင်ထားသည့် ပိုးသတ်ဆေးများကို စနစ်တကျအသုံးပြုရမည်။

  • ပိုးသတ်ဆေးသုံးစွဲပုံအဆင့်အဆင့်နှင့် အခြားပိုးမွှားကာကွယ်သည့်နည်းများ ပါဝင်သည့် ဘက်စုံသီးနှံကာကွယ်ရေး (IPM) စနစ်များကိုဆောင်ရွက်ရမည်။
  • အသီးများကို အိတ်စွပ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရမည်။
သရက်သီးနှံတွင်အဓိကကျရောက်သောပိုးမွှားများ
စဉ် ဖျက်ပိုးအမည် သိပ္ပံအမည် လက္ခဏာရပ် ကျရောက်ချိန် ကာကွယ်နှိမ်နင်းနည်း
၁။ သီးထိုးယင် Bactrocera dorsalis   &Bactrocera correcta ယင်မသည် ဥထိုးတံဖြင် သရက်သီး အမှည့်များအပေါ်တွင် အချိုင့်လေး များ ပြုလုပ်ကာ ဥဥလေ့ရှိသည်။ လောက်ကောင်သည် အသီးအတွင်း ဝင်ရောက်နေထိုင် စားသောက်သော ကြောင့် အသီးများ အရောင်ပျက်ခြင်း အနာကွက်များဖြစ်ပေါ်ခြင်း အသီးပုံ ပြောင်းလာခြင်း၊ အက်ကွဲခြင်း၊ ပြုတ်ကျခြင်းများ ဖြစ်ပေါ်ကာ

၄င်းအနာများမှတစ်ဆင့် မှို၊ ဘက်တီး ရီးယားများ ဝင်ရောက်ကာ အသီးများ ပုပ်စေပါသည်။ အသီးပုပ်များအတွင်း တွင် အဖြူရောင် လောက်ကောင်ငယ် များအားတွေ့ရသည်။

အသီးသီးချိန်တွင် ကျရောက်နိုင်ပါ သည်။ ရုပ်ဖုံးများမြေကြီးအတွင်း ဆက်လက် နေထိုင်နိုင်သဖြင့် မြေဆွခြင်း၊ မြေပြု ပြင်ခြင်းများ ပြုလုပ်ပါ။ ကြွေကျ အသီးများကို၁ပေခွဲ-၂ပေခန့် ကျင်းတူး ၍ မြေမြှုပ်ဖျက်ဆီးပါ။ သီးထိုးယင် ဦးရေအား ကင်းထောက်ရန် မီသိုင်း ယူဂျီနောဆေးထောင်ချောက်ကို တစ်ဧကလျှင် (၅) ခုနှုန်း တပ်ဆင်ပါ။ ပန်းစတင်ပွင့်ချိန်မှ (၅၅-၆၅) ရက် အတွင်း အိတ်စွပ်ပါ။ အိတ်မစွပ်ခင် (၂-၃) ရက်ကြိုတင်၍  ထိသေစားသေ အာနိသင်ရှိ ပိုးသတ်ဆေး တမျိုးမျိုး ကို အညွှန်းအတိုင်းပက်ဖျန်းပါ။

 

၂။ အစေ့ထိုးပိုး Sternochetus mangiferae (F) သေးငယ်၍မဲနက်သောမျဉ်းကွေးပုံ သဏ္ဍာန် အစက်များအသီးပေါ်တွင် မြင်ရနိုင်သည်။ ပိုးကျသော အသီးတွင် အတွင်းပိုင်း အစေ့ရွက်သည် အနက် ရောင်ပြောင်း၍ ပုပ်သွားသည်။

 

သီးကင်းချိန်မှစ၍ ခူးဆွတ်ချိန်ထိ ကျရောက်နိုင်ပါသည် ကြွေကျသောအသီးများကို ကောက်ယူ မြေမြှုပ်ပါ။ Yellow Sticky Trap သုံး၍ အစေ့ထိုး ပိုးဦးရေအား ကင်းထောက်ပါ။ ပန်းစတင်ပွင့်ချိန်မှ (၅၅) ရက်အတွင်း အိတ်စွပ်ပါ။ အိတ်မစွပ်ခင် (၂-၃) ရက်ကြိုတင်၍  ထိသေစားသေ

အာနိသင်ရှိ ပိုးသတ် ဆေးတမျိုးမျိုးကို အညွှန်းအတိုင်း ပက်ဖျန်းပါ။

 

၃။ အသားထိုးပိုး Sternochetus frigidus (fabricius) ပြင်ပဖျက်ဆီးမှု လက္ခဏာမတွေ့ရပဲ အသီးကို ခွဲကြည့်ပါက အညိုရောင် လှိုဏ်ခေါင်း အတွင်းတွင်

လောက်ကောင်၊ ရုပ်ဖုံး၊ အကောင်ကြီး များကိုတွေ့ရပါသည်။ အကောင်ကြီး ကို ထင်ရှားစွာ မြင်တွေ့နိုင်၍ အကောင်ထွက်လာသော အပေါက် တွင် မှိုရောဂါများ ကျရောက်နိုင် သည်။

သီးကင်းစချိန်မှ ခူးဆွတ်ချိန်အထိ ကျရောက်နိုင်ပါ သည်။ ကြွေကျသော အသီးများကိုကောက်ယူ မြေမြှုပ်ပါ။ Yellow Sticky Trap သုံး၍ အသားထိုးပိုး ဦးရေအား ကင်းထောက်ပါ။ ပန်းစတင်ပွင့်ချိန်မှ (၅၅) ရက် အတွင်းအိတ်စွပ်ပါ။ အိတ်မစွပ်ခင် (၂-၃) ရက်ကြိုတင်၍  ထိသေ၊ စားသေ အာနိသင်ရှိ ပိုးသတ် ဆေး တစ်မျိုးမျိုးကို အညွှန်းအတိုင်း ပက်ဖျန်းပါ။
၄။ ပင်စည်ထိုးပိုး Batocera rufomaculata ပင်စည်ထဲတွင် ဥများဥချပါသည်။ ပြင်းထန်စွာ ကျရောက်ပါက အကိုင်း များ ခြောက်ခြင်း၊ ကျိုးကျခြင်း (သို့) တစ်ပင်လုံးသေဆုံးခြင်း ဖြစ်နိုင်သည်။ ပင်ပိုင်းကြီးထွားမှု တစ်လျောက် ကျရောက်နိုင်ပါ သည်။ ပိုးကျသောအပင်အစိတ်အပိုင်း များအားလောက်ကောင်နှင့် ရုပ်ဖုံးများ သေစေရန်ဖြတ်တောက်ပါ။ ပင်လုံးပြန့်ပိုးသတ်ဆေး (သို့) ပိုးသတ်ဆေး ဆွတ်ထားသော ဂွမ်းအား ပင်စည်ထဲသို့ ထိုးထည့်ပါ။ ပိုးသတ်ဆေးနှင့် ထုံးရောနှော၍ ပင်စည်အား သုတ်လိမ်းပြီး ပတ်တီး စည်းပေးပါ။ အပင်ခြေတွင် Fipronil 3GR, Furadan 3G ​အားမြေဆွ၍ ထည့်ပေးပါ။

 

၅။ ဖြုတ်ပိုး Idioscopus niveosparsus ပန်းပွင့်နှင့် အရွက်အား စုပ်စားသဖြင့် ပန်းခိုင်များညှိုးခြောက်စေပါသည်။ အချိုရည်များ ထုတ်သဖြင့်  ကြပ်ခိုးမှို ရောဂါ ဖြစ်စေပါသည်။ ပန်းပွင့်ချိန်တွင် ကျရောက်နိုင်ပါ သည်။ အပင်အုပ်ဆိုင်းနေခြင်းမှ ရှောင်ကြဉ် ရန် ကိုင်းဖြတ်ခြင်းပြုလုပ်ပါ။ ပုံမှန် ထယ်ထိုးခြင်းနှင့်​ပေါင်းမြက်ရှင်းလင်း ပါ။ ပန်းစပွင့်ချိန်မှ အသီးမဖြစ်ခင် (၂) ကြိမ်နှင့် အသီးစတင်ချိန်တွင် ပင်လုံးပြန့် ပိုးသတ်ဆေး ပက်ဖျန်းပါ။

 

၆။ အကြေးပိုး Aulacapis tubercularis အရွက်များ အဝါရောင် ပြောင်းသွား မည်။ အသီးများပေါ်တွင် အမဲကွက် များ ဖြစ်ပေါ်လာမည်။ တစ်နှစ်ပတ်လုံး

တွေ့ရသည်။ပန်းပွင့်

ချိန်နှင့် အသီးခူးချိန် များတွင် ပိုမို ကျရောက်သည်။

ကင်းထောက်ပါ။ အပင်ကြဲကြဲ စိုက်ခြင်း၊ ကိုင်းခုတ်ခြင်းများ ပြုလုပ် ပါ။ ပင်လုံးပြန့် ပိုးသတ်ဆေး တစ်မျိုးမျိုးအား ပက်ဖျန်းပါ။ အကြေးပိုးများအား ခြစ်ထုတ်ခြင်း၊ ပွတ်တိုက်ဖယ်ရှားခြင်းများ ပြုလုပ်ပါ။
၇။ ပိုးစေးနှဲ Rastrococcus spinosus ​စေးကပ်သောအရည်များ အသီး မျက်နှာပြင်တွင် ကျန်ရှိသောကြောင့် ကြပ်ခိုးမှိုရောဂါ ပေါက်ဖွားမှုကိုဖြစ်စေ သည်။ အသီးကြီးထွားချိန် တွင်ကျရောက်နိုင်ပါ

သည်။

ဥများသေစေရန် ထယ်ထိုး၍ရေသွင်း ပေးပါ။ ပင်စည်အားရွှံ့အုံ၍ ၃၀ စင်တီ မီတာ အမြင့်တွင် ပတ်တီးစည်းပေး ပါ။ ပင်လုံးပြန့်ပိုးသတ်ဆေး တစ်မျိုး မျိုး ပက်ဖျန်းပါ။
မြန်မာနိုင်ငံသရက်သီးနှံတွင်အဓိကကျရောက်သောရောဂါများ

စဉ်
ရောဂါအမည် ရောဂါဖြစ်စေ သောသက်ရှိ ရောဂါလက္ခဏာ ကျရောက်မှု ကာကွယ်နှိမ်နင်းနည်း
မှည့်ပြောက်စွန်းရောဂါ
(Anthracnose)
ပန်းခိုင်ခြောက်ရောဂါ
(Blossom blight)
ကိုင်းဖျားခြောက်ရောဂါ
(Die back)
Glomenella cingulata အရွက်၊အကိုင်း၊ ပန်းခိုင်နှင့် အသီးပေါ် တို့တွင် ရွက်ခြောက်လက္ခဏာနှင့် ကိုင်းဖျား ခြောက် လက္ခဏာများကို တွေ့ရသည်။ အသီးတွင် မရိတ်သိမ်းမီတွင်လည်းကောင်း၊ ရိတ်သိမ်းပြီးသိုလှောင်ချိန်တွင် လည်းကောင်းတွေ့ရသည်။ အသီးငယ်စဉ် ရောဂါရပါကညိုမဲရောင်အစက်များ စတင်  တွေ့ရပြီး အသီးကြွေခြင်း ဖြစ်နိုင်သည်။ အသီးရင့်လာသည်နှင့်အမျှ ရောဂါ တိုးတက်လာပြီးမှည့်သောအချိန်ထိ အနက် ရောင်အကွက်များ၊ အစင်းများ ဖြစ်လာ သည်။ တစ်ခါတရံ အသီးမျက်နှာပြင်ကို ကွဲအက်စေသည်။ အစိုဓာတ်ရှိသော အခြေ အနေတွင် အနက်စက်များ ကျယ်ပြန့်လာ၍ အနာကွက်ပေါ်တွင်ပန်းရောင်၊လိမ္မော်ရောင် မှိုအစုအဝေးကို မျက်စိဖြင့် မြင်နိုင်သည်။ အရွက်နုထွက်ချိန်၊ ပန်းခိုင်ထွက်ချိန်၊ အသီးခူးဆွတ်ပြီးချိန်၊ ပူပြင်း စိုစွတ်ချိန် တို့တွင် တွေ့ရများသည်။ မိုးရေဖြင့် အဓိကကူးစက်သည်။ အသီးကြီးထွားချိန် အပင်ကြီးထွားမှုအဆင့်တိုင်းတွင် ရောဂါ ကျရောက်သည်။ ရောဂါကျရောက်သော ပင်ကြွင်း၊ ပင်ကျန်များ ကို ဖယ်ရှားပစ်ပါ။ရောဂါလက္ခဏာ စတွေ့တွေ့ချင်း Chlorothalonil, Copper compounds, Mancozeb,  Benomyl,  Carbendazim Azoxystrobin စသည့် ဓာတုမှိုသတ် ဆေး တစ်မျိုးမျိုး ဖျန်းပါ။
ဖားဥမှိုရောဂါ
(Powdery Mildew)
Oidium mangiferae အရွက်ပေါ်တွင် အဖြူ(သို့)မီးခိုးရောင် မှိုမျှင်ကွက်များ ဖြစ်ပေါ်သည်။ ရောဂါ ပြင်းထန်ပါက အရွက်တစ်ခုလုံး အညိုရောင် ပြောင်းသွားပြီး တွန့်လိမ်၍ခြောက်သွား သည်။ ပန်းခိုင်ပေါ်တွင် ရောဂါကျရောက် ပါက အဖြူရောင်/မီးခိုးရောင် အမှုန့်များ ကပ်နေသည်ကို တွေ့ရသည်။ ရောဂါ ပြင်းထန်ပါက အရွက်၊ အညွန့်၊ ပန်းခိုင်များ တွန့်လိမ်ခြောက်သွားသည်။အချို့အညွန့်များ မဲခြောက်သွားတတ်သည်။ ပွင့်ပိုင်းအများတွင် ရောဂါ အဓိက ဝင်ရောက်  ဖြစ်ပွား ကာ အသီးတင်မှုကိုတိုက်ရိုက်ထိခိုက်စေသည်။ အရွက်နှင့်အသီးတွင်လည်း ရောဂါ ကျရောက်နိုင်သည်။ ပိုအေးသောကုန်းမြင့်ဒေသ များတွင်ပန်းပွင့်ချိန်နောက်ပိုင်းကာလအထိ ရောဂါစွဲမြဲစွာ ကျရောက် နိုင်သည်။ ပန်းပွင့်ရာသီ အစောပိုင်းတွင် ရောဂါ ပြင်းထန်စွာကျရောက်လျှင် အထွက်ဆုံးရှုံးမှုအား မခန့်မှန်းနိုင်ပါ။ ခံနိုင်ရည်ရှိသောမျိုးဖြင့် ရွေးချယ်စိုက်ပျိုးပါ။ အဖူးဖူးချိန်၊ ပန်းပွင့် ချိန်နှင့် သီးကင်းဝင်ချိန် တို့တွင် မှိုသတ်ဆေး ဖျန်းပေးသင့်သည်။ အရွက်ပေါ်တွင် ရောဂါ လက္ခဏာ စတွေ့တွေ့ချင်း Hexaconazole, Captan, Azoxystrobin, Krexosin,  Methyl, Thiophanante methyl စသည့် ဓါတုပိုးသတ်ဆေး တမျိုးမျိုး ဖျန်းပါ။
မီးခိုရောင်ရွက်ပြောက် ရောဂါ
(Grey Leaf Spot)
Pestalotiopsis mangiferae     အရွက်ပေါ်မှ အပြောက်များမှာ မီလီမီတာ အနည်းငယ်မှ စင်တီမီတာများစွာ ရှည်နိုင်ပြီး အကွက်ပြောက် အနားသတ်မှာ အနက်ရောင် ဖြင့် ပြတ်သားစွာတွေ့နိုင်ပါသည်။ အပေါ် မျက်နှာပြင်ပေါ် မီးခိုးရောင်ရှိပြီး အောက် မျက်နှာပြင်ပေါ်မှာ မီးခိုးရောင်မှ အညိုရောင် အထိ တွေ့နိုင်သည်။ အပင်ကြီးထွားမှု နောက်ပိုင်းတွင် ရောဂါ ကျရောက်သည်။ သရက်စိုက်ခင်း သန့်ရှင်းရေးကို ဂရုစိုက်ပါ။ အပင်ကို အာဟာရဓာတ် ပြည့်စုံအောင်ကျွေးပါ။ အပင်ကိုကျန်းမာသန် စွမ်းအောင်ပြုစုပါ။
အယ်လ်ဂေး ရွက်ပြောက် ရောဂါ
(Algal Leaf Spot)
Cephaleuros virescens အရွက်မျက်နှာပြင်ပေါ်မှာ လိမ္မော်ရောင် အစက်ပြောက်မှ သံချေးရောင်အကွက်များ တွေ့ရပြီး ရောဂါရင့်လာပါက မီးခိုးစိမ်း ရောင်သို့ ပြောင်းသွားသည်။ စွတ်စိုထိုင်းမှိုင်းသော ပတ် ဝန်းကျင် အခြေအနေပေး ပါက ရောဂါပိုတိုးပွားစေ သည်။ အပင် ပြုစုထိန်းသိမ်း နည်းများကို ကောင်း မွန်စွာဆောင်ရွက်ပါ။ လေဝင်လေထွက် ကောင်းအောင် ပြုလုပ် ပါ။ အပင်ကို အာဟာရဓာတ် ပြည့်စုံအောင် ကျွေးပါ။ မွှား၊ အင်းဆက်များကို နှိမ်နင်းပါ။
သရက်ကြေးဖတ် ရောဂါ
Mango Scab
Denticularia mangiferae အရွက်များ၊အသီးများပေါ်တွင် အညိုဖျော့ ရောင်မှ ဖြူမှိုင်းရောင်ရှိ အဝိုင်းပုံ၊ မညီမညာ ပုံရှိသော အပြောက်များ ဖြစ်ပေါ်သည်။ အရွက်တွင်ရောဂါ ပြင်းထန်ပါက တွန့်လိမ် ကာ ပုံပျက်ပြီး ကြွေကျ

သွားသည်။ အသီးပေါ် ရှိ အပြောက်သည် အသီး ကြီးသလောက် ကြီးထွားသည်။ ရောဂါရ အပြောက်၏ အလယ်တွင် အက်ကွဲကြောင်း  များ ဖြစ်ပေါ်ပြီး တစ်သျူးသားများသည် ဖော့သားကဲ့သို့ ဖြစ်လာသည်။

အပင်သက်တမ်း တစ်လျှောက်တွင်  ကျရောက်နိုင်သည်။ စိုက်ခင်းအတွင်း အိုဟောင်းသော အကိုင်းအလက်များ ကို ရှင်းလင်းပါ။ ပန်းပွင့်ချိန်နှင့် အသီး တင်ချိန်၊ အကိုင်းဖြတ် ပြီးချိန်၊ ရွက်နုထွက်ချိန် စသည်တို့တွင် Copper fungicides, Difenconazole, Mancozeb, Thiophanate methyl, Azoxystrobin မှိုသတ်ဆေးများကို အသုံးပြုပါ။
သဏ္ဍာန်ပြောင်းလဲခြင်း ရောဂါ
(Malformation of Mango)
Fusarium moniliforme

ပင်ပိုင်းသဏ္ဍာန်ပြောင်းလဲခြင်း။
ပျိုးပင်ငယ်များ၊ အပင်ငယ်များတွင် အဓိက တွေ့ရှိနိုင်သည်။ ရောဂါရ အပင်ငယ်များတွင် ပုံမမှန်ကြီးထွားခြင်း၊ အကိုင်းနု၊ အညွန့်များ ဖောင်းကားလာသကဲ့သို့ဖြစ်ခြင်း၊ ဆစ်ကြားများ တိုလာခြင်း၊ အရွက်များ စုပြုံ ထွက်လာခြင်း၊

ပွင့်ပိုင်းအင်္ဂါများ သဏ္ဍာန်ပြောင်းလဲခြင်း။

ပွင့်ဖူးများမှာ ပင်ဖူးများအဖြစ် ပြောင်းလဲသွားခြင်း၊ အကိုင်းနှင့် အရွက်ငယ် များ စုပြုံထွက်လာခြင်း၊ ဆစ်ကြားများ တိုလာခြင်း၊ အရောင်ဖျော့လာခြင်း၊

အပင်သက်တမ်း တစ်လျှောက်တွင်ကျရောက်နိုင်သည်။ အသီး ထွက်နှုန်းကို ထိခိုက်စေ သည်။ ကိုင်းကူးခြင်းမှ တစ်ဆင့် လွယ်ကူစွာ ကူးစက် စေသည်။ ရောဂါကင်းပျိုးခင်းမှ ပျိုးပင်ကိုရွေးချယ်ပါ။ ရောဂါကျ အစိတ်အပိုင်း များကို ဖြတ်တောက် ဖယ်ရှားပစ်ပါ။ ၎င်းနည်းစနစ်ကို (၂)နှစ် (၃) နှစ် ဆက်တိုက်

ဆောင်ရွက်ပါ။ Carbendazim, Tebuconazole, Benomyl ဆေးများကို အသုံးပြုနိုင်သည်။

၇။ သီးညှာပုပ်ရောဂါ
(Stem-end rot)
-Phomopsis mangiferae
Lasiodiplodia theobromae
Cytosphaera mangiferae
Botryosphaeri
a  parva
အပွင့်ပွင့်စဉ် ဝင်ရောက်တိုက်ခိုက်၍ အသီးသို့ ရောက်ရှိသွားပြီးကိုင်းများ လိမ်ခြင်း၊ ကိုင်းဖျားများခြောက်ခြင်း လက္ခဏာနှင့် ဆင်တူသည်။ အသီးအညှာပိုင်းမှစ၍ အမဲကွက် ရောဂါလက္ခဏာကို တွေ့ရသည်။အရွက်ညွှန့်များ၏ ထိပ်ဖျားများ မဲခြောက် နေသည်။ ပင်စည်တစ်သျှူးများတွင် ဝင်ရောက်ခိုအောင်း ရှင်သန်သည်။မှည့်သော အသီးများတွင် ရောဂါ လက္ခဏာ တွေ့နိုင် သည်။ ဆွတ်ခူးပြီး အသီးများ ကို မြေပေါ်တွင်အခင်း မရှိဘဲ မထားပါနှင့်။ ရောဂါကျလျှင် ပုံမှန် ဖျန်းနေကျ ဆေးများ ဖျန်းပါ။ မရိတ်သိမ်းမီ၊ ရိတ်သိမ်းပြီး လိုအပ် သလို စနစ်တကျ ဆောင်ရွက်ပါ။ အသီး များကို ရေနွေးဖြင့် ၅၃ ဒီဂရီစင်တီဂရိတ်တွင် (၁၀)မိနစ်ခန့် စိမ်ခြင်း ဖြင့်ရောဂါကို လျော့နည်း စေသည်။Copper fungicides, Difenconazole, Mancozeb, Thiophanate methyl, Azoxystrobin မှိုသတ်ဆေးများကို အသုံးပြုပါ။
ဘက်တီးရီးယား နက်ပြောက်ရောဂါ
(Bacterial black leaf spot)
Xanthomonas axonopodis pv.
Mangiferae indicae
အရွက်၊ ပင်စည်၊ အသီးပေါ်ကျရောက် နိုင်သည်။ ရေစိုနာကွက်များကို အရွက် ပေါ်တွင် တွေ့ရသည်။ အသီးပေါ်ကျရောက်မှု သည် အရေးကြီးဆုံးဖြစ်သည်။ အရွက်ပေါ် တွင် ကျရောက်သော အကွက်များမှာ ရွက်ကြောကြားတွင်ရှိပြီး၊ အနက်ရောင် ဖြစ်၍ အနည်းငယ် မို့မောက်နေသည်။ ရောဂါရင့်လာပါက အရွက်ပြောက်များ ညိုခြောက်ပြီး ကွဲအက်သွားသည်။ ပင်စည်ပေါ်တွင်လည်း အနက်ရောင် အက်ကွဲကြောင်းများဖြစ်၍ အစေးများ ထွက်လေ့ရှိသည်။ အသီးပေါ်ရှိ အနာကွက်မှ လည်း အစေးထွက်လေ့ရှိသည်။ မိုးရာသီအပင်သက်တမ်း တစ်လျှောက်တွင် ကျရောက်သည်။ မိုးရာသီတွင် ကော့ပါး ပါသော  မှိုသတ်ဆေး များဖြင့် ပက်ဖျန်းပါ။ စိုက်ခင်းကို သန့်ရှင်း အောင် ဂရုစိုက်ပါ ပက်ဖျန်းသည့် အကြိမ်    သည် အပင်ခံနိုင်ရည်ရှိမှု ရာသီဥတုအခြေအနေ၊ အသီးပေါ်ချိန်တို့တွင် မူတည်သည်။Copper fungicides, Kasugamycin, Bismathiazoleဆေးများ သုံးနိုင်သည်။
၆-၉။ သရက်သီးအိတ်စွပ်ခြင်း

သရက်သီးအိတ်စွပ်ခြင်းလုပ်ငန်းကို

  • သရက်သီးများအပေါ် လေထုထဲတွင်ရှိသော အန္တရာယ်ဖြစ်စေနိုင်သည့် ရောဂါ ပိုးမွှားများ ဝင်ရောက်ခြင်းမှ ကာကွယ်ရန်၊
  • အသီးနှင့်အခြားသောအရာဝတ္တုများ ပွတ်တိုက်ခြင်းမှကာကွယ်ရန် သရက်သီး အိတ်စွပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည်။

အိတ်စွပ်ခြင်းလုပ်ငန်းကို ပန်းပွင့်ပြီး (၄၅ – ၆၀) ရက်အတွင်း အသီးကြက်ဥလုံးအရွယ် တွင်ဆောင်ရွက်ရမည်။

အိတ်မစွပ်မီ အိတ်စွပ်မည့်အသီးပေါ်ရှိ အမှိုက်သရိုက်များကိုဖယ်ရှားပါ။ ထို့နောက် အသီးမျက်နှာပြင်ပေါ် ပိုးသတ်ဆေးနှင့်မှိုသတ်ဆေးကို ပက်ဖျန်းပေးပါ။

ဆေးဖြန်းပြီးသည့်နေ့ အသီးမျက်နှာပြင် ခြောက်သွေ့သောအချိန်တွင် အိတ်စွပ်ခြင်း လုပ်ငန်း ဆောင်ရွက်ရမည်။

၆-၁၀။ မရိတ်သိမ်းမီလုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ

သရက်ပင်များတွင်အသုံးပြုသော ဓာတုဆေးဝါးများကြောင့်လည်းကောင်း၊ ရုပ်ပိုင်း ဆိုင်ရာနှင့် ဇီဝသက်ရှိများကြောင့် ရောဂါများဝင်ရောက်နိုင်၍ စားသုံးသူများအန္တရာယ် ဖြစ်စေနိုင်ပြီး သရက်သီးနှံ၏ အရည်အသွေးကိုပါ ထိခိုက်စေနိုင်ပါသည်။

  • မခူးဆွတ်မီ ကြိုတင်ကာကွယ်မှုများကို လိုက်နာဆောင်ရွက်ခြင်းအားဖြင့် အသီး၏အရည်အသွေး တိုးမြှင့်လာနိုင်ပြီး ကျန်းမာရေးကို ထိခိုက်စေသော အန္တရာယ် ဖြစ်ပွားမှုများ လျော့နည်းစေနိုင်သည်။
  • သရက်သီးများ မခူးဆွတ်မီ အသုံးပြုမည့်ပစ္စည်းကိရိယာများ၊ ယာဉ်များသည် သန့်ရှင်းရမည်။
  • ပျက်စီးနေသော ထည့်စရာပစ္စည်းများ၊ အန္တရာယ်ရှိသောအရာဝတ္ထုများ၊ စားသုံးရန် မသင့်တော်သော သီးနှံ အပိုင်းအစများကို ရှင်းလင်းဖယ်ရှားပစ်ရ မည်။

စိုက်ပျိုးရေးနှင့်အခြားဆက်စပ်ပစ္စည်းကိရိယာများ

သရက်သီးနှံအတွက် အသုံးပြုသောပစ္စည်းကိရိယာများ၊ သိုလှောင်ပစ္စည်းများနှင့် အခြားပစ္စည်းများသည် သန့်ရှင်းပြီး သီးနှံကို ညစ်ညမ်းမှုမရှိစေရ။

စွန့်ပစ်ပစ္စည်းများ၊ ဓါတုဆေးများနှင့် အခြားအန္တရာယ်ဖြစ်စေသည့် အရာများ ထည့်သွင်းအသုံးပြုသည့်ပစ္စည်းများကို တိတိကျကျ သတ်မှတ်ထားရမည်။ ၎င်းပစ္စည်း များဖြင့် သရက်သီးနှံများ ထည့်ခြင်း၊ သိုလှောင်ခြင်း မပြုရ။

  • မခူးဆွတ်မီ၊ ခူးဆွတ်ချိန်နှင့် ခူးဆွတ်ပြီးနောက်ပိုင်း သရက်ခင်းများတွင် အသုံးပြုသော ပစ္စည်းကိရိယာများကို သန့်ရှင်းသောရေနှင့် ဆေးကြောရန် လိုအပ်သည်။
  • ယခင်နှစ်က အသုံးပြုခဲ့သော သရက်သီးစွတ်အိတ်များကို ပြန်လည်အသုံး မပြုသင့်ပါ။
  • ခူးဆွတ်ပြီးသော အသီးများထည့်ရာတွင် အသုံးပြုမည့် ထည့်စရာခြင်း စသည် တို့သည် သန့်ရှင်းရမည်။
  • ခူးဆွတ်ပြီးသော သရက်သီးများ ထိခိုက်ဒါဏ်ရာရမှု့ နည်းစေရန်အတွက် အသုံးပြုသော Poly-Ethylene ပလပ်စတစ်အိတ်များသည် သန့်ရှင်းရမည်။
  • သယ်ယူရာတွင်လည်း သန့်ရှင်းသောဖော့(သို့) စက္ကူပါး(သို့) နူးညံ့သော အရာဝတ္ထုများနှင့် လိုင်းအလိုက်၊ အကန့်လိုက် ထည့်ရမည်။
  • ဓါတုပစ္စည်းများ၊ မြေဆွေးစသည်များထည့်ထားပြီးသော ပစ္စည်းများနှင့် အသီးများကို သယ်ယူပို့ဆောင်ခြင်း မပြုရ။
  • အသုံးပြုသော ပစ္စည်းကိရိယာများနှင့်သုံးစွဲမှုများကို မှတ်တမ်းထားရှိရမည်။

ရိတ်သိမ်းခြင်းနှင့် ထွက်ကုန်ပြုပြင်ခြင်း

သရက်သီးများ ခူးဆွတ်ရိတ်သိမ်းသည့်အခါတွင် အသီးများ ထိခိုက်ပျက်စီးမှု့ မဖြစ်စေရန် မှန်ကန်ကောင်းမွန်သည့် နည်းလမ်းများကို အသုံးပြုရမည်။

  • သရက်သီးများ ပုခုံးသားဖောင်းပြီး အသီး၏အတွင်းသား အဝါရောင်ပြောင်းချိန်၊ အသီးညှာ နီညိုရောင်ပြောင်းချိန်သည် အကောင်းဆုံး ခူးဆွတ်ချိန်ဖြစ်ပြီး အစေး ထွက်မှုများသော နံနက် စောစောနှင့် မိုးရွာသွန်းနေသည့် အချိန်တို့တွင် ခူးဆွတ်ခြင်းကို ရှောင်ရှားသင့်သည်။
  • သရက်သီးများကို အနည်းဆုံး အညှာအရှည် (၁၀) စင်တီမီတာချန်၍ ခူးဆွတ်ပြီး အရိပ်ရသောနေရာ၊ သန့်ရှင်းသောအခင်းပေါ်တွင် ထားရှိရမည်။
  • ထို့နောက် အစေးများစစ်စေရန် ဇောက်ထိုးကိုင်၍ ၀.၅ စင်တီမီတာ အရှည်ချန်၍ ဖြတ်ပါ။
  • သရက်သီးများတွင် ဓါတုဆေးများ အသုံးပြုမည်ဆိုလျင် ထွက်ကုန်များကို ထိခိုက်မှုအနည်းဆုံး ဖြစ်စေရေးအတွက် အသင့်လျော်ဆုံး ဓါတုဆေးများကိုသာ ရွေးချယ်ရမည်။
  • ခူးဆွတ်ပြီး သရက်သီးနှံများကို မြေကြီး (သို့မဟုတ်) ကိုင်တွယ်ထုပ်ပိုးသည့်  ကြမ်းပြင် (သို့မဟုတ်) သိုလှောင်သည့် နေရာကြမ်းခင်းနှင့် တိုက်ရိုက်ထိတွေ့ခြင်း မရှိအောင် သန့်ရှင်းသော အခင်း/ ပစ္စည်းပေါ်တွင် ထားရှိရမည်။
  • သရက်သီးများ ဆေးကြောရာတွင် အသုံးပြုသောရေသည် သန့်ရှင်းစင်ကြယ် ရမည်။
  • သရက်သီးထုပ်ပိုးမည့် နေရာအတွင်းရှိ အသီးများထားသောနေရာကို တာဝန် ရှိသူမှလွဲ၍ အခြားသူများမဝင်ရ။
  • သရက်သီးထုပ်ပိုးမည့်နေရာ အနီးပတ်ဝန်းကျင်တွင် ပိုးမွှားများနှင့် အိမ်မွေး တိရိစ္ဆာန်များ မရှိစေရ။
  • သရက်သီးအတွက် သတ်မှတ်ထားသော စံချိန်စံညွှန်းအတိုင်း အဆင့်အတန်း ခွဲခြား၍ စနစ်တကျ ထုပ်ပိုးရမည်။

သိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း

သရက်သီးများကို ဓါတု၊ ဇီဝနှင့် ရုပ်ဝတ္ထုဆိုင်ရာညစ်ညမ်းမှု အန္တရာယ်ဖြစ်စေနိုင် သော ကုန်ပစ္စည်းများနှင့် သီးခြားခွဲ၍ သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း ပြုလုပ်ရမည်။ သယ်ယူပို့ဆောင်မည့်ယာဉ်များကို အသုံးမပြုမီ သန့်ရှင်းမှု၊ ဓါတုဆေးဖိတ်စင်မှု့၊  အခြား ပစ္စည်းများနှင့် ပိုးမွှားကျရောက်မှု  ရှိ/မရှိ တို့ကို စစ်ဆေးရမည်။

  • သရက်သီးများထုပ်ပိုးမည့် ထုပ်ပိုးပစ္စည်းများကို သန့်ရှင်းခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းသောနေရာတွင် ထားရှိရမည်။
  • သရက်သီးများကို လတ်လတ်ဆတ်ဆတ် သိုလှောင်နိုင်ရန် အတွက် အအေးခန်းများကို စနစ်တကျနှင့် သပ်သပ်ရပ်ရပ် ထားရှိရမည်။
  • ပုံမှန်အားဖြင့် လေဖြင့်အအေးခံခြင်းနည်းစနစ် (Air- Cooling System) အတွက် အသုံးပြုမည့် ပန်ကာများကို စနစ်တကျ သန့်ရှင်းထားရှိသင့်သည်။
  • သယ်ယူပို့ဆောင်ရာတွင်လည်း တင်ပို့လိုသည့် နေရာရောက်သည်အထိ သီးနှံ ၏ ဇီဝဖြစ်စဉ်များနှင့် ဓာတ်ပြောင်းလဲမှုများကို ထိန်းသိမ်းကြည့်ရှုရမည်။
  • ပို့ဆောင်သည့်ယာဉ်များသည် သန့်ရှင်းရမည်။ တိရိစ္ဆာန်များနှင့် သီးနှံများ ရောနှော သယ်ဆောင်ခြင်းမပြုရ။
  • သယ်ယူပို့ဆောင်ရာတွင် ပတ်ဝန်းကျင်မှ ရောဂါဝင်ရောက်ခြင်း မရှိနိုင်စေရန် ထုပ်ပိုးထားသော သရက်သီးများကို သယ်ယူရာတွင် အလုံပိတ် အအေးခန်း ကားများကို အသုံးပြုသင့်သည်။

အဆောက်အဦများ ဆောက်လုပ်ထားခြင်း

  • သရက်သီးများအား ထုပ်ပိုးခြင်း၊ ကိုင်တွယ်ပြုပြင်ခြင်းနှင့် သိုလှောင်ထားရှိခြင်း တို့တွင် ဘေးဥပါဒ်အန္တရာယ် ကျရောက်မှုနည်းပါးစေရန် သီးသန့်အဆောက်အဦများ တည်ဆောက်ခြင်း (သို့မဟုတ်) သီးသန့်ဆောင်ရွက်မည့် နေရာများ သတ်မှတ်ရမည်။  ပြုပြင် ထိန်းသိမ်းပေးရမည်။
  • လောင်စာဆီ၊ ပိုးသတ်ဆေးနှင့် မြေသြဇာများ၊ လယ်ယာသုံးကိရိယာများအပါအဝင် အခြားပစ္စည်းများနှင့် သရက်များကို ရောနှောသိုလှောင်ခြင်းမပြုရ။
  • သရက်သီးများရိတ်သိမ်းပြီးနောက်ပိုင်းလုပ်ငန်းနှင့် သက်ဆိုင်သော အဆောက်အဦ များကို တိရိစ္ဆာန်များ၊ မြေဆွေးထားသောနေရာများနှင့် ဝေးသည့်နေရာတွင် တည်ရှိရမည်။

တိရိစ္ဆာန်နှင့်ဖျက်ပိုးများထိန်းချုပ်ခြင်း

  • သရက်သီးများ ကိုင်တွယ် ပြုပြင်၊ ထုပ်ပိုး၊ သိုလှောင်သည့် နေရာများနှင့် အနီး တစ်ဝိုက်တွင် အင်းဆက်ဖျက်ပိုးများ ရှိမနေစေရန် အတွက် ကြိုတင်စီမံ ကာကွယ်ထားရမည်။
  • သရက်သီးများ၊ ထုပ်ပိုးခွံပစ္စည်းများ၊ အခြားပစ္စည်းများကို ညစ်ညမ်းမှု အန္တရာယ်အနည်းဆုံး ဖြစ်စေရန်အတွက် မျှားစာများ၊ ထောင်ခြောက်များကို သတ်မှတ်နေရာတွင် ထားရှိရမည်ဖြစ်ပြီး ကြပ်မတ်ကြည့်ရှုရမည်။
  • မျှားစာများ၊ ထောင်ခြောက်များထားရှိသည့် နေရာကိုလည်း မှတ်သားထား ရမည်။

အထောက်အထားနှင့်မှတ်တမ်းများ

သရက်စိုက်ပျိုးထုတ်လုပ်သူများသည်စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ နှင့်ပါတ်သက်သည့်မှတ်တမ်းများကို အနည်းဆုံး(၂)နှစ် သိမ်းဆည်းထားရမည်။လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများအတွက် သတ်မှတ်ထားသည့် မှတ်တမ်း ပုံစံတွင် စနစ်တကျ မှန်ကန်ရှင်းလင်းစွာ ရေးသွင်းထားရမည်။ ကွင်းဆင်းစစ်ဆေးသူများ လာရောက် စစ်ဆေးပါကလည်း အစစ်ဆေးခံနိုင်ရမည်။

နောက်ကြောင်းပြန်စစ်ဆေးခြင်းနှင့်ပြန်လည်သိမ်းဆည်းခြင်း

သရက်သီး စိုက်ပျိုးထုတ်လုပ်သည့် နေရာအား နောက်ကြောင်းပြန် စစ်ဆေးနိုင်ရန်   အတွက် ထုပ်ပိုးပစ္စည်းများအပေါ်တွင် သိသာထင်ရှားသည့် အမှတ်အသားနှင့် မှတ်ပုံတင် အမှတ်အသား ပြုလုပ်ထားရှိရမည်။ သရက်သီးမျိုးအလိုက် တင်ပို့သည့်နေရာနှင့် ပေးပို့သည့် ရက်စွဲတို့ကို မှတ်တမ်းထားရှိရမည်။

  • သရက်သီးမျိုးအလိုက် သီးခြားစီ စိုက်ပျိုးထုတ်လုပ်ထားသော မြေယာတစ်ခု ချင်းကို အမည်(သို့မဟုတ်) သင်္ကေတနံပါတ်များဖြင့် ဖော်ပြပြီး မှတ်တမ်းတင် ထားရပါမည်။
  • သရက်သီးများစိုက်ပျိုးခဲ့သည့်နေရာကို နောက်ကြောင်းပြန် စစ်ဆေးနိုင်ရန် သရက်ပါကင်ပုံးများတွင် တိကျစွာ ဖော်ပြပေးရမည်။
  • တင်ပို့သည့်သရက်သီးတိုင်း အတွက် တင်ပို့သည့်နေ့စွဲ၊ တင်ပို့သည့်နေရာ စသည်တို့ကို မှတ်တမ်းတင်ထားရှိရမည်။
  • မည်သည့် မသန့်ရှင်းမှုဖြစ်စေသော ပစ္စည်းများပါဝင်မှုများကို စစ်ဆေးခံနိုင် ရမည်ဖြစ်ပြီး နောက်ထပ်ဖြစ်ပွားမှု မရှိစေရန် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည်။
  • ဖြစ်ပေါ်မှုနှင့်ဆောင်ရွက်မှုများကို မှတ်တမ်းတင်ရပါမည်။

သင်တန်း

သရက်စိုက်ပျိုးထုတ်လုပ်သူများနှင့် လုပ်သားများသည် ကျွမ်းကျင်ပညာရှင်များ ပူးပေါင်းဆောင်ရွက်ခြင်း၊ နည်းပညာအရ အထောက်အပံ့များရယူခြင်းဖြင့် အရည်အသွေး ကောင်းပြီး အန္တရာယ်ကင်းသော သရက်သီးများ ထုတ်လုပ်ရမည်။

ပြုပြင်ထုပ်ပိုးခြင်းနှင့် ပတ်သက်သည့် နည်းစနစ်များ၊ နည်းပညာအချက်အလက်များ ကို စိုက်ပျိုးထုတ်လုပ်သူများ စနစ်တကျ လိုက်နာ ဆောင်ရွက်ရမည်။

လူမှုစီးပွားဖွံ့ဖြိုးမှု့များ၊ သဘာအရင်းအမြစ်များကို ထိန်းသိမ်းကာကွယ် စောင့်ရှောက် မှုများအတွက် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း သင်တန်းများကို မဖြစ်မနေ     တက်​ရောက်ရမည်။

ဆောင်ရွက်ကျင့်သုံးမှု များကိုပြန်လည် သုံးသပ်ခြင်း

သရက်သီးထုတ်လုပ်သူများအနေနှင့် ကျင့်သုံးနေသည့်နည်းလမ်းများ မှန်မှန်ကန်ကန် ဆောင်ရွက်ကြောင်း သေချာစေရန် လုပ်ငန်းအားလုံးကို အနည်းဆုံး တစ်နှစ်တစ်ကြိမ် ပြန်လည် စစ်ဆေးရမည်။

တိုင်ကြားချက်များရှိပါက  မိမိကိုယ်တိုင်  ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ပြီး ဤ ဆောင်ရွက်မှု့များအတွက် မှတ်တမ်းများ ထိန်းသိမ်းထားရှိရမည်။

တစ်ကိုယ်ရည်သန့်ရှင်းခြင်းနှင့် လုပ်သားများဘဝ သာယာဝပြောရေး

  • လုပ်ငန်းခွင်ရှိ သိသာထင်ရှားသော နေရာများတွင် လုပ်သားများ အတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်သက်သည့် ညွှန်ကြားချက်များကို ရေးသားဖော်ပြထားရမည် (သို့မဟုတ်) သိရှိအောင် ဖြန့်ဝေပေးထားရမည်။
  • သရက်သီးများကို ကိုင်တွယ်မည့် အလုပ်သမားများတွင် သင့်တော်သည့် တစ်ကိုယ်ရည်သန့်ရှင်းရေး စောင့်ရှောက်မှု ဗဟုသုတများရှိရမည်။
  • သို့မဟုတ်ပါက ယင်းအတွက် သင်တန်းများပို့ချပေးရမည်။ ယင်းသင်တန်း၏ မှတ်တမ်းများကိုလည်း ထိန်းသိမ်းထားရမည်ဖြစ်သည်။
  • သန့်စင်ခန်းများနှင့် ကိုယ်လက်ဆေးကြောသန့်စင်ရမည့် နေရာများကို အလွယ်တကူသုံးစွဲနိုင်အောင် ထားပေးရမည်။ ယင်းတို့ကိုလည်း သန့်ရှင်းရေး အမြဲတမ်း ပြုလုပ်ပေးထားရမည်ဖြစ်သည်။
  • မိလ္လာရေနှင့် စွန့်ပစ်အညစ်အကြေးရေများကို အန္တရာယ်မရှိအောင် ဂရုတစိုက် စွန့်ပစ်ရမည်။
  • လုပ်သားများကျန်းမာရေးနှင့် လူမှုဘဝသာယာဝပြောရေး အလေးထား ဆောင်ရွက် ပေးရမည်။

သို့ဖြစ်ပါ၍ သရက်သီးနှံအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများသည် သီးနှံများ အရည်အသွေးစံချိန်စံညွှန်းနှင့် ကိုက်ညီစေပြီး စားသုံးသူများ အန္တရာယ်     ကင်းရှင်းစေကာ လုပ်သားများ လူမှုဘဝသာယာဝပြောလာစေရန်နှင့် ပတ်ဝန်းကျင်ထိခိုက်မှု        နည်းစေရန်တို့ အတွက် သရက်စိုက်ပျိုးထုတ်လုပ်သူများ လိုက်နာသင့်သည့် နည်းစနစ် ကောင်းများ ဖြစ်ပါသည်။ အထက်ပါနည်းစနစ်များကို သရက်စိုက်ပျိုးထုတ်လုပ်သူများ အနေနှင့် လက်ရှိစိုက်ပျိုးထုတ်လုပ်နေသည့် နည်းစနစ်များနှင့် ပေါင်းစပ် ထုတ်လုပ်နိုင်ပြီး ပြည်တွင်းစျေးကွက်သာမက နိုင်ငံတကာစျေးကွက်သို့ ပိုမိုတင်ပို့ ရောင်းချနိုင်မည်ဖြစ် ပါသည်။

မှီငြမ်းကိုးကားချက်များ

  • စိုက်ပျိုးရေးဦးစီးဌာန (၂၀၁၆)၊ သရက်စိုက်ပျိုးနည်း၊ စိုက်ပျိုးရေး၊မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ။
  • Food and Agriculture Organization of the United Nations – FAO၊ Guidelines for Good Agricultural Practices; Brazilian Agricultural Research Corporation – Embrapa

www.fao.org/prods/gap/docs/pdf/guidelines_for_good_agricultural_ practices.pdf

  • Roy Beckford၊ Pruning Mango Trees-, Ag/Natural Resources Agent, UF/IFAS Lee County;

http://lee.ifas.ufl.edu/AgNatRes/Pubs/Pruning_Mango_Trees.pdf

  • ဒေါက်တာစန်းလှထွေး၊မန္တလေးခရိုင်မြေအသုံးချရေးတာဝန်ခံ၊စိုက်ပျိုးရေးဦးစီးဌာန၊သရက်သီးနှံတွင်သဘာဝမြေသြဇာနှင့်ဓါတ်မြေသြဇာထည့်သွင်းခြင်း (Powerpoint)